တောင်သမန် ကျောက်တော်ကြီးဘုရား

တောင်သမန်ကျောက်တော်ကြီးဘုရားက တောင်သမန်အင်း ဦးပိန်တံတားရဲ့ အဆုံး၊ အမရပူရ ရဲ့ တစ်ဖက်ကမ်းမှာရှိပါတယ်။ ဘုရားရဲ့ ဘွဲ့အမည်က “ မဟာသကျရံသီ ” ဖြစ်ပေမယ့်တောင်သမန် ကျောက်တော်ကြီးဘုရားလို့ပဲလူသိများပါတယ်။ ၂၀၁၅ ခုနှစ်မှာ လှူဒါန်းထားတဲ့ ဘုရား မုခ် ဦးမှာ တော့ “ မဟာသကျရံသီ ကျောက်တော်ကြီး ရုပ်ရှင်တော်မြတ်စွာဘုရား” လို့ ကမ္ဗည်းထိုး ထားပါ တယ်။

မဟာသကျရံသီကျောက်တော်ကြီးဘုရားဟာလည်းကုန်းဘောင်မင်းတွေ နေပြည်တော်ရွှေ့ ပြောင်း တဲ့နောက် လိုက်ပါစံတော်မူခဲ့ရတဲ့ ဘုရားတစ်ဆူပါပဲ။ ကျောက်တော်ကြီးဘုရားရဲ့ မူလ ဒါယကာက ဘကြီးတော်ဘုရား လို့ သိကြတဲ့ စစ်ကိုင်းမင်းဖြစ်ပါတယ်။ ပုဂံမင်း၊ မင်းတုန်းမင်းတို့ရဲ့ ဘကြီးတော် ဖြစ်တဲ့အတွက်ကြောင့် ဘကြီးတော်မင်းလို့နာမည်တွင်တာဖြစ်ပါတယ်။

ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီးမှာ ဖော်ပြချက်အရ စစ်ကိုင်းမင်း က ကျောက်တော်ကြီးဘုရားတစ်ဆူတည်ဖို့ ဆန္ဒရှိတဲ့အတွက် ကျောက်သလင်းပညာ ကျွမ်းကျင်တဲ့ ကျော်စဉ်တိုက်စာရေး ကျော်စွာ သီဟနော်ရထာကို စကျင်တောင်ကို လွှတ်ပြီး ဘုရား ဆင်းတုတော်ထုလုပ်ဖို့ သင့်တော်တဲ့ ကျောက်တော်ကြီးကို ရှာခိုင်းတယ်။ သင့်တော်တဲ့ကျောက် တော်ကို တွေ့တော့ ၁၇ မေ ၁၈၂၉ မှာ စပြီးတူးဖော်တယ်၊ ၈ သြဂုတ် ၁၈၂၉ မှာစပြီး တောင် အောက် ကို ရွှေ့တယ်။ အဲဒီလို ရွှေ့တဲ့အခါ လူခြောက်ထောင် သုံးပြီး လမ်းဖောက်တာ၊ ကျောက် တုံးကြီးကို ဆွဲချတာလုပ်ရတယ်။ တစ်နေရာမှာ ဘယ်လိုမှရွှေ့လို့မရတဲ့အတွက် နတ်တွေပင့်ပြီး ဘုရားဆင်းတုတော်ထုလုပ်မယ့် ကျောက်တော်ကြီးဖြစ်တဲ့အတွက် ကူညီရွှေ့ပေးဖို့ အမိန့်ပြန် မှ ရွှေ့လို့ရတယ်လို့ဆိုတယ်။

တောင်ခြေရင်းကနေ ဧရာဝတီမြစ်ကမ်းဘေးကို ရွှေ့တဲ့အခါ လူသုံးထောင်သုံးရတယ်။ ၁၃ ဇန်နဝါရီ ၁၈၃၀ရက်နေ့ကနေစရွှေ့တာ တစ်လကျော်ကြာပြီး ၁၄ ဖေဖော်ဝါရီ ၁၈၃၀ ရက်နေ့မှာ မြွေတောင် ရွာ၊မြောင် မြစ်ဆိပ်ကိုရောက်တယ်။ မြစ်ဆိပ်ရောက်တော့ ကရဝိတ်ဖောင်တော်နှစ်စင်းတွဲပေါ်မှာ ဘုံကိုးဆင့် ပါတဲ့ ပြသာဒ်နဲ့ တင်ပြီးသယ်ဖို့ဆောင်ရွက်တယ်။

