ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက်နေ့၊ ၁၆ -၄-၂၀၂၂ မှာ အိမ်တော်ရာ ဘုရားကို ဖူးမြော်ခဲ့ပါတယ်။
အိမ်တော်ရာဘုရားရဲ့ ဘွဲ့အမည်အပြည့်အစုံက “မဟဓမ္မရံသီ အိမ်တော်ရာစေတီ” ဖြစ်ပါတယ်။
အိမ်တော်ရာဘုရားဟာ ရွှေတိဂုံ စေတီတော်အနီး မှာ တည်ရှိပေမယ့် ၁၉ ၈၃ ခုနှစ်ကစပြီး ဘက်စုံပြုပြင်မွမ်းမံရေးတွေ အဆင့်ဆင့် မလုပ်ဆောင်မီအထိ သတိပြုမိသူအတော်နည်းမယ် ထင်ပါတယ်။ ကျွန်တော်ဆိုရင် ၁၉ ၇၄ ခုနှစ်ကနေ ၁၉ ၇၇ ခုနှစ် အထိ ဂျူဗလီဟော အနားက အရှေ့ဈေးလမ်းမှာနေခဲ့တယ်။ အိမ်တော်ရာ ဘုရား ပတ်ဝန်းကျင်မှာ ရှိတဲ့ မိုင်ဒါကွင်း၊ တပ် မ တော်ရုပ်ရှင်ရုံ၊ အမှတ် ၂ စစ်ဆေးရုံ၊ ဘဒ်လမ်း ( အခု ပဒုမ္မာလမ်း) ပတ်ဝန်းကျင်မှာ ခြေတိုအောင်လေ ျှာက် သွားနေပေမယ့် အိမ်တော်ရာဘုရားကို မရောက်ခဲ့ဘူး။ ၂၀၀၅ ခုနှစ် ရန်ကုန်ပြောင်းလာမှ အိမ်တော်ရာဘုရားကို ရောက်ဖူးတော့တယ်။
အိမ်တော်ရာဘုရားဒါယကာက ကုန်းဘောင်မင်းဆက်ရဲ့ နဝမမြောက်မင်းဖြစ်တဲ့ ပုဂံမင်း ( နန်းတက် ၁၈၄၆ – နန်းကျ၁၈၅၃) ဖြစ်ပါတယ်။ ပုဂံမင်းဟာ သူအိမ်ရှေ့မင်းသားဘဝက နေထိုင်ခဲ့ အိမ်တော်နေရာတွေမှာ အိမ်တော်ရာဘုရား ဆိုပြီး ဘုရားနှစ်ဆူတည်ခဲ့တယ်။ ပထမတစ်ဆူက မန္တလေး မှာ ဖြစ်ပြီး အိမ်ရှေ့မင်းသားဘဝက နေထိုင်ခဲ့တဲ့ စံအိမ်တော်နေရာမှာတည်ထားတာဖြစ်ပါတယ်။ မန္တလေး အိမ်တော်ရာ ဘုရား ရဲ့ ဘွဲ့တော်က “ မဟာ လောကရံသီ အိမ်တော်ရာစေတီ” ဖြစ်ပါတယ်။
မန္တလေးအိမ်တော်ရာဘုရားကို ၁၂၀၉ ခုနှစ် နတ်တော်လဆန်း ၃ ရက်နေ့ ( ၁၀-၁၁-၁၈၄၇) မှာ ပန္နက်ချတယ်။ လဆန်း ၁၁ ရက်နေ့မှာ ပုဂံမင်းကိုယ်တိုင် အုတ်မြစ်ချတယ်။ ပန်းပဲ ဝန် သတိုးမင်းကြီး မဟာမင်းလှကျော်သူ က ကြီးကြပ်ပြီး ဘုရားတည်တယ်။ ၁၂၁၀ ပြည့်နှစ် တန်ဆောင် မုန်း လပြည့်ကျော် ၆ ရက်နေ့မှာ ထီးတင်တယ်။ မန္တလေးအိမ်တော်ရာ ဘုရားက ရန်ကုန်အိမ်တော်ရာ ဘုရား ထက်ပိုပြီး လူသိများတယ်။ ဘုရားဝင်းအတွင်းမှာ ရှိတဲ့ ၁၄ ခန်းဇရပ်ကြီးဟာလည်း မြန်မာ့ နိုင်ငံရေး သမိုင်း မှာ အရေးကြီးတဲ့ အခန်းကပါခဲ့တယ်။ ဆရာ ဆူးငှက်ကတော့ သူ့ဆောင်းပါး တစ်ပုဒ်မှာ “ အိမ် တော်ရာ ၁၄ ခန်းဇရပ်ဟာ နိုင်ငံရေးအောင်မြေ” လို့ တင်စားရေးဖွဲ့ခဲ့ဖူးတယ်။
ရန်ကုန်အိမ်တော်ရာ ဘုရားကတော့ ပုဂံမင်း အိမ်ရှေ့မင်းသားဘ၀ ကနေထိုင်ခဲ့တဲ့ ယာယီ စံအိမ် တော်မှာတည်ထားခဲ့တာဖြစ်ပါတယ်။ ပုဂံမင်း အိမ်ရှေ့မင်းသားဘ၀ နဲ့ ရှိချိန် ခမည်းတော် သာယာ ဝတီမင်းက အမရပူရနေပြည်တော်ကနေ ရန်ကုန်ကို မင်းခမ်းမင်းနား နဲ့ စုံဆင်းတဲ့အချိန်မှာ အတူ လိုက်ပါခဲ့ရတယ်။ သာယာဝတီ မင်းဟာ အမရပူရနေပြည်တော်ကနေ ၁၂၀၃ ခုနှစ် တော်သလင်း လပြည့်ကျော် ၇ ရက်နေ့ ( ၆-၉ -၁၈၄၁) မှာ ထွက်တယ်။ ရေကြောင်းကနေ စုန်ဆင်းလာပြီး ရန်ကုန်ကို သီတင်းကျွတ် လပြည့်ကျော် ၃ ရက်နေ့မှာ ရောက်တယ်။ လမ်းခရီးမှာ ၂၇ ရက်ကြာတယ်။ ရန်ကုန်ဆိပ်ကမ်းရောက်တော့ ရန်ပုံ ခွင်း တံတားကနေ အသင့်ဖောက်ထားတဲ့လမ်းအတိုင်း ရွှေတိဂုံတောင်ဘက်မှာ ရှိတဲ့ ယာယီ နန်း တော်ရှိတဲ့နေရာကို ချီတက်တယ်။ အခု လမ်းမတော် လမ်းဆိုတာ သာယာဝတီမင်းချီတက်ခဲ့တဲ့လမ်းကြောင်းလို့ ဖတ်ရှုမှတ်သားရပါတယ်။
သာယာဝတီမင်းရဲ့ ယာယီနန်းတော်နေရာက အခု ဦဝိစာရလမ်းနဲ့ မော်ကွန်းတိုက်လမ်းထောင့်မှာ ရှိတဲ့ သတ္တမနေ့ အသင်းတော် ( Seventh Day Adventist church ) နေရာဖြစ်တယ်လို့ မောင်မြတ်မွန် ( ဆူးလေ) ရဲ့ “ မဟာဓမ္မရံသီ ဘွဲ့တော် ချီ၊ အိမ်တော်ရာစေတီတော်” ဆောင်းပါး ( City Magazine, Vol 249, 2017) မှာဖော်ပြထားတယ်။ သာယာဝတီမင်းက သူနဲ့ အတူပါတဲ့ မင်းညီမင်းသားတွေကို နေရာချတဲ့အခါ နန်းတော်ရဲ့ အနောက်မြောက်ဘက်မှ ပုဂံမင်းသား ကို ထားတယ်။ အဲဒီနေရာဟာ အခုလက်ရှိ အိမ်တော်ရာဘုရားနေရာဖြစ်ပါတယ်။
ပုဂံမင်းဟာ ရန်ကုန်အိမ်တော်ရာဘုရားတည်ထားရာမှာ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်း မပြုနိုင်ခဲ့ဘူး။ ရန်ကုန် မှာ ဘုရားတည်ဖို့အတွက် ပဲခူးမြို့စား ရေဝန်မင်း မဟာမင်းခေါင်ကျော်ထင်ကို ငွေ ရှစ်သောင်း ထုတ် ပေးပြီး စစ်သည် ၁၄၀၀ နဲ့ ရန်ကုန်ကို လွှတ်လိုက်တယ်။ ၁၂၁၀ ပြည့်နှစ် ( ၁၈၄၈ ခုနှစ်) ရေဝန်မင်း က အိမ်တော်နေရာမှာ ဉာဏ်တော် ၄၅ တောင်ရှိတဲ့စေတီကိုတည်တယ်။ “ မဟာ ဓမ္မရံသီ အိမ်တော်ရာစေတီ” ဘွဲ့အမည်ကို သတ်မှတ် တယ်။ ပုဂံမင်းအမိန့်နဲ့ ရန်ကုန်မြို့ဝန် ဦးမှုံ၊ အခွန်ဝန် ဦးရွန်း၊ သံတော်ဆင့်ရေဝန် ဦးတူတို့က ဘုရားမြောက်ဘက်မှာ မတ္တရာကျောင်းတိုက် လို့ အမည်တွင် တဲ့ ဘုန်းကြီးကျောင်းဆောက်လှုတယ်၊ အရှေ့ဘက် (အခု မြို့မကျောင်းလမ်းဘက်မှ အဝင်လမ်း နေရာ) မှာ အုတ်စီရေကန်ကြီးတူးတယ်။ တောင်ဘက်မှာ ဇရပ်ကြီးတစ်ခုဆောက်တယ်။ အရှေ့မြောက် ထောင့်မှာ မတ္တရာဆရာတော် သမုတ်တော်မူတဲ့ သိမ်ရှိတယ်။ ကျောင်းတိုက်၊ သိမ် နဲ့ ဇရပ် က အင်္ဂလိပ်ကိုလိုနီဘဝမှာ ပျက်စီးသွား တယ်။ ရေကန်ကြီးကတော့ ကောသွားတဲ့အတွက် နောက်ပိုင်းမှာ မြေဖို့ပြီးလမ်းဖောက်လိုက်တယ်။
အင်္ဂလိပ် ကိုလိုနီ ဘဝမှာ ရန်ကုန်အိမ်တော်ရာဘုရားနဲ့ပတ်သက်ပြီး ထူးထူးခြားခြား မှတ်တမ်း တင် တာတွေမရှိဘူး။ သာမန်ဘုရားတစ်ဆူအနေနဲ့ပဲ ရှိနေခဲ့တယ်လို့ဆိုရမှာပဲ။ လွတ်လပ်ရေးရပြီးနောက် ပိုင်း ဘုရားကြီးမွမ်းမံရေးနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် စလုပ်ခဲ့တဲ့မှတ်တမ်းကိုတော့ ၁၉ ၈၃ ခုနှစ်မှာတွေ့ရတယ်။ အဲဒီနှစ်မှာ မြို့မကျောင်းလမ်းဘက်က ရေကန်ကို မြေဖို့ပြီး လူသွားလမ်းနဲ့ တံတား ဆောက်တယ်။ စေတီတော်ငှက်ပျောဖူးကို ဉာဏ်တော်တစ်တောင်မြှင့်တယ်။ ထီးတော်ကနေ ဖောင်းရစ် ခြောက်ရစ်အထိ ရွှေသင်္ကန်းကပ်လှုတယ်။ နောက်ပိုင်း ဂေါပကအဖွဲ့အဆက်ဆက် က လည်း စေတီတော်ကြီးကို တတ်နိုင်သမ ျှ ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်။ ပြုပြင်နိုင်သလောက် ပြုပြင်ခဲ့တယ်။
၂၀၀၁ ခုနှစ်မှာတော့ စေတီတော်က သက်တမ်းနှစ်တစ်ရာ့ငါးဆယ်ကျော်လာပြီဖြစ်တဲ့အတွက် ပျက်စီးမှုတွေရှိလာသလို ဘုရားပရိဝုဏ်အတွင်းမှာလည်း အဆောက်အဦပျက်စီးမှုတွေ ၊ အမြင် မသင့်တော်တဲ့ နေထိုင်မှုတွေရှိလာတဲ့အတွက် ဆရာတော်ကြီးများရဲ့ သြဝါဒအရ ဘက်စုံပြုပြင် မွမ်းမံ ရေးလုပ်ငန်းတွေကို ၃-၉ -၂၀၀၁ ခုနှစ်မှာ စတင်ဆောင်ရွက်တယ်။ ၂၈-၅-၂၀၀၂ ခုနှစ်မှာ ပြီးစီးတယ်။ အဲဒီလုပ်ငန်းတွေမှာ အဓိက အလှုရှင်ကတော့ ဘုရားဒါယကာ ဒေါက်တာမိုးတင် နဲ့ ဘုရားဒါယိကာမ ဒေါက်တာ အိအိတင် ဖြစ် ပါတယ်။
အဲဒီဘက်စုံပြုပြင်မွမ်းမံမှုတွေရဲ့ ရလဒ်က ဒီနေ့မြင်တွေ့နေရတဲ့ အိမ်တော်ရာဘုရားအခြေအနေပဲ ဖြစ်ပါတယ်။ စေတီတော်ရင်ပြင်မှာ ဘက်စုံမပြုပြင်မီက အခြေအနေ နဲ့ ပြုပြင်ပြီး အခြေအနေ နှိုင်း ယှဉ်ထားတာကို လေ့လာလို့ရပါတယ်။
အိမ်တော်ရာ ဘုရားရဲ့ ထူးခြားချက်တစ်ခုကတော့ နေ့စဉ် မနက် ၇ နာရီဆိုရင် အာရုံခံတန်ဆောင်း လေးခုမှာ ဝေယျာဝစ္စအဖွဲ့က ဆွမ်း၊ သစ်သီး၊ ရေချမ်းကပ်တယ်။ အဲဒီအတွက် လှုဒါန်းချင်တယ် ဆိုရင် တစ်နေ့စာအတွက် ငါးထောင်ကျပ် ကျပါတယ်။ ဘုရားမှာတွေ့ခဲ့တဲ့ စာရင်းအရတော့ ဒီနှစ် မေလ ကုန် အထိ နေ့စဉ် အလှုရှင်ရှိနေပြီဖြစ်ပါတယ်။
နောက်ထူးခြားချက်တစ်ခုကတော့ အိမ်တော်ရာဘုရားမှာ ဈေးဆိုင်ခန်း၊ ဗေဒင်ဟောခန်း လုံးဝမရှိ ဘူး။ မြို့မကျောင်းလမ်းက အဝင်ကားရပ်တဲ့နေရာမှာ စပါယ်ပန်းကုံးရောင်းတဲ့သူတစ်ယောက်ရယ်၊ စာကလေးငှက်တွေ ဘေးမဲ့လွှတ်နိုင်ဖို့ ရောင်းတဲ့သူတစ်ယောက်ပဲရှိတယ်။
နောက်ဆုံးထူးခြားချက်ကတော့ ကင်မရာကြေးပဲ။ ကျွန်တော်ရောက်ခဲ့ဖူးတဲ့ ဘုရားတွေမှာ အလှူ၊ ရှင်ပြု၊ အလှဓာတ်ပုံစတာတွေရိုက်တဲ့ စီးပွားရေး ဓာတ်ပုံဆရာတွေဆီကပဲ ကင်မရာကြေးကောက် ပေမယ့် အိမ်တော်ရာဘုရားမှာတော့ ကင်မရာ အကြီး ကိုင်ထားရင် ဘုရားဖူးရင်း အပျော်တမ်း ဓာတ်ပုံရိုက်တဲ့သူတွေလည်း ကင်မရာကြေး ငါးထောင်ဆောင်ရ တယ်။ ဖုန်းနဲ့ ရိုက်ရင်တော့ ကင်မရာကြေးပေးဖို့မလိုဘူး။
ရန်ကုန်မြို့လယ်မှာပဲ အေးအေးချမ်းချမ်း ဘုရားဖူးချင်၊ ဘဝနာပွားများချင်တယ်ဆိုရင်တော့ အိမ်တော်ရာဘုရားဟာ အသင့်တော်ဆုံးနေရာပါပဲ။ အိမ်တော်ရာ ဘုရားကို သွားမယ် ဆိုရင် ဦးဝိစာရ အဝိုင်းကနေ အလုံလမ်းအတိုင်းလာ၊ ပထမဆုံးမီးပွိုင့်မှာ ဘယ်ဘက်ချိုးပြီး မြို့မကျောင်းလမ်း အတိုင်း သွားရင် ညာဘက်အခြမ်းမှာ “ မဟာဓမ္မရံသီ အိမ်တော်ရာစေတီတော်” ဆိုတဲ့ မုခ်ဦးကို တွေ့နိုင် ပါတယ်။







