သာမိုင်းခမ်း ရွာကို အောင်ပန်း – တောင်ကြီးကားလမ်းအတိုင်းသွားရပါတယ်။ အောင်ပန်း မြို့ အထွက် ငါးမိနစ်လောက်သွားလိုက်ရင် ကျောက်ငနွားတောင် မရောက်ခင် မိုင်တိုင် ၈၃ / ၃ နဲ့တည့်တည့် ဘယ်ဘက်မှာ ရှိတဲ့ လမ်း အတိုင်းဝင်သွားရပါတယ်။ သာမိုင်းခမ်း ရွာသွားတဲ့ လမ်း ဘယ်ညာ တောင်ကုန်းအနိမ့်အမြင့်တွေမှာ စိုက်ခင်းတွေရှိတယ်။ အခု အချိန်က စိုက်ပျိုးရာသီ မဟုတ်တဲ့အတွက် ခြောက်သွေ့နေပေမယ့် စိုက်ပျိုးရာသီဆိုရင်တော့ အတော်လှပမယ့် ရှုခင်းပါ ပဲ။
သာမိုင်းခမ်းရွာက တောင်ကုန်းပေါ်မှာရှိတယ်။ ရွာအဝင်မှာ ပင်းဒယမှာလိုပဲ ညောင်ပင် ကြီးတွေ ရှိတယ်။ ညောင်ပင်ကြီးတွေအောက်မှာစေတီတစ်ဆူရှိတယ်။ ရွာအဝင်မှာ လမ်းဆုံတစ်ခုရှိတယ်။ ညာဘက်ကိုသွားရင်ကုန်းသာရွာ၊တည့်တည့်ဆက်သွားရင် သာမိုင်းခမ်း မွေတော်တောင် ကိုရောက် တယ်။လမ်းဘယ်ဘက်အခြမ်းကသာမိုင်းခမ်းရွာမ ဖြစ် ပါတယ်။ သာမိုင်းခမ်းရွာက လမ်းအမည်တွေ က တစ်ချိန်က တောက်ပခဲ့တဲ့ သာမိုင်းခမ်း ရာဇဝင် ကို ထင်ဟပ်နေတယ်။ “မင်းလမ်းမ”၊ “ဟော်ကုန်းလမ်း” ၊ “ မြင်းပြိုင်လမ်း”၊ “ စဝ်ထွန်းအေးလမ်း” တဲ့။
ရွာအဝင်လမ်းဆုံက စတိုးဆိုင်လေးမှာ ကျွန်တော်တို့ တွေ့ချင်တဲ့အဖွားဒေါ်အေးတီ အိမ်ကို မေး တော့ မြင်းပြိုင်လမ်းအတိုင်းသွား၊ ညာဘက်မှာ မင်းလမ်းမ တွေ့တဲ့အခါ မင်းလမ်းမ အတိုင်း အပေါ် တက်သွား၊ ကုန်းထိပ်နားက ညာဘက်မှာ အဖွားအိမ်ရှိတယ် လို့ လမ်းညွှန်တယ်။ သူပြောတဲ့ အတိုင်း သွားလိုက်တဲ့အခါ အဖွားဒေါ်အေးတီအိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားပါတယ်။
အဖွားဒေါ်အေးတီက အသက် ၇၁ နှစ်ရှိပြီ။ အဖွားရဲ့ အဖိုးဖြစ်သူက သာမိုင်းခမ်းစော်ဘွား မင်း မောင်ဖိုးဆီမှာ မင်းလုလင် ( အဖွားအသံထွက်အတိုင်းဆိုရင် မင်းဒလင် ) လုပ်ရတယ်။ စော်ဘွား ဟော်နန်းကို အောင်ပန်းမြို့ကို ပြောင်းရွှေ့သွားတဲ့အချိန်မှာလည်း ဒေါ်အေးတီ ရဲ့ အဖိုး၊ အဖေ တို့ က ဟော်နေရာဟောင်းနဲ့ စော်ဘွားပိုင်ဥယျာဉ်မြေတွေကို ဆက်ပြီးစောင့်ရှောက်ပေးခဲ့တယ်။ နောင်မှာတော့ စော်ဘွားမင်းမောင်ဖိုးရဲ့ သားဖြစ်သူ သခင် စောခမ်းက ဟော်နေရာနဲ့ မြောက် ဘက် ဥယျာဉ်ကို ဒေါ်အေးတီမိဘတွေကို တရားဝင်လွှဲပေးခဲ့တယ်လို့ ဆိုတယ်။
ဒေါ်အေးတီဟာ စော်ဘွား စဝ်ထွန်းအေးလက်ထက်မှာ မွေးခဲ့တာဖြစ်ပေမယ့် အဲဒီအချိန်က ကလေး အရွယ်ဆိုတော့ အခုသူပြောပြတာတွေက စော်ဘွား မင်းမောင်ဖိုး၊ စော်ဘွား စဝ် ထွန်းအေး တို့ အကြောင်း အဖိုး၊အဖွား၊ အဖေ၊ အမေ တွေဆီက အိပ်ယာဝင်ပုံပြင်လို ကြားခဲ့ရတွေဖြစ်ပါတယ်။ ပါးစပ်ရာဇဝင်ပေါ့။ဒါ့ကြောင့်ဒေါ်အေးတီဆီက ကြားခဲ့ရတာရယ်၊စာအုပ်စာတမ်းတွေမှာပါတဲ့ အချက် တွေရယ်၊ ပေါင်းစပ် ပြီး သာမိုင်းခမ်း သမိုင်းကို ခြေရာကောက်ခဲ့ရပါတယ်။
သာမိုင်းခမ်းနယ်ကို အုပ်ချုပ်ခဲ့တဲ့ ငွေခွန်မှူးအဆက်ဆက်နဲ့ ပတ်သက်ပြီး ဘားမားဂေဇက် အထက် မြန်မာပြည်နှင့် ရှမ်းပြည်နယ် အပိုင်း နှစ်၊ အတွဲ တစ် မှာ မြန်မာမင်းလက်ထက် မှတ်တမ်းများ အရ မောင်လှငြိမ်း ( ၁၇၂၄ ခုနှစ် ) ၊ မောင်ဖြူ (၁၇၅၉ ခုနှစ်) ၊ မောင်ရွှေပုံ (၁၈၀၇) လို့ဖော်ပြထားတယ်။ မောင် ရွှေပုံလက်ထက်နောက်ပိုင်းမှာတော့ သာမိုင်းခမ်း နယ်မြေမှာ အာဏာလုပွဲတွေဖြစ်ခဲ့ပုံ ရ တယ်။ ဘားမားဂေဇက် မှတ်တမ်းမှာ ၁၈၂၅ ခုနှစ်မှာ မောင်ရွှေအေး ငွေခွန်မှူးဖြစ်လာတယ်။ ဒါပေမယ့် ဘုရင့်နေပြည်တော်က မကြိုက်လို့ ၁၈၃၄ ခုနှစ်မှာ မောင်ရွှေအေး ကို ဖယ်ရှားပြီး မောင်မဲ နဲ့ အစား ထိုးတယ်။ ဒါပေမဲ့ မောင်ရွှေအေးက ရာထူးဖယ်ရှားမှုကိုလက်မခံဘဲ ညီဖြစ်သူ မောင် ရွှေ တုန်း အကူအညီနဲ့ မောင်မဲကို တိုက်ခိုက်ပြီး ရာထူးက ဖယ်ရှားလိုက်တယ်။ အဲဒီအချိန်မှာ ဘုရင့်နေပြည်တော်ကလည်း ကရင်နီ နယ် ( ယခု ကယားပြည်နယ်) နဲ့ မြေလတ်နယ်စပ်မှာ ဖြစ် နေတဲ့ ဆူပူမှုတွေကို ဦးစားပေးကိုင်တွယ်နေရတော့ သာမိုင်းခမ်းကိစ္စကို ဘာမှ မလုပ်နိုင်ဘူး။
သာမိုင်းခမ်းနယ်အတွင်းမှာ အဲဒီလို အာဏာလုမှုတွေကြောင့် အင်အားနည်းနေချိန်မှာ သီကျစ် ( တီကျစ်) မြို့ စား မောင်တိုက် က မြင်းမထိ၊ လမိုင်း၊ အင်းဝန်း၊ ပန်းလုံး၊ သီတောက်၊ အောင်ပန်း နဲ့ နန်းတိန်း ရွာ တွေကို ဝင်သိမ်းလိုက်တယ်။ ၁၈၄၇ ခုနှစ်ရောက်တော့ ကရင်နီနယ်စပ်အရေးအခင်း လည်း ပြီးသွားတဲ့အတွက် ဘုရင့်နေပြည်တော်က သာမိုင်းခမ်း ငွေခွန်မှူး မောင်ရွှေအေးကို ရာထူး က ဖယ်ရှား ပြီး မောင်မဲကို ပြန်တာဝန်ပေးတယ်။ သီကျစ်မြို့စားသိမ်းထားတဲ့ နယ်မြေတွေကိုလည်း သာမိုင်းခန်း ကို ပြန်ပေးခိုင်းလိုက်တယ်။
၆ နိုဝင်ဘာ ၁၈၄၈ ရက်နေ့ ( ပုဂံမင်းလက်ထက် ) မှာ ငွေခွန်မှူး မောင်မဲ ကွယ်လွန်ပြီး သား ဖြစ်သူ မောင်ရွှေမင်းက ငွေခွန်မှူးဖြစ်လာတယ်။ ဘားမားဂေဇက်ကတော့ မောင်ရွှေမင်းလက်ထက် ရောက် မှာ “ ငွေခွန်မှူး” ဆိုတဲ့အခေါ်အဝေါ်ကို တရားဝင်သုံးစွဲတယ်လို့ရေးထားတယ်။ မောင်ရွှေမင်း လက် ထက်မှာလည်း သာမိုင်းခမ်းဟာ ဘုရင့် နန်းတွင်း အရှုပ်တော်ပုံရဲ့ ဓားစာခံဖြစ်ခဲ့ရတယ်။
ပုဂံမင်းကို ဆက်ခံတဲ့ မင်းတုန်းမင်းလက်ထက်မှာ မြေလတ်ဇာတိ ဖိုးသူတော် ဦးမြေစု ဆိုတာ ပေါ် လာတယ်။ ဦးမြေစုက စာတတ်ပေတတ်ပုဂ္ဂိုလ်၊ ဘာသာရေးနဲ့ပတ်သက်လို့လည်း နှံ့စပ်တယ်။ မင်းတုန်းမင်းကလည်း အဲဒီလို ပုဂ္ဂိုလ်မျိုးတွေကို ရှာဖွေချီးမြှင့်မြှောက်စားတတ်တာဆိုတော့ ဦးမြေစု ကို နန်းတွင်းကို ခေါ်ထားလိုက်တယ်။ ဒီလိုနဲ့ ဦးမြေစုက ဘုရင့်နားပေါက်ပြီး မြေလတ်ဒေသက ငွေ ခွန်မှူးတွေ၊ ကျေးရွာအကြီးအကဲတွေ ရာထူးခန့်ထားရေး၊ အပြောင်းအရွှေ့တွေမှာ ဝင်ပါလာတယ်။ သူနဲ့ မတည့်တဲ့ ငွေခွန်မှူးတွေ ရာထူးက ဖယ်ရှားခံရအောင်လုပ်တယ်။ သူ့လူတွေနဲ့ အစားထိုး တယ်။ ပင်းတယ၊ ပွေးလှ၊ မြင်းမထိ၊ တောင်လား၊ နဘန်းကြီး နယ်မြေအကြီးအကဲနေရာတွေမှာ ဦးမြေစု ရဲ့ ဆွေမျိုးနီးစပ်သူတွေအစားထိုးဝင်လာတယ်။
သာမိုင်းခမ်းငွေခွန်မှူး မောင်ရွှေမင်းဟာလည်း ဦးမြေစု ရဲ့လက်ချက်မိပြီး ၁၈၆၇ ခုနှစ်မှာ ရာထူးက ဖယ်ရှားခံရတယ်။ ဒီတစ်ခါတော့ ဘုရင်က မောင်ရွှေအေး ကိစ္စလို ထပ်မဖြစ်ဖို့အတွက် မောင်ရွှေမင်းကို ကလေး သောင်သွပ် ကို နယ်နှင်ပြီး သာမိုင်းခမ်းငွေခွန်မှူးအဖြစ် မောင်လင်း ကို ခန့်တယ်။ ဒါပေမဲ့ မောင်လင်းက သာမိုင်းခမ်းသား မဟုတ်သလို မြေလတ်သားလည်း မဟုတ် ဘူး။ ဦးမြေစု တပည့်ဖြစ်လို့ ငွေခွန်မှူးဖြစ်လာတာ။ ဒီတော့ အုပ်ချုပ်ရေး ၊ အခွန်ကောက်ခံရေး ကိစ္စတွေ အဆင်မပြေဘူး။ ဒါ့ကြောင့် ကျောက်ထပ်ဇာတိ ကုန်သည် မောင်သာဦးကို ငွေခွန်မှူး ခန့် တယ်။ မောင်သာဦးကလည်း ပင်းတယမှာပဲ အနေများတော့ အလုပ်မဖြစ်ဘူး။
ဒီတော့ မောင်လင်းရဲ့ သား မောင်ကြည်ကို ငွေခွန်မှူးခန့်တယ်။ မောင်ကြည်က အသက်ငယ်သေး တော့ မောင်လင်းရဲ့ ယောက်ဖ မောင်ရွှေနီက ရင်ခွင်ပိုက်အုပ်ချုပ်သူဖြစ်လာတယ်။ ဒါတွေ အားလုံး က ဦးမြေစုရဲ့ အကွက်တွေပဲ။ ဒါပေမဲ့ ဒေသခံတွေက ဦးမြေစု ခန့်တဲ့လူတွေကို ဘယ်လိုမှ လက်မခံ တဲ့အတွက် ၁၈၇၆ ခုနှစ်မှာ အဝေးကို နှင်ထားတဲ့ မောင်ရွှေမင်းကို ပြန်ခေါ်ပြီး သာမိုင်းခမ်း ငွေခွန် မှူး အဖြစ် တာဝန်ပြန်ပေးရတယ်။
အဲဒီအချိန်က မန္တလေးနန်းတွင်းအရေးတွေ ရှုပ်ထွေးနေတဲ့အချိန်ဖြစ်ပြီး ၁၈၇၈ ခုနှစ်မှာမင်းတုန်းမင်း နတ်ရွာစံပြီး သီပေါမင်းနန်းတက်တယ်။ ၁၈၈၀ ပြည့်နှစ်မှာ သီကျစ်မြို့စားက သီပေါ မင်း ရဲ့ အမိန့် အရ အရင်တစ်ခါ ဝင်သိမ်းခဲ့ဖူးတဲ့ မြင်းမထိ၊ လမိုင်း၊ အင်းဝန်း၊ ပန်းလုံး၊ သီတောက်၊ အောင်ပန်း၊ နန်းတိန်း နဲ့ လွယ်မယ် ရွာတွေကို တရားဝင်သိမ်းယူ၊ ဦးမြေစုရဲ့ တူတော်သူ မောင်ရွဲကို မြင်းမထိ ငွေခွန်မှူးအဖြစ်ခန့်ပြီး အဲဒီရွာတွေကို အုပ်ချုပ်ခိုင်းတယ်။ ဦးမြေစုက သီပေါဘုရင်လက်ထက်အထိ လက်စောင်းထက်ခဲ့ပုံပဲ။
ဒါပေမဲ့ သီပေါမင်းနောက်ဆုံးနှစ်တွေမှာ ဘုရင်အုပ်ချုပ်မှုညံ့ဖျင်းတော့ ရှမ်းပြည်နဲ့ မြေလတ်ဒေသ အပေါ် အာဏာသက်ရောက်မှုနည်းလာတယ်။ မိုးနဲ စော်ဘွား၊ ကျိုင်းတုံစော်ဘွားများရဲ့ တော်လှန် မှုတွေနဲ့ ရင်ဆိုင်ရတယ်။ အဲဒီလို အချိန်မှာ သာမိုင်းခမ်းငွေခွန်မှူး မောင်ရွှေမင်းက သီကျစ်မြို့စား သိမ်းယူသွားတဲ့ ရွာတွေကို ပြန်တိုက်ယူတယ်။ ဒါ့အပြင် တောင်လား နယ်မြေကို လည်း တိုက်ခိုက် သိမ်းသွင်းခဲ့တယ်။ တောင်လားနယ်က သီးခြားလွတ်လပ်တဲ့နယ်ဖြစ်တဲ့အတွက်နယ်မြေကို ပြန် ပေးဖို့နဲ့ သာမိုင်းခမ်းငွေခွန်မှူး မောင်ရွှေမင်းကို အပြစ်ပေးဖို့ဆိုပြီး မန္တလေးနေပြည်တော်မှာ ရှိတဲ့ လွှတ်တော်က အမိန့်ထုတ်တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ သီပေါမင်းရဲ့ အာဏာက လျော့ပါးနေပြီ ဖြစ် တဲ့အတွက် သာမိုင်းခမ်းက အဲဒီ အမိန့်ကို မလိုက်နာတော့ဘူး။
သာမိုင်းခမ်းက တောင်လားကို သိမ်းပိုက်ပြီးတဲ့နောက် မကွေ နဲ့ လွယ်အန်နယ်တွေကိုလည်း သိမ်း သွင်းခဲ့တယ်။ အဲဒီသိမ်းသွင်းမှုနဲ့ပတ်သက်ပြီး နှစ်မျိုးတွေ့တယ်။ ဘားမားဂေဇက် မှာတော့ ငွေခွန် မှူးမောင်ရွှေမင်း လက်ထက် ၁၈၈၅ ခုနှစ်မှာ သိမ်းသွင်းတယ်လို့ ဖော်ပြထားပြီး ဆရာဦးမြင့်သန်း ရဲ့ အောင်ပန်းမြို့သမိုင်း စာအုပ်မှာတော့ မောင်ရွှေမင်းရဲ့ သား မင်းမောင်ဖိုး လက်ထက်မှာ သိမ်းတယ် လို့ ဖော်ပြထားတယ်။ ဘားမားဂေဇက်မှတ်တမ်းအရ မောင်ရွှေမင်းက ၁၈၈၆ မှာ ကွယ်လွန်ပြီး မင်း မောင်ဖိုးကဆက်ခံတယ်လို့သိရတယ်။၁၈၈၇ခုနှစ် အင်္ဂလိပ်ရှမ်းပြည် တောင်ပိုင်းရောက်ချိန်မှာ အဲဒီ နယ်တွေက သာမိုင်းခမ်းလက်အောက်ရောက်နေပြီဖြစ်တဲ့အတွက် ဖခင် ဖြစ်သူ မောင် ရွှေမင်း လက်ထက်မှာပဲ ဒီနယ်မြေနှစ်ခုကို သိမ်းသွင်းခဲ့တာဖြစ်ဖို့များပါတယ်။
ဘယ်သူပဲ သိမ်းသိမ်း လွယ်အန်နယ်က ကလောမြို့အပါအဝင် နယ်မြေ ဖြစ်ပြီး မကွေ ဆိုတာက အခု သာစည် -တောင်ကြီးကားလမ်းပေါ်မှာ ရှိပြီး မြန်မာ ဘုရင်ခေတ်ထဲက ရွှေထွက်တဲ့နေရာ ဖြစ်လို့ ဘုရင့်ကို နှစ်စဉ် ရွှေခွန်တော်ဆက်ရတဲ့နေရာ ဖြစ် ပါတယ်။ သာမိုင်းခမ်းက လွယ်အန်နဲ့ မကွေကို သိမ်းသွင်းနိုင်တဲ့အတွက် ဘဏ္ဍာရေး အခြေ အနေ ပိုတောင့်တင်းသွားတဲ့ အပြင် ပြည်မက လှိုင်းတက်၊ ရမည်းသင်းနယ်များနဲ့လည်း နယ်နမိတ် ဆက်စပ်သွားပြီဖြစ်ပါတယ်။
ရှမ်းပြည်နယ်အုပ်ချုပ်ရေးကို ထူထောင်လိုက်တဲ့ အင်္ဂလိပ်အစိုးရကလည်း သာမိုင်းခမ်း ငွေခွန်မှူး မင်းမောင်ဖိုး ရဲ့ အုပ်ချုပ်မှုကို အသိအမှတ်ပြုလိုက်တဲ့အတွက် သာမိုင်းခမ်းငွေခွန်မှူး အဆက်ဆက် မှာ မင်းမောင်ဖိုးက နယ်မြေအကျယ်ဆုံးကို နှစ်အကြာဆုံးအုပ်ချုပ်ရတဲ့ ငွေခွန်မှူး၊ ဖြစ်လာပါတယ်။ ဒါ့ကြောင့်လည်း အဖွားဒေါ်အေးတီတို့က မင်းမောင်ဖိုး ကို စော် ဘွားကြီး ဒါမှမဟုတ် စော်ဘွားအို လို့ ပြောတယ်။ စဝ်ထွန်းအေးကိုတော့ စော်ဘွားငယ် တဲ့။
အဖွားဒေါ်အေးတီက သာမိုင်းခမ်းမြို့ ခမ်းနား စည်ကားခဲ့ချိန်က အကြောင်းတွေကို အခုလို ပြောပြ ပါတယ်။
ဆက်လက်ဖော်ပြပါ့မယ်။

အောင်ပန်း (သို့မဟုတ်) မြို့သစ်တစ်မြို့ မွေးဖွားခြင်း ( ဆရာ ဦးမြင့်သန်း ) စာအုပ်မှ

ဦကျောက်လုံး ( လမိုင်းရွာ) ပိုင် ဓာတ်ပုံ