ရန်ကုန် – ပဲခူး ကားလမ်း မှာတွေ့ခဲ့ရတဲ့ အိုး ဆိုင်။
အပေါ်ရှုး၊ အောက်ရှုး ပြောင်အိုးအရှည်တွေက ရွှေကျင် မဒေါက်ဘက်ကလာတာတဲ့။ ဂေါက်အိုး လို့ခေါ်တဲ့ ပိုက်ခေါင်းတပ်ထားတဲ့အိုးတွေကလည်း ရွှေကျင် မဒေါက်ဘက်က လာတာပဲ။ မြင်နေ ကြ ရိုးရိုးသောက်ရေအိုးတွေက ပဲခူးဒေသထွက်အိုးတွေ၊ ဆိုင်နားက ရွာမှာလည်း အိုးလုပ်တဲ့ မိသားစု လေးငါး စု ရှိတယ်လို့ သိရတယ်။ ဒီအိုးတွေမှာ သစ်သားလက်ခတ်နဲ့ရိုက်ပြီး ပုံဖော်ထားတာရှိသလို ပြောင် အိုးလည်း ရှိတယ်။ သစ်သားလက်ခတ်နဲ့ ပုံဖော်ထားတာတဲ့ ဒီဇိုင်းကို ကြည့်ပြီး အုန်းလက်ခတ်၊ ပန်းလက် ခတ်၊ ကနုတ်လက်ခတ် အိုးဆိုပြီး ခေါ်တယ်။ ပိုက်ခေါင်းမပါတဲ့ ရေအိုးကိုတော့ ခပ်သောက်အိုးတဲ့ ။ ပိုက်ခေါင်းနဲ့ ဆိုရင် ဂေါက်အိုးတဲ့။ သူ အခေါ်နဲ့ သူဟုတ်နေတာပဲ။ အရုပ်တွေကတော့ ရွှေဘိုဘက်က လာတာတဲ့။ အခုတော့ ပစ္စည်းအဝင်နည်းသတဲ့။
တစ်ချိန်ကတော့ အိမ်တိုင်းမှာ သုံးချောင်းထောက်ရေအိုးစင်လေးတစ်ခုတော့ ရှိတာပဲ။ သဲအိုးဆို ရင် အောက်မှာ ရေခံဖို့ ဇလုံလေးတစ်လုံးထားရသေးတယ်။ လမ်းထိပ်က ရေအိုးစင်ဆိုရင်လည်း သဲလေးခင်း၊ မြေအိုးလေးတင်ထား၊ တစ်ခါတစ်လေ စပါးစေ့လေးတွေကြဲထားတော့ စပါးပင် ပေါက် လေးတွေနဲ့ စိမ်းစိမ်းစိုစို။ အခုတော့ ရန်ကုန်မှာ အဲဒီရှုခင်းမျိုးအတော်ရှားသွားပြီ။
ရေသန့်ဘူးခေတ်မှာ သောက်ရေအိုးတွေဟာ မြို့ပြကနေ တစ်ဖြေးဖြေး ဆုတ်ခွာနေရတော့ နောင် မှာ ဒီလို အိုးဆိုင်လေးတွေတောင် မြင်ရဖို့မလွယ်တော့ဘူး။ ဆိုင်ရှင်အမျိုးသမီးကြီးကတော့ တစ် သက်လုံးဒါပဲလုပ်လာတာဆိုတော့ ရောင်းလို့ရသရွေ့ ရောင်းနေဦးမှာပဲတဲ့။ အခုအချိန်ထိကတော့ ရုံးပိတ်ရက်တွေဆိုရင် ရောင်းရတယ်။ကျန်တဲ့ရက်တွေကတော့ ဈေးဦးမပေါက်တဲ့နေ့တောင် ရှိ သတဲ့။
ဆိုင်ရှင်စကားကို နားထောင်ရင်း ဘာမှ မဝယ်ဘဲ ဓာတ်ပုံပဲရိုက်နေရတာ မျက်နှာပူလာတယ်။ တစ်ခု ခုတော့ ဝယ်ဦးမှ ဆိုပြီး စဉ်းစားတော့ ခပ်သောက်အိုးဖြစ်ဖြစ် ဂေါက်အိုးဖြစ်ဖြစ် ဝယ်ထား ပြီးရင် ရေသန့်ဘူးကြီးထဲက ရေကို အိုးထဲ ပြန်ထည့်ရတဲ့ အလုပ်၊ သောက်ရေအိုးကို အခါအား လျော်စွာ ဆေးကြောရတဲ့အလုပ်တွေကို တွေးမိပြီး မဝယ်နိုင်ပြန်ဘူး။ ဒီလိုနဲ့ နောက်ဆုံးမှာ ပစ်တိုင်း ထောင် အရုပ် တစ်ရုပ်ဝယ်ပြီး ထွက်လာခဲ့ရတယ်။



