ထိုင်းရွေးကောက်ပွဲ ၂၀၂၃ (၁)

ပြီးခဲ့တဲ့မေလ ၁၄ ရက် ထိုင်းရွေးကောက်ပွဲမှာ ဘုရင်နဲ့ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ဝန်ကြီးချုပ် ပရာယွတ်ရဲ့ ပါတီ အမတ် နေရာ ရရှိမှု အဆင့်ငါးနေရာကို ရောက်သွားပြီး ထိုင်းနိုင်ငံရေး လောကမှာ လူငယ်တွေ ဦးဆောင်တဲ့ Move Forward party ပါတီက ထိပ်ဆုံးနဲ့ ဝန်ကြီးချုပ် ဟောင်းသက်ဆင်ရဲ့ သမီးဦးဆောင်တဲ့ ဖွေ့ထိုင်း( Pheu Thai )ပါတီက ဒုတိယအမတ်နေရာ အများဆုံးပါတီဖြစ်လာတယ်။ ပြီးတော့ ဒီပါတီတွေက နိုင်ငံရေးမှာထိုင်းစစ်တပ် ပါဝင်နေတဲ့ အနေ အထားကို ပြုပြင်ပြောင်းလဲမယ်ဆိုပြီး ကြွေးကြော်ထားတဲ့ပါတီတွေလည်း ဖြစ်နေတဲ့အတွက် ဒီရွေးကောက်ပွဲရလဒ်အပေါ် စစ်တပ်က ဘယ်လို တုန့်ပြန်မလဲဆိုတာကို ထိုင်းပြည်သူတွေရော၊ နိုင်ငံတကာကပါ စိတ်ဝင်စားနေကြတယ်။

ဒါပေမဲ့အခုရွေးကောက်ပွဲအကြောင်းကို မပြောခင် လက်ရှိ ထိုင်းအခြေခံဥပဒေပေါ်ပေါက်လာပုံနဲ့ ဝန်ကြီးချုပ်ပရာယွတ်အာဏာရလာပုံအကြောင်းသိထားရင်ပိုကောင်းပါတယ်။ပရာယွတ် အကြောင်း ပြောရင် သက်ဆင်အကြောင်းလည်းပါလာ မှာပဲ။ဘာ့ကြောင့်လဲဆိုတော့ဒီနေ့ပေါ်ပေါက် နေတဲ့ နိုင်ငံရေး အခင်း အကျင်း တွေဟာလည်း သက်ဆင်နဲ့ ထိုင်းတပ်မတော်ခေါင်း ဆောင် တွေ ကြား နိုင်ငံ ရေး အားပြိုင်မှုရဲ့ အကျိုးဆက်တွေဖြစ်နေလို့ပါ။

စီးပွားရေးလုပ်ငန်းရှင် သက်ဆင်ဟာ ထိုင်းနိုင်ငံရေးလောကထဲကို ၁၉ ၉ ၄ ခုနှစ်မှာ ဝင်ရောက်ခဲ့ တယ်။အဲဒီအချိန်ကသူ့မှာကိုယ်ပိုင်ပါတီမရှိတဲ့အတွက် ဘန်ကောက်မြို့တော်ဝန်ဟောင်းနဲ့ ၁၉၉၂ ခုနှစ် ထိုင်းစစ်တပ်အာဏာသိမ်းမှုကိုဦးဆောင်ဆန့်ကျင်ခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း Chamlong Srimuang ရဲ့ Palang Dharma Party (PDP) ပါတီမှာ ပါဝင်ခဲ့တယ်။ Chamlong နိုင်ငံရေး က အနားယူတော့ သက်ဆင်က PDP ပါတီခေါင်းဆောင်ဖြစ်လာပြီး PDP ပါတီ ပါဝင်တဲ့ ညွန့်ပေါင်း အစိုးရအဖွဲ့နှစ်ခုမှာ ဒုဝန်ကြီးချုပ်တာဝန်ယူခဲ့ရဖူးတယ်။

နောက်တော့ ၁၉ ၉ ၈ ခုနှစ်မှာ PDP ပါတီက ထွက်၊ ထိုင်းရတ်သ်ထိုင်း Thai Rak Thai (TRT) ပါတီ ကို တည် ထောင်ပြီး ၂၀၀၁ ရွေးကောက်ပွဲမှာ ဝင်ပြိုင်တယ်။ ဒီရွေးကောက်ပွဲက ၁၉ ၉ ၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အောက်မှာ ပထမဆုံးကျင်းပတဲ့ရွေးကောက်ပွဲဖြစ်ပါတယ်။ ၁၉ ၉ ၇ အခြေခံဥပဒေအရ အောက်လွှတ်တော်မှာ အမတ် ၅၀၀ ရှိပြီး ၄၀၀ ကို နိုင်သူအားလုံးယူ စနစ်နဲ့ တိုက် ရိုက်ရွေးတယ်။ ကျန်တဲ့ ၁၀၀ ကို အချိုးကျပီအာရ်စနစ်အရ ပါတီစာရင်း ( Party List ) ကနေ ရွေးတယ်။

၂၀၀၁ ရွေးကောက်ပွဲမှာ မဲပေးသူရာခိုင်နှုန်း ၆၉ .၄၃% ရှိတယ်။ ရွေးကောက်ပွဲရလဒ်တွေထွက်လာ တော့ သက်ဆင်က အမတ်နေရာ ၂၄၈ နေရာနိုင်တဲ့အတွက် အစိုးရဖွဲ့နိုင်ဖို့ သုံးနေရာပဲလိုတယ်။ ထိုင်းနိုင်ငံရေးမှာ သက်တမ်းရင့်ပါတီဖြစ်တဲ့ ဒီမိုကရက်ပါတီက ၁၂၈ နေရာပဲရတယ်။ သက်ဆင် က ချောင်ဗာလစ်ရဲ့ New Aspiration Party နဲ့ပေါင်းပြီး အစိုးရဖွဲှ့တယ်။ သူတို့နှစ်ပါတီပေါင်း ၂၈၆ နေရာရှိတဲ့အတွက် အတိုက်အခံတွေရဲ့ အယုံအကြည်မရှိ အဆိုတင်သွင်းမှုတွေကို စိုးရိမ်ဖို့မလို ဘဲ အစိုးရမူဝါဒတွေကို အကောင်အထည်ဖော်နိုင်ခဲ့တယ်။

သက်ဆင်ရဲ့ မူဝါဒတွေဖြစ်တဲ့ ပြည်သူအားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှု စနစ်၊ ကျေး ရွာ တစ်ရွာ ထုတ်ကုန်တစ်ခု စီမံကိန်း၊ ထိုင်းလယ်သမားများ ကြွေးမြီသက်သာစေမယ့် စီမံချက်၊ ဝင်ငွေ နည်းမိသားစုများရဲ့ သားသမီးများ ပညာရေးအတွက် ပညာသင်ကြားမှုချေးငွေ စီမံကိန်း နဲ့ အခြေ ခံ အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းတွေကြောင့်ထိုင်းအခြေခံလူတန်းစားတွေကြားမှာ သက်ဆင် ကို လူကြိုက်များလာခဲ့တယ်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်းမြင့်မားတဲ့ အီဆန် လို့ခေါ်တဲ့ အရှေ့မြောက်ဒေသမှာ သက်ဆင် မှ သက်ဆင်ဖြစ်လာတယ်။