မြွေတောင်ရွာကထွက်တဲ့ရက်စွဲကိုတော့ ရှာလို့ မတွေ့ဘူး။ စစ်ကိုင်းမင်းကတော့ ကျောက်တော် ကြီး ကို မင်းကွန်းကနေ မင်းခမ်းမင်းနားနဲ့ ကြို တယ်။ အင်းဝဆိပ်ကမ်းကို ၇ မေ ၁၈၃၀ ရက်နေ့ မှာရောက်တယ်။ တောင်ပေါ်ကနေ စရွှေ့တဲ့ ရက် ကနေ ဆိပ်ကမ်းရောက်တဲ့အထိ ကိုးလကျော် ကြာတယ်။ ဆိပ်ကမ်းကနေ ဘုရားတည်မယ့် နေရာ ကို ရွှေ့တဲ့အခါ လူရှစ်ထောင့်နှစ်ရာ့ငါးဆယ် ကျော်ပါပြီး ၂၁ မေ ၁၈၃၀ ရက်နေ့မှာ စရွှေ့တယ်။ တစ်ရက်သယ်၊ တစ်ရက်နားနဲ့ ရွှေ့လိုက်တယ် ၁၈ ရက်အကြာ ၇ ဇွန် ၁၈၃၀ မှာ တန် ဆောင်းတော်ထဲကို ရောက်တယ်။

သာယာဝတီမင်းနန်းတက်တော့ နေပြည်တော်ကို အမရပူရ ပြန်ရွှေ့တယ်။ ကျောက်တော်ကြီး ဘုရားက အင်းဝမှာကျန်ခဲ့တယ်။ မင်းနေပြည်တော်မဟုတ်တော့တဲ့အတွက် ဘုရားကို စောင့်ရှောက် မယ့်သူ ကင်းမဲ့ပြီး ချုံနွယ်ပိတ်ပေါင်းတွေနဲ့ ဖြစ်သွားတယ်။ သာယာဝတီမင်းက သူ့အကို စစ်ကိုင်း မင်းကို ပုန်ကန်နန်းချပြီး အာဏာရလာတာဆိုတော့ စစ်ကိုင်းမင်း ကောင်းမှုကို လျစ်လျူရှုထား တာ လည်းဖြစ်နိုင်ပါတယ်။ ရှေ့မင်းလုပ်ခဲ့တာ နောက်မင်းဖျက်တယ်ဆိုတာကလည်း မြန်မာ့ သမိုင်းမှာ အရင်ကလည်း ရှိခဲ့တယ်၊ အခုလည်း ရှိတယ်၊ နောင်လည်း ရှိဦးမှာပဲလို့တောင် ပြောလို့ရတယ်။

သာယာဝတီမင်းကို ဆက်ခံတဲ့ ပုဂံ မင်းလက်ထက်မှာတော့ ပျက်စီးနေတဲ့ ကျောက်တော်ကြီး ဘုရားကို အမရပူရကို ရွှေ့ဖို့ စီစဉ်တယ်။ ဘုရားတည်မယ့် နေရာကိုတော့ နန်းတော်ကနေ လှမ်း ဖူးမျှော်နိုင်တဲ့ တောင်သမန်အင်းတစ်ဖက်ကမ်းကို ရွေး တယ်။ အဲဒီနေရာက ဘိုးတော်ဘုရား လက် ထက်ကနိုင်ငံခြားသံတမန်တွေလာရင်ထားတဲ့တောင်သမန် သံတဲနေရာရဲ့ အနောက် ဘက်မှာ ဖြစ် ပါတယ်။

၂၆ ဧပြီ ၁၈၄၉နေ့မှာ ကျောက်တော်ကြီးဘုရားကိန်းဝပ်စံပယ်မယ့်ဂန္ဓကုဋီ အုတ်ပြသာဒ်ကို အုတ်မြစ် ချတယ်။ ၄ ဇွန် ၁၈၄၉ ရက်နေ့မှာ အင်းဝမြို့ကျောင်းဆောင်ကနေ ဆိပ်ကမ်းကို စရွှေ့ တယ်။ လူအင်အားသုံးထောင်သုံးပြီး သုံးရက်ကြာရွှေ့ရတယ်။ အဲဒီနောက် ဖောင်တော်ပေါ်ကို ရွှေ့ ပြောင်းတင်တာတွေ ဆောင်ရွက်ပြီး ၁၀ ဇူလိုင် ၁၈၄၉ ရက်နေ့မှာ အင်းဝကနေ တောင်သမန် အင်း လက်ရှိ ဂန္ဓကုဋိတိုက်နေရာကို ရွှေ့တယ်။

တောင်သမန်ဝန်းကျင်သမိုင်းဝင်နေရာများ ( ကိုပညာ၊ အမရပူရ) စာအုပ်မှာတော့ ဒုဋ္ဌဝတီမြစ် ကနေ တဆင့် တောင်သမန်အင်းအတွင်းကို ပို့ဆောင်ခဲ့တယ်၊ ဘုရားပင့်ဆောင်လာတဲ့ ဖောင်တော် ဝင် ရောက်တဲ့ တောင်သမန်အင်းအ၀ မြစ်ထွက်ပေါက်ကို ကျောက်တော်ကြီးပေါက်လို့ခေါ်တယ်လို့ ရေးထားပါတယ်။

ဆင်းတုတော်ကြီးကို ဂန္ဓကုဋီတိုက်ထဲကို ထည့်သွင်းပြီးတဲ့အခါ ဂန္ဓကုဋီတိုက်နဲ့ အုတ်ပြသာဒ် ကြီးကို ဆက်ပြီးတည်ဆောက်တယ်။ ၂၈ စက်တင်ဘာ ၁၈၅၀ မှာ ဌပနာသွင်း တယ်။ ၂၉ အောက် တိုဘာ ၁၈၅၀ မှာ ထီးတင်တယ်။ ကျောက်တော်ကြီးဘုရားက ပုဂံ အာနန္ဒာဘုရားလှိုဏ်ပုံကို နမူနာယူပြီးတည်ဆောက်ထားတာဖြစ်ပြီး တာဝန်ခံတည်ဆောက်သူက ပန်းပဲ အတွင်းဝန် သတိုး မင်းကြီး မင်းလှကျော်သူဖြစ်ပါတယ်။ ပန်းပဲအတွင်းဝန် မင်းလှကျော်သူက စစ်ကိုင်းမင်း၊သာယာ ဝတီမင်း၊ ပုဂံမင်းနဲ့ မင်းတုန်းမင်းလက်ထက်အထိ တာဝန်ထမ်းဆောင်ခဲ့ရတဲ့သူဖြစ်တယ်၊ ရန်ကုန် မြို့ မြို့မကျောင်းလမ်းမှာ ရှိတဲ့ ပုဂံမင်းကောင်းမှု အိမ်တော်ရာ ဘုရားကိုလည်း ကြီးကြပ်တည် ဆောက်ခဲ့သူဖြစ်တယ်လို့ ကိုပညာ(အမရပူရ) ရဲ့စာအုပ်မှာဖော်ပြထားပါတယ်။

ကျွန်တော်ကတော့ ဦးပိန်တံတားပေါ်ကနေ တောင်သမန် အရုဏ်တက်ချိန်အလှကို ဓာတ်ပုံရိုက်ပြီး တဲ့နောက် တံတားအဆုံးထိ ဆက်လေ ျှာက်ပြီး ကျောက် တော် ကြီးဘုရားကို သွားခဲ့တယ်။ ဘုရားနဲ့ တံတားက မဝေးပါဘူး။ တံတားထိပ်ကနေ ဆယ်မိနစ်လောက် လေ ျှာက်လိုက်ရင် ရောက်ပါတယ်။ တံတားထိပ်မှာတော့ စားသောက်ဆိုင်တွေရှိတယ်၊ လှေဆိပ် ရှိတယ်။

ကျောက်တော်ကြီးဘုရားမုခ်ဦးကနေ ဘုရားကို လှမ်းမြင်ရတဲ့ ရှုခင်းကတော့ အတော်လှပါတယ်။ ပုဂံမင်းလက်ထက်ကတည်ဆောက်ခဲ့တဲ့မဟာရံတံတိုင်းလည်းရှိနေသေးတဲ့အတွက် ဘုရားဝင်းပတ် လည်က မဟာရံတံတိုင်းကို လေ့လာကြည့်ရှုနိုင်အောင်လုပ်ပေးရင် ပိုကောင်းမယ်လို့ မြင်မိတယ်။ ဘုရားဝင်းအတွင်းက အပင်ကြီးတွေအောက်မှာလည်း စားသောက်ဆိုင်တွေရှိတယ်။ ကျွန်တော် ရောက်သွားတဲ့အချိန်က စောနေသေးတဲ့အတွက် ဆိုင်တွေမဖွင့်သေးဘူး။

ဘုရားဝင်းက ကျယ်ပြီး အရိပ်ကောင်းတဲ့အတွက် ဘုရားဖူးတွေနားလို့အဆင်ပြေတယ်။ အများသုံး သန့်စင်ခန်း သန်ု့သန့်လေး ရှိဖို့ပဲလိုတယ်။ အခုရှိတဲ့ အိမ်သာကတော့ လူတစ်ယောက် နှစ်ရာ ပေးရပေမယ့် ဈေးအိမ်သာ အဆင့်ပဲ။ ဒါကို မြင်တော့ မန္တလေးတောင်ခြေ ကုသိုလ်တော်ဘုရား၊ ကျောက်တော်ကြီးဘုရားတွေ ဖူးချိန်မှာ မြင်ခဲ့ရတဲ့၊ မီနီ အိုးဝေဆရာလေးက ဒါ ဆရာရဲလွင် လက်ထက်မှာ လုပ်ခဲ့တာပေါ့လို့ ဂုဏ်ယူတဲ့အသံနဲ့ပြောတဲ့ ၁၄ လမ်းနဲ့ ၆၆ လမ်းထောင့်က အများ သုံးသန့်စင်ခန်းသန့်သန့်လေးကို သတိရမိတယ်။ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေအတွက် ကြည့် ရှုစရာပေါလှတဲ့ မန္တလေးလို့နေရာမျိုးမှာ အဲဒီလို အများသုံးသန့်စင်ခန်းကောင်းကောင်း လေးတွေ များများရှိစေချင်တယ်။

ကျောက်တော်ကြီးဘုရား လှိုဏ်အဝင်မုခ်တွေမှာ နံရံဆေးရေးပန်းချီတွေရှိပြီး ရှေးဟောင်း သုတေ သနဌာနက ထိန်းသိမ်းထားတယ်လို့ သိရတယ်။ သာမန်ဘုရားဖူးတစ်ယောက်ရဲ့ အမြင်အရပြော ရရင်တော့ ပုဂံဘုရားတွေရဲ့ နံရံဆေးရေးပန်းချီတွေက ပိုပြီး အရောင်စို၊ လက်ရာမြောက်တယ်လို့ ခံစားမိတယ်။ နံရံဆေးရေးပန်းချီတစ်ခုမှာ “ကုသိုလ်တော် မန္တလေး ဘုရားစောင်းတန်း” လို့ ရေး ထိုးတာတွေ့တော့ တစ်ချို့လက်ရာတွေက မန္တလေးမြို့တည်ပြီးမှ ရေးဆွဲခဲ့တဲ့လက်ရာတွေလား လို့ တွေးမိပါတယ်။

ကျောက်တော်ကြီးဘုရား အတွင်းလှိုဏ်က ကျယ်တယ်၊ အလင်းရောင်ရတယ်၊ လေဝင်လေထွက် ကောင်းပါတယ်။ ဒါပေမယ့် တစ်ချို့နေရာတွေမှာတော့ စားပွဲ၊ ကုလားထိုင်၊ ဆက်တီတွေ စုပြုံ သိမ်း ထားတာကြောင့် အမြင်မတင့်တယ်ဘူးဖြစ်နေတယ်။

ဘုရားလှိုဏ်ထဲမှာ ရေးထိုးထားတဲ့ မှတ်တမ်းအရ တောင်သမန်ကျောက်တော်ကြီးဘုရားကို မန္တလေး ပိုက်ကျုံးရပ် စက်သူဌေး ဦးသာဌေး၊ ဒေါ်သန်း သားသမီးမြေးတစ်စုက ၁၉ ၇၆ – ၁၉ ၈၁ အထိ ငါးနှစ်ကြာပြန်လည်ပြုပြင်ခဲ့တယ်၊ မြန်မာ့ဗိသုကာဆရာကြီး ဦးမြတ်သင်းက ကြီးကြပ်ဆောင် ရွက်တယ်လို့ သိရပါတယ်။ အဓိက ပြုပြင်ခဲ့တာကတော့ ပစ္စယံအမိုးနှစ်ထပ်ရဲ့ သစ်သားတန်းတွေ နေရာမှာ သံချောင်းတွေအစားထိုးပြီး အုတ်သုံးထပ်စီအမိုးကို အင်္ဂတေ ကွန်ကရစ်အမိုးအဖြစ် ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

ဘုရားလှိုဏ်ထဲမှာ ထူးထူးခြားခြားတွေ့ရတာကတော့ အလောင်းဘုရား၊ မင်းတုန်းမင်း၊သီပေါမင်း အပါအဝင် ကုန်းဘောင်ခေတ် မင်းညီမင်းသားများရဲ့ ဓာတ်ပုံတွေကို ခင်းကျင်းပြသထား တာဖြစ်ပါတယ်။ တစ်ချို့ဓာတ်ပုံတွေကတော့ အတော်ဟောင်းနွမ်းနေတဲ့အတွက် ပြန်လည်ထိန်း သိမ်းမှုလုပ်ဖို့လိုနေပါပြီ။

ကျောက်တော်ကြီးဘုရားက နံရံဆေးရေးပန်းချီတွေကလွဲရင် ထူးထူးခြားခြားလေ့လာဖို့တော့ မရှိဘူး။ ဒါပေမယ့် ဦးပိန် တံတားရောက်တယ်ဆိုရင်တော့ ကျောက်တော်ကြီးဘုရားကို ရောက် အောင် သွား၊ ဘုရားဝင်းထဲက ဆိုင်လေးတွေမှာနား၊ ငှက်စီးပြီး ပြန်တာမျိုးလုပ်နိုင်ရင်ကောင်းတယ်။

One thought on “တောင်သမန် ကျောက်တော်ကြီးဘုရား

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: