ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက်၊ ၁၄ -၄-၂၀၂၂ မှာ ခြောက်ထပ် ကြီး ဘုရားကို ဖူးမြော်ခဲ့ပါတယ်။
ခြောက်ထပ်ကြီး ဘုရားရဲ့ ဘွဲ့အမည် အပြည့်အစုံက “ ခြောက်ထပ်ကြီး ရွှေသာလျောင်းဘုရား ကြီး” ဖြစ်ပါတယ်။ ခြောက်ထပ်ကြီးဘုရားဟာ ငါးထပ်ကြီးဘုရား နဲ့ ရွှေဂုံတိုင်လမ်းမကြီး ခြား ပြီး တည်ရှိပါတယ်။
ဗြိတိသ ျှ ကိုလိုနီခေတ်မှာတည်ထားခဲ့တဲ့ ငါးထပ်ကြီး၊ ခြောက်ထပ်ကြီးနဲ့ ကိုးထပ်ကြီး ဘုရား သုံးဆူ အနက် ခြောက်ထပ်ကြီးဘုရားသမိုင်းက ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးရပြီးခေတ် မြန်မာ့နိုင်ငံရေး၊စီးပွားရေး အခြေအနေတွေနဲ့ ဆက်စပ်မှုအများဆုံး လို့လည်း ပြော ရမယ်ထင်ပါတယ်။ ဒါ့ကြောင့်ဘုရားသမိုင်းကို ရှည်ရှည်ရေးပြချင်ပါတယ်။
ခြောက်ထပ်ကြီးဘုရားသမိုင်းအစက ငါးထပ်ကြီးဘုရားနဲ့ဆက်စပ်နေပါတယ်။ ငါးထပ် ကြီး ဘုရားဒါယကာ ဦးဘိုးအောင် နဲ့ ခြောက်ထပ်ကြီးဘုရားဒါယကာ ဆာဘိုးသာ ( ၁၈၅၇-၁၉ ၃၃) က မိတ်ရင်း ဆွေရင်းတွေ။ ငါးထပ်ကြီးဘုရား ဒါယကာ ဦးဘိုး အောင်က ရန်ကုန်မြို့ ကုန်ဈေးတန်း မှာနေတယ်။ ဒါပေမယ့် ၁၉ ၀၁ ခုနှစ် ငါးထပ်ကြီးဘုရား ကို စတင်တည်ထားတော့ ဘုရားကြီး အနားမှာ နေ့ည မပြတ်နေထိုင်လိုတဲ့အတွက် ဘုရားကြီးနားမှာ မြေဝယ်ပြီး နေထိုင်တယ်။
ဆာဘိုးသာက ဦးဘိုးအောင်နဲ့ မိတ်ဆွေဖြစ်သလို ငါးထပ်ကြီးကျောင်းတိုက်ဆရာတော် ဦး အာဘာသ ရဲ့ တကာရင်းလည်းဖြစ်တဲ့အတွက် ဦးဘိုးအောင် အိမ်အနားမှာ မြေဝယ်ပြီး နေ တယ်။ အခုအချိန်အထိ SSC ဆေးရုံနောက်ဘက်ထဲမှာ ဆာဘိုးသာခြံလို့ခေါ်တဲ့ ဝင်းကြီးရှိသေး တယ်။
ဆာဘိုးသာကလည်း ဦးဘိုးအောင်လိုပဲ ဘုရားကြီးတစ်ဆူတည်ထားကိုးကွယ်ချင်တဲ့အတွက် ငါးထပ်ကြီးဘုရားအရှေ့မြောက်ဘက်မှာ မြေ ၄.၂၅ ဧက ကို တစ်သောင်းလေးထောင့်နှစ်ရာ ကျပ်နဲ့ ဝယ်လိုက်တယ်။ အဲဒီအချိန်က အခုမြင်နေရတဲ့ ရွှေဂုံတိုင် လမ်းမကြီး မဖောက်ရသေး ဘူး။
ဆာဘိုးသာက သက္ကရာဇ် ၁၂၆၈ ခုနှစ် (၁၉ ၀၇ ခုနှစ် ) တပေါင်းလဆန်း ၇ ရက်မှာ ရွှေသာ လျောင်း ရုပ်ပွားတော်ကြီးတစ်ဆူ တည်ထားမယ့်အကြောင်း ဆရာ တော်များ နဲ့ မြို့မိမြိုဖ တွေကို လေ ျှာက်ထား အသိပေးခဲ့တယ်။ အဲဒီနေ့မှာပဲ အလှုရှင်တွေက အုတ်ချပ်ရေ ခြောက်သိန်း သုံးသောင်း ပါဝင်လှုဒါန်းမယ်လို့ ကတိပေးခဲ့ကြတယ်။ အဲဒီလို လေ ျှာက်ထားပြီးတဲ့နောက် နောက်ထပ်အလှုရှင်တွေကို ဖိတ်ခေါ်တဲ့ ကြော်ငြာစာကို မြန်မာ့ သံတော်ဆင့် သတင်းစာမှာ ဖော်ပြခဲ့တယ်။
တစ်ချို့မှတ်တမ်းတွေမှာ ခြောက်ထပ်ကြီးဘုရားကို ၁၂၆၁ ခုနှစ်မှာစတည်တယ်၊၁၂၆၆ ခုနှစ် မှာ ပြီးတယ်လို့ ဆိုတယ်။ ဒါပေမယ့် ၁၂၆၈ ခုနှစ်မှာ ဘုရားကြီးတည်ထားမယ့်အကြောင်း လေ ျှာက်ထားတယ်ဆိုတော့ ၁၂၆၁ ခုနှစ်မှာတည်ထားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ၁၂၆၉ ခုနှစ် မှာ စတင်တည်ထားပြီး ၁၂၇၄ ခုနှစ်(၁၉ ၁၃) မှာ ပြီးစီးတယ်ဆိုတဲ့ မှတ်တမ်းက အမှန်ဖြစ်ပါတယ်။
ခြောက်ထပ်ကြီးဘုရားကို လျောင်းတော်မူ ဘုရားအဖြစ်တည်ထားခဲ့ပေမယ့် ဘုရားတည်ဆဲ ကာ လမှာ ပန်းရန်ဆရာတွေအပြောင်းအလဲဖြစ်တယ်။ နောက်တာဝန်ယူတဲ့ ပန်းရန်ဆရာတွေက အချိုး အစားကျနပြေပြစ်အောင် မတည်နိုင်တဲ့အတွက် ရွှေသာလျောင်း ရုပ်ပွားတော်ကြီး က အဝေးက ကြည့်ရင် ထိုင်တော်မူ ကိုယ်တော်ကြီးလို့ ထင်ရပြီး မေ ျှာ်လင့်သလောက် ကြည်ညို တင့်တယ် ဖွယ်ရာမဖြစ်ခဲ့ဘူး။ မူလ ဘုရားကြီး ဉာဏ်တော်အလျား က ၂၃၅ ပေ၊၊ ဉာဏ်တော် အမြင့်က ၁၀၁ ပေ ရှိတယ်။ ( ယခင်ပုံတော်ဟောင်းဓာတ်ပုံတွေကို ဖော်ပြထားပါတယ်။ )
ဘုရားဒါယကာ ဆာဘိုးသာက ဘုရားတည်ပြီးတဲ့နောက် ၁၂၉ ၂ ခုနှစ်မှာ ဘုရားကြီး အနီးမှာ မဟာဗုဒ္ဓါရာမ ( ဘုရားကြီးတိုက်) ကို တည်ဆောက်ပြီး ဆရာတော် ဦးကောဏ္ဍည ကို လှုဒါန်း တယ်။ ဆရာတော်ရဲ့ စာဝါပို့ချသင်ကြားမှုကြောင့် ဘုရားကြီးတိုက်ဟာ ပခုက္ကူ မဟာဝိသုတာ ရာမ တိုက်ခွဲအဖြစ်နဲ့ ထင်ရှားလာခဲ့တယ်။ ဆရာတော်ကိုလည်း အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ဆက်ကပ်ခံရ တယ်။ အခုတော့ ဘုရားကြီးတိုက်ထဲမှ ကျောင်းပေါင်း ၄၈ ကျောင်းရှိနေပါပြီ။
ခြောက်ထပ်ကြီးဘုရားက တန်ဆောင်း အမိုးအကာမရှိ၊ နေပူမိုးရွာ ဟင်းလင်းပြင်မှာ သီတင်း သုံးရတဲ့အတွက် နှစ်ကြာ လာတာနဲ့ အမ ျှ ရာသီဥတုဒဏ်ကြောင့် ပျက်စီးမှုတွေရှိလာတယ်။ ပဲခူးငလျင်လှုပ်တဲ့အချိန်မှာ လည်း ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်။ ဒါ့ကြောင့် ၁၃၁၅ ခုနှစ် ( ၁၉ ၅၃ခုနှစ်) မှာ ဆရာတော် ဦးကောဏ္ဍည က သြဝါဒစရိယ ဆရာတော်ကြီးတွေကို လေ ျှာက်ထားပြီး ဘုရားကြီးကို ပြင်ဆင်ဖို့အတွက် အဖွဲ့ဖွဲ့ တယ်။ အဖွဲ့ဥက္ကဋ္ဌ အဖြစ် ဆာဦးသွင်က ဆောင်ရွက် တယ်။ သာသနာရေးဝန်ကြီး ဦးဝင်းက ဒုဥက္ကဋ္ဌ တာဝန်ယူတယ်။ သာသနာရေးနဲ့ ပြည်သူ့ အိုးအိမ် ဌာန ( အခုအခေါ် ဆောက်လုပ်ရေး) က အရာရှိတွေ၊ အင်ဂျင်နီယာချုပ်တွေ အဖွဲ့ဝင်အဖြစ် ပါတယ်။ အခု ခေတ်အခေါ်ဆိုရင်တော့ ဘက်စုံပြုပြင်မွမ်းမံရေးအဖွဲ့ပေါ့။
ဒါပေမယ့် အဲဒီအချိန်က ဆဋ္ဌသင်္ဂ ါယနာ တင်ဖို့အတွက် ကမ္ဘာအေးလှိုဏ်ဂူတော်ကြီး တည် ဆောက်နေချိန်ဖြစ်တဲ့အတွက် ခြောက်ထပ်ကြီးဘုရားပြန်လည်ပြုပြင်ရေးကိစ္စကို မလုပ်နိုင်ခဲ့ ဘူး။ ဒီလိုနဲ့ ၁၉ ၅၄ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဝင်း ဥက္ကဋ္ဌ၊ ချပ်သင်း သူဌေး ဦးဘတင် ဒုဥက္ကဋ္ဌ နှင့် ငွေထိန်း ဦးဆောင်တဲ့အဖွဲ့ကို ပြန်ဖွဲ့တယ်။
အဲဒီအဖွဲ့က ဘုရားကြီးခိုင်ခံ့မှုအခြေအနေကို အင်ဂျင်နီယာတွေနဲ့ စစ်ဆေးတယ်။ စစ်ဆေးတဲ့ အဖွဲ့က လုံးဝဖျက်ပြီး အသစ်ပြန်တည်ဆောက်ဖို့ နဲ့ ကိုယ်တော်တစ်ပိုင်း၊ ခြေတော်တစ်ပိုင်း ကို ပဲဖျက်ပြီး ပုံတော်သစ် ပြန်တည်ဖို့ ဆိုတဲ့ နည်းလမ်းနှစ်ခုကို စဉ်းစားတယ်။ စစ်ဆေးတဲ့ အဖွဲ့ဝင် သုံးဦးမှာ တစ်ဦးက အသစ်ပြန်တည်ချင်တယ်။ တစ်ဦးက တစ်ပိုင်းပဲဖျက်ပြီး ပြန်ပြင်ချင်တယ် လို့ ၁ – ၈ – ၁၉ ၅၄ ရက်စွဲပါ အစီရင်ခံစာမှာတွေ့တယ်။ တတိယတစ်ယောက်ရဲ့ သဘောထားကို တော့ အစီရင်ခံစာမှာ ဖော်ပြမထားဘူး။
ပြန်လည်ပြုပြင်ရေးအဖွဲ့က ဘုရားကြီးရဲ့ခိုင်ခံ့မှုက အခြေအနေအတော်ဆိုးနေတော့ ရေရှည်တည်တံစေဖို့အတွက် အသစ်ပြန်တည်တဲ့ နည်းလမ်းကို ကြိုက်တယ်။ ဆရာတော် ကြီးတွေကို လေ ျှာက်ထားတော့ ဆရာတော်ကြီးတွေကလည်း သဘောတူတယ်။
အဲဒီနောက် ဘုရားကြီးပြုပြင်ရေးနဲ့ပတ်သက်ပြီး ၁၉ ၅၆ ခုနှစ်ထဲမှာ အစည်းအဝေး သုံးကြိမ် လုပ်တယ်။ တစ်ကြိမ်က ဦးနု အိမ်မှာလုပ်တယ်။ အဲဒီအချိန်မှာ ဦးနုက ဝန်ကြီးချုပ်တာဝန်က နားပြီး ဖဆပလ ဥက္ကဋ္ဌ လုပ်နေတဲ့အချိန်ဖြစ်တယ်။ အဲဒီနောက်မှာ ပြုပြင်ရေးအဖွဲ့ကို ပြန်ဖွဲ့တယ်။ ဆာဦးသွင်က ဥက္ကဋ္ဌ၊ ဖဆပလ ဥက္ကဋ္ဌ ဦးနု၊ တရားရေးဝန်ကြီး ဦးသိမ်းမောင်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဗိုလ်မှူးအောင်တို့က ဒုဥက္ကဋ္ဌတွေ လုပ်တယ်။ အဖွဲ့ရဲ့အောက်မှာ ဝန်ကြီး တွေ၊ သူဋ္ဌေးတွေပါတဲ့ ဘဏ္ဍာရေးနဲ့ အလှုခံရေးအဖွဲ့၊ တည်ဆောက်ရေးအဖွဲ့ နဲ့ နိဗ္ဗာန်ဆော်အဖွဲ့ ဆိုပြီး ထပ်ဖွဲ့တယ်။ တည်ဆောက်ရေးအဖွဲ့ကို ဦးနု ကိုယ်တိုင်ခေါင်းဆောင်တယ်။
၁၉ ၅၇ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့မှာ ဘုရားကြီးကို ခြေတော်ရင်းက စဖျက်တယ်။ ရန်ကုန်မြို့နဲ့ပတ်ဝန်းကျင်မြို့ရွာတွေက စေတနာရှင်တွေလုပ်အားပေးတယ်။ ဌာပနာ တိုက် နှစ် ခုတွေ့တယ်။ လျောင်းတော်မူအသစ်တည်တဲ့အချိန်မှာ ပြန်ဌာပနာနိုင်ဖို့အတွက် မှတ်တမ်း တင် သိမ်းဆည်းတယ်။
တည်ဆောက်ရေးအဖွဲ့က ဘုရားကြီးကို ဖျက်ပြီးတဲ့နောက် သံတန်ဆောင်းကို အရင်တည် ဆောက် ပြီးမှ ရွှေသာလျောင်းရုပ်ပွားတော်ကို အမိုးအကာအောက်မှာ တည်ဆောက်ဖို့ ဆုံး ဖြတ်တယ်။ ဒ့ါကြောင့် အလျား ပေ ၂၀၀၊ အနံ ပေ ၉ ဝ၊ အမြင့် ၆၅ ပေရှိတဲ့ သံတန်ဆောင်း ဆောက်ဖို့ တင်ဒါခေါ်တယ်။ ရန်ကုန်မြို့၊၁၆ လမ်း ၊အိမ်နံပါတ် ၅၃ မှာ ရှိတဲ့ ရော့စန် ကုမ္ပဏီ က ၁၁၈,၈၇၆ ကျပ်နဲ့ တင်ဒါအောင်တယ်။
၃၀ – ၇ – ၁၉ ၅၈ ရက်နေ့မှ သံတန်ဆောင်းတော်ကြီးအတွက် အုတ်မြစ်ချ မင်္ဂလာ အခမ်း အနား ( မူလ စာပါအတိုင်း) ကျင်းပတယ်။ ဝန်ကြီးချုပ်တာဝန်ပြန်ယူထားတဲ့ ဦးနုကိုယ်တိုင်အုတ်မြစ်ချ တယ်။ ၂၃ – ၃ – ၁၉ ၅၉ ရက်နေ့မှာ တိုင်ထူ မင်္ဂလာကျင်းပတယ်။ အဲဒီအချိန်မှာ ဦးနု က ဝန်ကြီးချုပ် မဟုတ်တော့ဘူး။ ဗိုလ်ချုပ်ကြီးနေဝင်းက အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ဖြစ်နေပြီ။ ဒါပေမယ့် အဲဒီအခမ်းအနားကို ဗိုလ်ချုပ်ကြီးနေဝင်းမတက်ဘူး။ ပြည်ထဲရေးဝန်ကြီး ဦးခင်မောင် ဖြူ တက်ပြီး ဒုတိယမြောက် သံတိုင်ကို ထူပေးတယ်။
ဒါပေမယ့် ဖဆပလ အကွဲအပြဲရယ်၊ နိုင်ငံရေး အပြောင်း အလဲရယ်ကြောင့် ဘုရားကြီးပြန်လည် တည်ဆောက်ရေးက နှောင့်နှေးနေတယ်။ တစ်ချို့အဖွဲ့ဝင်တွေက အစည်းအဝေးမတက်တော့ ဘူး။ ရန်ပုံငွေ အလှုခံရတာလည်း နည်းလာတော့ ချပ်သင်းဦးဘတင်နဲ့လူထု စီးကရက် ဦးချို တို့ကပဲ လိုသမ ျှ စိုက်ထုတ်ပေးနေရတယ်။
အဲဒီအခြေအနေကို ၂၇ – ၁၁ -၁၉ ၆၁ ရန်ကုန်သတင်းစာမှာ “ တန်ဆောင်းတော်ကြီး တည် ဆောက်ပြီးမှ ဘုရားကြီးကို တည်မည် ဆိုခြင်း၊ ပထမကော်မတီ၌ ပါခဲ့သူများ နာမည်သာ ကျန်ရှိ ၍ လုပ်အားမပေးနိုင်ဟု ဆိုခြင်း၊ သုံးသိန်းကျော်ကုန်ကျနေပြီ ဆိုခြင်း” ခေါင်းစဉ်နဲ့ သတင်း ဆောင်း ပါးရှည်ကြီးရေးသားဝေဖန်ခဲ့တယ်။ အစည်းအဝေးမှန်မှန်တက်တဲ့ အဖွဲ့ဝင်အမည်စာရင်းကို လည်း ဖော်ပြခဲ့တယ်။ အဲဒီအထဲမှာ အချိန်အများဆုံးပေးပြီး အလုပ်လုပ်နေတာ ချပ်သင်း ဦးဘတင်၊ လူထု ဦးချို၊ အင်ဂျင်နီယာချုပ် ဦးကျော်စိန်နဲ့ ရထားမင်းကြီး ဦးကြည်ဝင်းတို့ ဖြစ်တယ်လို့လည်း ထောက်ပြထားတယ်။ လှုမယ်လို့ ကတိပေးထားပြီး မလှုသေးတဲ့ အလှုရှင်တွေ လှုဒါန်းဖို့ လိုပြီ လို့လည်း နှိုးဆော်တယ်။
နောက်ဆုံးတော့ သံတန်ဆောင်းတော်ကြီးကို ၃-၆-၁၉ ၆၂ ခုနှစ်မှာ သံဘောင်ဖရိန်တွေ ဆင်လို့ ပြီးတယ်။ တန်ဆောင်းတော်ကြီးမှာ သုံးထားတဲ့ သံဘောင်တွေက စကော့တလန်ကနေ တင်သွင်း ခဲ့တာ။ အခုချိန်ထိ သံဘောင်တွေရဲ့ အတွင်းမှာ Lanarkshire Steel Co.Ltd , Scotland ဆိုတဲ့ ဖောင်းကြွစာလုံးတွေ ဖတ်လို့ရသေးတယ်။
သံဘောင်တွေဆင်ပြီးပေမယ့် သွပ်မိုးဖို့အတွက် အခက်အခဲတွေ့တယ်။ အဲဒီအချိန်မှာ တော်လှန် ရေးကောင်စီက အာဏာသိမ်းလိုက်ပြီဖြစ်တဲ့အတွက် နိုင်ငံခြားငွေသုံးတာ၊ နိုင်ငံခြားက ပစ္စည်း သွင်းတာတွေကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားတယ်။ ဘုရားကြီးအမိုးအတွက် နိုင်ငံခြား ကနေ သွပ်ဝယ်ယူတင်သွင်းခွင့်လိုင်စင်လေ ျှာက်တော့ လိုင်စင်မရဘူး။ နောက်ဆုံး တော်လှန်ရေး ကောင် စီဝင် ဗိုလ်မှူးကြီးလှဟန်ရဲ့ အကူအညီနဲ့ ကုန်သွယ်ရေးက ဝယ်ခွင့်ရတယ်။ ၂၇-၅-၁၉ ၆၃ ရက်နေ့ မှ အမိုးစမိုးတယ်။ ၂၃ – ၆ – ၁၉ ၆၃ မှာ ပြီးတယ်။ ၁၉ ၅၇ ခုနှစ် ဘုရားကြီးစဖျက်ချိန်ကနေ သံတန် ဆောင်းကြီး ပြီးတဲ့ အထိ ခြောက်နှစ်ကြာတယ်။ သံတန်းဆောင်းတော်ကြီးအတွက် စုစုပေါင်း ကုန်ကျငွေက ၆၁၆,၀၅၉ ကျပ်ဖြစ်ပါတယ်။
တန်ဆောင်းတော်ကြီးပြီးတော့ ရွှေသာလျောင်းရုပ်ပွားတော်ကြီးတည်ဖို့ စီစဉ်တယ်။ မူလ ရုပ်ပွားတော်ကြီးက အနောက်မြောက်ကို ဦးခေါင်းတော်ပြုပြီး အနောက်တောင်ထောင့် ( ငါးထပ်ကြီး ဘုရားရှိတဲ့ဘက် ) ကို မျက်နှာမူထားတယ်။ အခုအသစ်ပြန်တည်တော့ ရင်ပြင် တော်အနေအထားနဲ့ ဘုရားဖူးတွေ ဝင်ထွက်လွယ်ကူစေဖို့ အတွက် ဆရာတော် ကြီးများရဲ့ ခွင့်ပြုချက်နဲ့ အရှေ့တောင်ဘက်ကို ဦးခေါင်းတော်ပြုပြီး အရှေ့မြောက်ဘက်ကို မျက်နှာမူပြီး တည် ဆောက်ဖို့ ဆုံးဖြတ်ခဲ့တယ်။
မူလက ရွှေသာလျောင်းရုပ်ပွားတော်ကြီးကို အဲဒီခေတ်က နာမည်ကြီး ပန်းရန်ဆရာ မုံရွာ ဆရာမြ နဲ့ တည်ဆောက်ဖို့ ရည်ရွယ်တယ်။ ဒါပေမယ့် ဆရာမြတောင်းခံတဲ့ လက်ခက အရမ်း များနေ တဲ့အတွက် ပြန်လည်တည်ဆောက်ရေးအဖွဲ့ ဘဏ္ဍာရေးအခြေအနေအရ မပေးနိုင်ဘူး။ ရလာတဲ့ ပန်းရန်ဆရာတွေရဲ့ လက်ရာ ကိုလည်း တည်ဆောက်ရေးအဖွဲ့က သဘောမကျ ဘူး။ ဒီလို နဲ့ နှစ်နှစ်လောက် ကြာတဲ့အထိ လုပ်ငန်းမစနိုင်ဘူး။
၁၉ ၆၅ ခုနှစ် ရောက်တော့ မူလ ပြန်လည်တည်ဆောက်ရေးအဖွဲ့ဝင် အများစုက အသက် အရွယ် ကြောင့်၊ အခြားအကြောင်းတွေကြောင့် အင်ပြည့်အားပြည့်မလုပ်နိုင်တော့ဘူး။ ဒ့ါကြောင့် သီရိ ပျံချီ ဦးမောင်မောင် ဥက္ကဋ္ဌ ၊ ဦးစောဦး ဒုဥက္ကဋ္ဌ နှင့် ငွေထိန်း၊ ဦးကျော်ဇော ဒုဥက္ကဋ္ဌ ဦးဆောင်တဲ့ အဖွဲ့ ပြန်ဖွဲ့တယ်။
အဲဒီအချိန်မှာ မုံရွာဆရာမြရဲ့ တပည့် မြိတ်မြို့က ပန်းရန်ဆရာကြီး ဦးသောင်း နဲ့ အဆက်အသွယ် ရတယ်။ ဦးသောင်းကို ရွှေသာလျောင်း ရုပ်ပွားတော် နမူနာပုံစံငယ် ထုလုပ်ခိုင်းတယ်။ လက်ရာ ကို သဘောကျ၊ တောင်းတဲ့ လက်ခကလည်း ပေးနိုင်တဲ့အနေအထားဖြစ်တဲ့အတွက် ၁၄ – ၈ – ၁၉ ၆၆ မှာ စာချုပ်ချုပ်တယ်။ ၄ – ၉ – ၁၉ ၆၆ မှာ မင်္ဂလာအခမ်းအနားကျင်းပပြီး ရွှေသာလျောင်း ဘုရားကြီးကို စတင်တည်ထားခဲ့တယ်။ ဘုရားကြီးရဲ့ ဉာဏ်တော်အလျား ၂၁၆ ပေ၊ ဉာဏ်တော် အမြင့် ၅၈ ပေ ရှိတယ်။
ရွှေသာလျောင်းဘုရားကြီး မျက်လုံးတော်ကို ဖန်သားမျက်လုံးတော်ကပ်လှုဖို့အတွက် မူလ အဆို ပြုထားတဲ့အလှုရှင်ရှိပေမယ့် တည်ဆောက်ရေးလုပ်ငန်းစတဲ့အချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် မလှုနိုင်တော့ဘူး။ ဘုရားကြီးမျက်လုံးတော်က အလျား ၅ ပေ ၈ လက်မ၊ အနံ ၁ ပေ ၉ လက်မ ရှိတဲ့အတွက် မန္တလေးက မျက်လုံးတော်ပြုလုပ်တဲ့ ပညာရှင်တွေလည်း ဒီလောက်ကြီးတာမျိုး မလုပ်နိုင်ဘူး။
နောက်ဆုံးတော့ ရန်ကုန် နဂါး ဖန်ချက်စက်ရုံပိုင်ရှင် ဦးကျင်ဝမ် ကို အကူအညီတောင်းရတယ်။ ဦးကျင်ဝမ်က မျက်လုံးတော် လုပ်ဖူးတဲ့အတွေ့အကြုံမရှိဘူး။ ဒါပေမယ့် နိုင်ငံခြားဖြစ် မှန်ချပ် တွေရရင်တော့ လုပ်လို့ရနိုင်တယ်လို့ ပြောတယ်။ အဲဒီခေတ်က နိုင်ငံခြားဖြစ်ပစ္စည်းတွေက အစိုးရ ကပဲ သွင်းတဲ့အတွက် ကုန်သွယ်ရေး ၁၅ မှာလေ ျှာက်ရတယ်။ ပထမ တစ်ကြိမ်စမ်းသပ်တဲ့ အချိန်မှာ မအောင်မြင်ပေမယ့် နောက်ပိုင်းမှာ အောင်မြင်သွားတယ်။ မျက်လုံးတော်ကို ဆေးချယ် ဖို့ အတွက် နိုင်ငံခြားက ခဏအလည်လာတဲ့ တရုတ်ပန်းချီဆရာကြီးကို အပ်တယ်။ မျက်လုံး တော် တစ်ဖက် အတွက် ဉာဏ်ပူဇော်ခ ငါးရာကျပ်ပေးရတယ်။ ( သဘာဝကျ လက်ရာမြောက်တဲ့ မျက်လုံးတော်ကို ကြည်ညိုနိုင်ဖို့အတွက် ဓာတ်ပုံဖော်ပြပေးထားပါတယ်။ )
မျက်လုံးတော်တပ်ဆင်တဲ့အခမ်းအနားကို ဘုရားကြီးစတင်တည်ထားပြီး ၇ နှစ်အကြာ ၁၆ – ၅ – ၁၉ ၇၃ ရက်နေ့မှာ ကျင်းပခဲ့တယ်။ အခမ်းအနားကို အစိုးရ မော်ကွန်းရုပ်ရှင်က ရိုက်ကူး မှတ်တမ်း တင်ခဲ့ပြီး ရုပ်ရှင်ရုံတွေမှာ ပြသခဲ့တယ်။ ဘုရားကြီးစတည်တဲ့ အချိန်ကနေ မျက်လုံးတော် တပ်ဆင် တဲ့ အထိ ကုန်ကျစရိတ်ခြောက်သိန်းကျော်ရှိတယ်။ အဲဒီအချိန်က ဂေါပ ကအဖွဲ့ တင်ပြချက်မှာ တော့ သစ်၊ သံချောင်း နဲ့ ဘိလပ်မြေဝယ်ခွင့်ရဖို့အတွက် အခက်အခဲတွေ အများကြီးရှိခဲ့တယ်လို့ ဖော်ပြထားတယ်။
မျက်လုံးတော်တပ်ဆင်ပြီးတဲ့အခါ ဘုရားကြီးကိုယ်လုံးတော်အကြမ်းထည်တည်ဆောက်ပြီး ပြီ လို့ ဆိုနိုင်တယ်။ ဒါ့ကြောင့် ၁၃၃၆ ခုနှစ် ကဆုန်လပြည့်နေ့ကနေ ကဆုန်လပြည့်ကျော် ၈ ရက် နေ့ အထိ (၅-၅-၁၉ ၇၄ မှ ၁၃-၅-၁၉ ၇၄ထိ ) ၉ ရက်တိုင်တိုင် ဗုဒ္ဓါဘိသေက မင်္ဂလာသဘင် အနေကဇာတင်ပွဲကျင်းပခဲ့တယ်။ ဘုရားကြီးစဖျက်တဲ့ ၁၉ ၅၇ ခုနှစ် ကနေ အနေကဇာတင်တဲ့ထိ ၁၇ နှစ်ကြာတယ်။
ပြီးတော့ အချောကိုင်လုပ်ငန်းတွေကို ဆက်လုပ်တယ်။ ၁၃၃၉ ခုနှစ် တန်ဆောင် မုန်းလပြည့်နေ့ ( ၂၅-၁၁-၁၉ ၇၇) မှာ နောက်ဆုံးဌာပနာပိတ်တယ်။ ၁၉ ၈၃ ခုနှစ် ဇွန်လ မှာ ပလ္လင်တော် စကျင် ကျောက်ပြားခင်း တဲ့ လုပ်ငန်းပြီးတယ်။ ဘုရားကြီးစဖျက်တဲ့ ၁၉ ၅၇ ခုနှစ် ကနေ ပလ္လင်တော် ကျောက်ပြားခင်းတဲ့လုပ်ငန်းပြီးတဲ့အထိ ၂၆ နှစ်ကြာတယ်။ ဘုရားကြီးပြန်လည် ပြုပြင် တည်ဆောက်ရေးလုပ်ငန်းဟာ ဖဆပလ အစိုးရခေတ်၊ တော်လှန်ရေးကောင်စီအစိုးရ ခေတ် နဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရခေတ် သုံးခေတ်ကို ဖြတ်သန်းခဲ့ရတယ်။
လက်ရှိအချိန်မှာ မူလ သံတန်ဆောင်းကြီးကို ထပ်မံတိုးချဲ့ထားတဲ့အတွက် ဘုရားဖူးတွေ ကျယ် ကျယ်ဝန်းဝန်း အေးအေးချမ်းချမ်း ဖူးမြော်ကြည်ညိုနိုင်တယ်။ ဘုရားဖူးတွေအနေနဲ့ ကိုယ်လုံး တော် နောက်ဘက် အခြမ်း မှာ ဗုဒ္ဓမုဒြာမျိုးစုံကို ဆင်းတုတော်အနေနဲ့ရော၊ ရှင်းလင်းချက်စာတမ်း တွေနဲ့ရော ပြထားတာကို အချိန်ပေးလေ့လာသင့်တယ်။ ဒီလိုပဲ ခြေဖဝါး တော်နှစ်ဘက်မှာ ထုလုပ်ထားတဲ့ ၁၀၈ ကွက်စက်လက္ခဏာတော်တွေ ကို ဇယားနဲ့ အသေ အချာ ရှင်းပြထားတာ ကိုလည်း လေ့လာစေချင်ပါတယ်။
ဘုရားဖူးတဲ့နေရာဘေးမှာ ပေစာကျမ်းထုပ်တွေကို ဘီဒိုကြီး ငါးလုံးနဲ့ အပြည့်ထည့်ထားတာ တွေ့ခဲ့ရတယ်။ အလှုခံဌာနက ပုဂ္ဂိုလ်တွေကို မေးကြည့်တော့ သမိုင်းကြောင်းကို ရေရေ ရာရာ မပြောနိုင်ဘူး။ သမိုင်းကြောင်းနဲ့ ကျမ်းစာရင်းကို ဖော်ပြထားရင် လေ့လာလိုသူတွေအတွက် အတော်အကျိုးရှိမယ်။ ရှားပါးကျမ်းတွေပါနေရင်လည်း ကူးလို့ရတာပေါ့။
လျောင်းတော်မူဘုရားတွေကို ဖူးမြော်တဲ့အခါ ကိုယ်လုံးတော်ပြည့်ဓာတ်ပုံရိုက်ဖို့ အတော် အခက်အခဲဖြစ်တယ်။ ခြောက်ထပ်ကြီးဘုရားမှာတော့ ကိုယ်လုံးတော်ကို ဓာတ်ပုံရိုက်နိုင် ဖို့အတွက် သံစင်နှစ်ခု လုပ်ထားပေးတဲ့အတွက် အတော်အဆင်ပြေပါတယ်။ ဂေါပကအဖွဲ့ ကို ကျေးဇူးတင်ပါတယ်။
ကျွန်တော်ဖူးခဲ့တဲ့ ငါးထပ်ကြီး၊ ခြောက်ထပ်ကြီး နဲ့ ကိုးထပ်ကြီး ဘုရားသုံးဆူ ထဲမှာ ခြောက် ထပ်ကြီး ဘုရား ဂန္ဓကုဋိတိုက်နဲ့ အာရုံခံတန်ဆောင်းတွေက စနစ်တကျ အရှိဆုံးလို့ မြင်မိ ပါတယ်။