၂၀၀၅ ခုနှစ် ရွေးကောက်ပွဲက မဲပေးသူ ၇၂.၅၆ % ရှိပြီး အဲဒီအချိန်မှာ ထိုင်းနိုင်ငံသမိုင်းမှာ မဲပေး သူ အများဆုံးရာခိုင်နှုန်းဖြစ်ခဲ့တယ်။ ရွေးကောက်ပွဲရလဒ်တွေပေါ်ထွက်လာတော့ သက်ဆင်ပါတီက အမတ်နေရာ ၅၀၀ မှာ ၃၇၇ နေရာနိုင်ခဲ့တဲ့အတွက် တစ်ပါတီတည်းနဲ့ အစိုးရဖွဲ့နိုင်တဲ့အခြေအနေ ကို ရောက်သွားခဲ့တယ်။ သက်ဆင်ဟာလည်း ထိုင်းနိုင်ငံရေးသမိုင်းမှာ သက်တမ်းနှစ်ဆက် ထမ်း ဆောင်ခွင့်ရတဲ့၊ တစ်ပါတီတည်းနဲ့ အစိုးရဖွဲ့နိုင်တဲ့ပထမဆုံးရွေးကောက်ခံ ဝန်ကြီးချုပ်အဖြစ် မှတ် တမ်းဝင်သွားခဲ့တယ်။

ရိုးရိုးလေးစဉ်းစားရင်တော့ ညွန့်ပေါင်းအစိုးရတွေ ဖွဲ့လိုက်၊ ပြုတ်ကျသွားလိုက်၊ ပြန်ဖွဲ့လိုက်၊ နိုင်ငံ ရေးအကျပ်အတည်းဆိုတဲ့ခေါင်းစဉ်အောက်ကနေ အာဏာသိမ်းလိုက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံမှာ လူထုထောက်ခံမှုအားကောင်းတဲ့ အစိုးရတစ်ရပ်ပေါ်ထွက်လာတာဟာ ကြိုဆိုရမယ့် အချက်ပဲ။ ဒါပေမဲ့ ထိုင်းနိုင်ငံရေးက အဲဒီလောက်မရိုးစင်းပြန်ဘူး။

စည်းမျဉ်းခံဘုရင်စနစ်ပေါ်စတင်တဲ့ ၁၉ ၃၂ ခုနှစ် အာဏာသိမ်းပွဲကစလို့ ၂၀၀၁ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီအထိ ထိုင်းနိုင်ငံရေးက ဘန်ကောက်အခြေပြုနိုင်ငံရေးပဲ၊ အဲဒီနိုင်ငံရေးကို နောက်ကွယ်က ကြိုးကိုင်တာက နန်းတော်၊ စစ်တပ်နဲ့ ဗြူရိုကရက်အရာရှိတွေ၊ သူတို့ လိုချင်တဲ့ ပုံစံ မရတဲ့အခါ စစ်တပ်က အာဏာသိမ်းပြီး အသစ်က ပြန်စပြန်တယ်။

သက်ဆင်နဲ့ ထိုင်းရတ်ထိုင်းပါတီက ဘန်ကောက်ကို အခြေမခံဘူး။ ထိုင်းနိုင်ငံမြောက်ပိုင်း နဲ့ အီဆန်လို့ခေါ်တဲ့အရှေ့မြောက်ပိုင်းဒေသရယ်၊ ထိုင်းကျေးလက်လူထုရယ်ကို အခြေခံတယ်။ တစ် ဖက်မှာလည်း အာရှစီးပွားရေးပျက်ကပ်ကြောင့် ကျဆင်းနေတဲ့ ထိုင်းစီးပွားရေးကို ဦးမော့လာအောင် လုပ်ပြီး လူလတ်တန်းစားတွေကို ဆွဲဆောင်တယ်။ ဒါ့ကြောင့် ၂၀၀၅ ရွေးကောက်ပွဲမှာ နိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းက အမတ်နေရာ အားလုံးလိုလို သက် ဆင်ပါတီ ကနိုင်တယ်။ ဘန်ကောက်မြို့တော် အမတ်နေရာ ၃၆ နေရာမှာ ၃၂ နေရာနိုင်တယ်။ အားလုံးချုပ် လိုက်ရင် တိုက်ရိုက်ရွေးကောက်ခံ အမတ်နေရာ ၄၀၀ မှာ ၃၁၀၊ ပီအာရ်စနစ် အရ ရွေးတဲ့ အမတ် နေရာ ၁၀၀ မှာ ၆၇ ၊ စုစုပေါင်း ၃၇၇ နေရာရသွားတယ်။ ဒုတိယအမတ်နေရာ အများ ဆုံးရတဲ့ ဒီမိုကရက်ပါတီက ၉ ၆ နေရာပဲနိုင်တာကို ကြည့်ရင် သက်ဆင်ပါတီ သောင်ပြို ကမ်းပြို နိုင် သွားတယ်ဆိုတာကို မြင်နိုင်ပါတယ်။ ( ၂၀၀၁ နဲ့ ၂၀၀၅ ရွေးကောက်ပွဲတွေမှာ သက်ဆင်ပါတီ အနိုင် ရ ခဲ့တဲ့ ဒေသတွေကို ပုံ ၁ နဲ့ ၂ မှာ လေ့လာ နိုင်ပါတယ်။ )

ဒီရလဒ်ကြောင့် သက်ဆင်နဲ့ ထိုင်းရတ်ထိုင်းပါတီဟာ အစဉ်အလာအရ ထိုင်းနိုင်ငံရေးကို ထိန်းချုပ် ထားခဲ့တဲ့ အင်အားစုတွေကို စိန်ခေါ်လာနေပြီလို့ မြင်သူတွေရှိလာတယ်။ ဒါ့ကြောင့် ပါတီတစ်ခု တည်းက လွှတ်တော်ကို ထိန်းချုပ်ထားတာဟာ ပါလီမန် အာဏာရှင်စနစ် ကို ဦးတည်နေပြီး ထိုင်း ဘုရင် နဲ့ထိုင်းနိုင်ငံရေးအတွက် အန္တရာယ်ကြီးတယ်ဆိုတဲ့ သတိပေးမှုတွေပေါ်ထွက်လာခဲ့တယ်။

သက်ဆင် ဒုတိယအကြိမ်ဝန်ကြီးချုပ်သက်တမ်းစတင်တဲ့အချိန်မှာပဲ ထိုင်းဘာသာနဲ့ထုတ် ေ၀ တဲ့ သတင်းစာတချို့မှာ သက်ဆင်က ထိုင်းဘုရင်ကို စော်ကားတဲ့ စကားတွေပြောတယ် ဆိုတဲ့ သတင်း တွေပါလာတယ်။ အဲဒီနောက်မှာ ဘုရင်ကို ကာကွယ်ဖို့နဲ့ သက် ဆင်ရဲ့ ပါလီမန်ဒီမိုကရေစီအာဏာ ရှင် စနစ်ကို တိုက်ဖျက်ဖို့ ရှပ်ဝါလှုပ်ရှားမှုလို့ လူသိများ တဲ့ People’s Alliance for Democracy (PAD) လှုပ်ရှားမှုပေါ်လာပြီး သက်ဆင်နှုတ်ထွက်ဖို့ တောင်း ဆိုတယ်။

အဲဒီအချိန်မှာပဲ သက်ဆင်က ရှင်းကော်ပိုရေးရှင်းမှာရှိတဲ့ သူနဲ့ သူ့မိသားစုပိုင် အစုရှယ်ယာတွေကို စင်္ကာပူ တီမားဆက် ကော်ပိုရေးရှင်းကို ဘတ် ၇၃ ဘီလီလျံနဲ့ ရောင်းလိုက်တယ်။ ဒါကတော့ သက် ဆင် ရဲ့ ယုံကြည်မှုလွန်ကဲတဲ့အမှားကြီးပဲ။ ဒီရောင်းချမှုဟာ အဂတိလိုက်စားမှု ပြဿနာဖြစ်လာခဲ့ပြီး လူလတ်တန်းစားတွေပါ ရှပ်ဝါလှုပ်ရှားမှုမှာ ပူးပေါင်းလာခဲ့တယ်။ ဒီလိုနဲ့ သက်ဆင် ဆန့်ကျင်ရေး ဆန္ဒပြမှုအားကောင်းလာတယ်။သက်ဆင်ကလွှတ်တော်ကိုဖျက်ပြီး ၂၀၀၆ ဧပြီလမှာ ရွေးကောက်ပွဲ အသစ် ပြန်လုပ်တယ်။ သက်ဆင်ပါတီပဲ လွတ်လွတ်ကျွတ်ကျွတ်နိုင်တယ်။ ဒါပေမယ့် အခြေခံ ဥပဒေ အရ အငြင်းပွားမှုတွေရှိပြီး အဲဒီရွေးကောက်ပွဲရလဒ်ကို အခြေခံဥပဒေဆိုင်ရာတရားရုံးက ဖျက်သိမ်းလိုက်တယ်။ သက်ဆင်က အောက်တိုဘာလမှာ နောက်ထပ် ရွေးကောက်ပွဲအသစ်လုပ်ဖို့ စီစဉ်တယ်။ ဒါ ပေမယ့် မလုပ်နိုင်တော့ဘူး။ ၁၉ စက်တင်ဘာ ၂၀၀၆ ရက်နေ့မှာ ထိုင်းတပ်မတော် က အာဏာ သိမ်းလိုက်တယ်။

အာဏာသိမ်းကောင်စီက သက်ဆင်ကို အာဏာအလွဲသုံးစားလုပ်မှု၊ အဂတိလိုက်စားမှုတွေ နဲ့ အမှုဖွင့်တယ်။ အခြေခံဥပဒေဆိုင်ရာတရားရုံးက ထိုင်းရတ်ထိုင်းပါတီကို ရွေးကောက်ပွဲ မသမာ မှု ကိုအကြောင်းပြပြီးဖျက်သိမ်းတယ်။သက်ဆင်အပါအဝင်ပါတီခေါင်းဆောင်အတော်များများကို နိုင်ငံ ရေးလုပ်ဆောင်ခွင့် ငါးနှစ်ပိတ်ပင်ခဲ့တယ်။ သက်ဆင်ကတော့ ပြည်ပကို ထွက်ခွာရှောင်တိမ်းနေခဲ့ တာ အခုအချိန်ထိပဲ။

သို့သော် သက်ဆင်လည်း ထွက်ပြေး၊ ထိုင်းရတ်ထိုင်းပါတီလည်း ဖျက်သိမ်းခံလိုက်ရပေမယ့် ထိုင်း ပြည်သူတွေကြားမှာ သက်ဆင်အပေါ်ထောက်ခံမှုလျော့မသွားဘူး။ အာဏာသိမ်းကောင်စီက ကျင်းပပေးတဲ့ ၂၀၀၇ ရွေးကောက်ပွဲမှာလည်း သက်ဆင်ကိုထောက်ခံသူတွေ ရဲ့ People Power ပါတီက အများစုနိုင်ပြီး အစိုးရဖွဲ့တယ်။ အဲဒီအခါမှာ ရှပ်ဝါတွေက ထပ်ဆန္ဒပြတယ်။ အခြေခံ ဥပဒေ ဆိုင်ရာ တရားရုံးက People Power ပါတီ ဝန်ကြီးချုပ် Samak Sundaravej ကို အခြေခံဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာထူးက ဖယ်ရှားလိုက်တယ်။ အဲဒီနောက် People Power ရဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်ပါတီငယ်တွေက ဘက်ပြောင်းပြီး ဒီမိုကရက်ပါတီကို ထောက်ခံလိုက် တဲ့အတွက် ဒီမိုကရက်ပါတီခေါင်းဆောင် အဘီဆစ် ဝန်ကြီးချုပ် ဖြစ်လာတယ်။ နိုင်ငံရေးလေ့လာသူ တချို့ကဒီဖြစ်စဉ်ကို ကြည်းတပ်ဦးစီးချုပ် Gen Anupong Paochinda ရဲ့ သွယ်ဝိုက်အာဏာသိမ်း မှု အဖြစ် သုံး သပ်ခဲ့ကြတယ်။

၂၀၁၁ ခုနှစ်ရွေးကောက်ပွဲကျင်းပချိန်ကျတော့ သက်ဆင်ကို ထောက်ခံသူတွေက သက်ဆင် ညီမ ယင်လတ်ကို ခေါင်းဆောင်တင်ပြီး ဖွေ့ထိုင်း( Pheu Thai ) ပါတီကို တည်ထောင်တယ်။ အဲဒီ ရွေး ကောက်ပွဲမှာလည်း ဖွေ့ထိုင်းပါတီက အများစုနိုင်ပြီး အစိုးရဖွဲ့တယ်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ထဲ မှာ ရှပ်ဝါတွေဦးဆောင်တဲ့ ယင်လတ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ ထပ်ဖြစ်တယ်။ အတိုက် အခံ ဒီမိုကရက်ပါတီအမတ်တွေက လွှတ်တော်ကို သပိတ်မှောက်ပြီး ထွက်သွားတယ်။ ဒီလိုနဲ့ နောက်ထပ် နိုင်ငံရေးအကျပ်တည်းထပ်ဖြစ်တယ်။ ၇ မေ ၂၀၁၄ မှာ အခြေခံဥပဒေဆိုင်ရာ တရား ရုံး က ယင်လတ် ကို အဆင့်မြင့်နိုင်ငံဝန်ထမ်းအရာရှိတစ်ဦး ပြောင်းရွှေတဲ့ကိစ္စနဲ့ပတ်သက်ပြီး အခြေ ခံ ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး ရာထူးက ဖယ်ရှားလိုက်တယ်။ ၂၂ မေ ၂၀၁၄ မှာ ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ခေါင်းဆောင်တဲ့ ထိုင်းတပ်မတော်က အာဏာသိမ်းလိုက်တယ်။ နိုင်ငံရေးလေလ့ာသူတချို့ကတော့ ၂၀၁၄ အာဏာသိမ်းမှုကို ၂၀၀၆ အာဏာသိမ်း ပွဲ အပိုင်းနှစ်လို့ အမည်ပေးခဲ့ကြတယ်။

ဒီတစ်ခါ အာဏာသိမ်းပြီးချိန်မှာတော့ ထိုင်းစစ်တပ်ခေါင်းဆောင်တွေဟာ နိုင်ငံရေးပါတီတစ်ခုတည်း ကလွှတ်တော်ကိုချုပ်ကိုင်ထားနိုင်တဲ့အခြေအနေမျိုးတနည်းအားဖြင့် သက်ဆင်လို နိုင်ငံရေး သမား မျိုး နောက်ထပ် မပေါ်အောင် ကာကွယ်နိုင်မယ့် အခြေခံဥပဒေတစ်ခုရေးဆွဲဖို့ ဆောင်ရွက်ခဲ့ တယ်။ အဲဒီရဲ့ အကျိုးဆက်ကတော့ ၂၀၀ ၇ အခြေခံဥပဒေကို ဖျက်သိမ်းပြီး ၂၀၁၇ အခြေခံဥပဒေနဲ့ အစားထိုးခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် ၂၀၂၃ ရွေးကောက်ပွဲရလဒ်ကို သုံးသပ်မယ်ဆိုရင် ၂၀၁၇ အခြေခံဥပဒေပါ ပြဋ္ဌာန်း ချက် တွေကို သိထားမှဖြစ်မယ်။

ဆက်လက်ဖော်ပြပါ့မယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: