လွန်ခဲ့တဲ့ လေးနှစ် ၂၀၁၈ က ရေးခဲ့တဲ့ ကဗျာ ချစ်သူ သမ္မတ နဲ့ ကဗျာဆရာအကြောင်း
—————————————————————————————
ကဗျာဆရာတွေကအခြားသူတွေထက်ခံစားချက်ပိုထူးခြားတယ်၊ စူးရှတယ်၊ အတွေးအမြင်တွေက လွတ်လပ်တယ်။ ဒီတော့ သူတို့ နေထိုင် ပြောဆိုမှုပုံစံတွေကို လူတိုင်းနားလည်ဖို့၊ လက်ခံနိုင်ဖို့ ခက်တယ်။ အာဏာရှိတဲ့လူတွေဆို ပိုဆိုး တာပေါ့။ ဒါပေမယ့် ထူးထူးခြားခြား ကဗျာဆရာကို တန် ဖိုးထားတဲ့ သမ္မတတစ်ယောက်လည်းရှိခဲ့တယ်။ သူ့ကြောင့်လည်း နိုင်ငံက ကဗျာဆရာကောင်း တစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရခဲ့တယ်။
ကဗျာဆရာရဲ့ ဘဝအစက မလှပခဲ့ဘူး။ သူ့မိဘတွေက သားနှစ်ယောက်မွေးပြီးလို့ သမီး လေး လို ချင်နေချိန်မှာ သူ့ကို မွေးတာကြောင့် မိဘမေတ္တာအပြည့်မရခဲ့ဘူး။ အကိုတွေတုန်းက မွေးပြီးတာနဲ့ နာမည်ပေးခဲ့ပေမယ့်သူကတော့ခြောက်လကြာမှအမည်ပေးကင်ပွန်းတပ်ခံရတယ်။အရွယ် ရောက် လာတော့ သူတစ်ဖက်သတ် ချစ်နေရသူက အကိုလတ်နဲ့လက်ထပ်သွားတယ်။ ရထားနဲ့ ပျားရည် ဆမ်း ခရီးထွက်သွားတဲ့ အကိုနဲ့မရီးကြောင့်ဖြစ်လာတဲ့ ခံစားချက်က အစောဆုံးရေးတဲ့ ကဗျာ တစ်ပုဒ် ဖြစ်လာခဲ့တယ်။ သူအကိုကွယ်လွန်တော့ မရီးဖြစ်သူကိုလက်ထပ်ခွင့်တောင်းခဲ့သေးတယ်။ အဲဒီမှာလည်း ငြင်းပယ်ခံခဲ့ရတယ်။ ဒီလိုနဲ့ ကဗျာဆရာဟာ တစ်သက်လုံး အထီးကျန်အဖြစ်နဲ့နေ သွားခဲ့တယ်။ မလှပတဲ့ငယ်ဘဝကြောင့်သူရဲ့ အစောပိုင်း ကဗျာ တွေဟာ ဆွေးရိပ်သန်းနေ တယ်လို့ပြောကြတယ်။
တက္ကသိုလ်ရောက်တော့ ကဗျာတွေပိုရေးဖြစ်တယ်။ ကျောင်းမဂ္ဂဇင်းမှာဖော်ပြခံရတယ်။ ဒါပေမယ့် ဒုတိယနှစ်မှာ အဖေဆုံးတယ်။ ဇာတိမြေကို သူပြန်လာတယ်။ အဖေ့လုပ်ငန်းတွေကို ဦးစီးဖို့ ကြိုးစားတယ်။ မအောင်မြင်ဘူး။ ဒီလိုနဲ့ သူ မြို့တော်ကြီးဆီကို ထွက်လာခဲ့တယ်။ မြို့တော်ကြီးက စာပေအသိုင်းအဝန်းမှာနေတယ်။ ဘူတာမှာ အချိန်မှတ်စာရေးလုပ်တယ်။ တစ်နေ့ ဆယ်နာရီ လုပ် ရတယ်။ ချို့ချို့တဲ့တဲ့နေရတယ်။ ဒါပေမယ့် သူ့အတွက် အမေဂုဏ်ယူနိုင်အောင်ဆိုပြီး ကဗျာ စာအုပ် တစ်အုပ်ကို ကိုယ်ပိုင်ငွေနဲ့ထုတ်တယ်။ ဒါပေမယ့် စာအုပ်မထွက်ခင် သူ့အမေကွယ်လွန် သွားတယ်။ သူ့ကဗျာစာအုပ်လည်းမအောင်မြင်ဘူး။ သူအရက်တွေပိုသောက်လာတယ်။ ကဗျာ ရေးတဲ့စိတ် ကတော့ လျော့မသွားဘူး။
ဒီလိုနဲ့ ဒုတိယကဗျာစာအုပ်ထုတ်တယ်။ အဲဒီကဗျာစာအုပ် ကျတော့ နည်းနည်းလူသိလာတယ်။ အဲဒီကဗျာစာအုပ်ကပဲ သူ့ဘဝကို အလှည့်အပြောင်းဖြစ်သွား ခဲ့တယ်။
သမ္မတ ကလည်း လူထူးလူဆန်း။ မိဘတွေက အောင်မြင်တဲ့ စီးပွားရေးသမားတွေ၊ ဆွေကြီး မျိုးကြီး၊ ကောင်းပေ့ဆိုတဲ့ကျောင်းမှာတက်ခဲ့တယ်။ အသက်နှစ်ဆယ် ကျော်မှာနိုင်ငံရေးလောကထဲ ဝင်ခဲ့ တယ်။ အောင်မြင်တယ်။ ဒါပေမယ့် မပြောမဆိုနဲ့ နိုင်ငံရေးလောကက ထွက်ပြီး ဆိုးပေ့ ဆို တဲ့ဒေသ မှာ လူကြမ်းကြီးတွေနဲ့ ရင်ပေါင်တန်းပြီးကြမ်းခဲ့ရမ်းခဲ့တယ်။ လက်ဝှေ့လည်းထိုး တယ်။ အမဲလည်း လိုက်တယ်။
သူ့နိုင်ငံစစ်ဖြစ်တော့ ဗော်လံတီယာတပ်ဖွဲ့တစ်ဖွဲ့ကို သူဦးစီးပြီးတိုက်ခဲ့ သေးတယ်။ နိုင်ငံရေးလောကထဲ တစ်ကျော့ ပြန်ဝင် တော့လည်း သမ္မတဖြစ်တဲ့ အထိ အောင်မြင် ခဲ့တယ်။ သူ့ခေတ် သူ့အခါက အငယ်ဆုံးသမ္မတပေါ့။ အသက်လေးဆယ်ကျော်ပဲရှိသေးတယ်။ နိုင်ငံရေးသမားဖြစ်သလိုစာပေပညာရှင်လည်းဖြစ်ပြီး ပညာရှင်တွေအသိအမှတ် ပြုရတဲ့ စာအုပ် တွေ လည်းရေးခဲ့တယ်။
စာဖတ်ဝါသနာပါတဲ့ သမ္မတက ကဗျာဆရာရဲ့ ဒုတိယမြောက်ကဗျာစာအုပ်ကို သူ့သားဆီက တဆင့် ဖတ်ရတယ်။ကဗျာတွေကိုနှစ်သက်တော့ ကဗျာဆရာအကြောင်းစုံစမ်းတယ်။ သူ့သားဆီက တဆင့် ပဲကဗျာဆရာပင်ပင်ပန်းပန်းအလုပ်လုပ်နေရတယ်၊ရုန်းကန် နေရတယ်ဆိုတာသိသွားတယ်။ ဒီလိုနဲ့ ကဗျာဆရာကိုဆက်သွယ်ပြီးသက်တောင့်သက်သာနေထိုင်လုပ်ကိုင်နိုင်တဲ့အစိုးရအလုပ်တစ်နေရာ ရှာပေးခဲ့တယ်။ ကဗျာဆရာကိုလည်း “ကဗျာသာ ရေးပါဗျာ၊ အလုပ်ကို နောက်မှစဉ်းစား” လို့ပြော ခဲ့တယ်။
ပြီးတော့ “ကဗျာဆရာတစ်ယောက်ဟာ စက်ရုံပိုင်ရှင်သူဌေး တစ်ယောက်ထက် နိုင်ငံကို အကျိုးပြု နိုင်တယ်”လို့မှတ်ချက်ပေးခဲ့တယ်။ကဗျာဆရာ ကို သမ္မတအိမ်တော်မှာ ညစာလာစားဖို့ လည်းဖိတ်ဖူးတယ်။ ကဗျာဆရာကတော့ သူ့မှာ အိမ်တော်ကို လာဖို့အဝတ်အစားကောင်းကောင်း မရှိဘူး ဆိုပြီး ငြင်းခဲ့တယ်။
ကဗျာဆရာကလည်း အစိုးရအလုပ်ကို အကြာကြီးမလုပ်ပါဘူး။ နောက်သုံးနှစ်ကြာတော့ သမ္မတ အနားယူသွားတဲ့အခါ သူလည်း အလုပ်ကထွက်လိုက်တယ်။ ဒါပေမယ့် အဲဒီအချိန်လေးက သူ့ ဘ၀ အတွက်အလှည့်အပြောင်းပဲ။ နောင်နှစ်များစွာကြာတော့ သူအောင်မြင်နေတဲ့အချိန်မှာ သမ္မတရဲ့ သားကို “မင်းအဖေကြောင့်သာမဟုတ်ရင်ငါဒီနေရာမှာ ရှိမနေဘူး၊ သူက ငါ့ကို ငရဲတွင်းက ဆွဲထုတ် ခဲ့တယ် ” လို့ပြောခဲ့တယ်။
သမ္မတက အမေရိကန်သမ္မတ သီအိုဒိုရုစဗဲ့လ် Theodore Roosevelt ( ၁၈၅၈-၁၉၁၉ ) ဖြစ်ပြီး ကဗျာဆရာကတော့ Edwin Arlington Robinson ( ၁၈၆၉ – ၁၉ ၃၅) ဖြစ်ပါတယ်။ ကဗျာဆရာက နောက်ပိုင်းမှာ ပူလစ်ဇာဆု သုံးကြိမ် ရခဲ့ပြီး စာပေဆိုင်ရာ နိုဘယ်ဆုအတွက်လေးကြိမ်အမည်စာရင်း တင်သွင်းခံ ခဲ့ရပါတယ်။
ကဗျာချစ်သူသမ္မတကအောင်မြင်တဲ့ကဗျာဆရာတစ်ယောက်ကို မွေးထုတ်ပေးခဲ့တယ်။ ကဗျာဆရာ ကို ကြောက်တဲ့ ခေါင်းဆောင်တွေကလည်း ကဗျာရေးခွင့်တွေ ပိတ်ပြီး ကဗျာဆရာတွေရဲ့ ဘဝကို သင်းသတ်ဖို့ကြိုးစားခဲ့ဖူးတယ်။ ဒါပေမယ့် ကဗျာတွေကတော့ သေမသွားခဲ့ဘူး။

A man who has never gone to school may steal from a freight car; but if he has a university education, he may steal the whole railroad.
Theodore Roosevelt
LikeLike