ပုဂံမြင်ကွင်းကျယ် (၁)

တုတ်တုတ် ဝေဒနာ 

‌ဒီတစ်ခါ ခရီးထွက်မယ်ဆို‌တော့ ပုဂံကို ရွေးလိုက်တယ်။ ပုဂံကို နောက်ဆုံးသွားခဲ့တာ ၂၀၂၀ ဇူလိုင်လတုန်းက ဖြစ်ပါတယ်။ အဲဒီအချိန်က ကိုဗစ် ဒုတိယလှိုင်း ပြီးကာစဖြစ်တဲ့အတွက် ကားလိုင်းတွေကလည်း ပိတ်လိုက် ဖွင့် လိုက်၊ ဟိုတယ်တွေ၊ ဘုရားတွေကလည်း ပိတ်လိုက် ဖွင့်လိုက် ဂဏန်းမငြိမ်သေးတဲ့အချိန်၊  ပုဂံခရီးသွား လုပ် ငန်း ကလည်း ကိုဗစ် ဒဏ်ကနေ နာလန် ထူနိုင်ဖို့ ရုန်းကန်နေရတဲ့အချိန်ပေါ့။ အဲဒီအချိန်က ခရီးသွားအတွေ့အကြုံတွေ ကို “ ပုဂံ အလှနဲ့ ဘ၀  “ ဆိုပြီး အခန်းဆက်ဆောင်းပါးတွေရေးခဲ့တယ်။

အခု သုံးနှစ်အကြာမှာတော့ ကပ်ဘေးနှစ်ခုကြားမှာ ပုဂံ၊ညောင်ဦး‌ဒေသခံတွေ ဘယ်လို လှုပ်ရှား ရုန်းကန်နေလဲ ဆိုတာကို သိနိုင်ဖို့နဲ့  ၂၀၂၀ ခရီးစဥ်မှာ ဓာတ်ပုံရိုက်ခွင့်မရခဲ့တဲ့ ဘုရားတွေကို ဓာတ်ပုံရိုက်နိုင်ဖို့အတွက် နောက် တစ်ကြိမ်ခရီးထွက်ဖို့ စီစဥ်ခဲ့တယ်။ခရီးထွက်မယ်ဆိုတာနဲ့သွားရေးလာရေး၊ တည်းခိုနေထိုင်ရေး အတွက် လေ့လာ စုံစမ်းစီစဥ်ရတယ်။

 သွားတာက‌တော့ ထုံးစံအတိုင်း အဝေးပြေးကားနဲ့ပေါ့။  ၂၀၂၀ သွားချိန်ကတော့ ရန်ကုန်က ညနေ ထွက်တဲ့ ကား နဲ့ သွား၊ မနက်စောစော ပုဂံရောက်ပေါ့၊ အခုခေတ်ကာလမှာတော့ ညနေ ကားနဲ့သွားရင် လမ်းမှာ ညအိပ်ရမှာ ဖြစ်တဲ့ မနက် ၇ နာရီ ခွဲ ကားပဲရွေးလိုက်တယ်၊ ကားအမျိုးအစားကတော့  2 + 1 VIP ကား ကို ရွေးပြီး အွန်လိုင်းကပဲ လက်မှတ်ဝယ်လိုက်တယ်။ ဒီကားတွေက သူငယ်ချင်း နှစ်ယောက် ရှေ့နောက်ထိုင် သွားရတဲ့အတွက် တစ်ယောက် ကိုတစ်ယောက် အားနာဖို့မလိုဘူး။ တည်းခိုတာက တော့ ကျွန်တော့်ထုံးစံအတိုင်း မြို့လယ်နဲ့ မလှမ်းမကမ်း လည်း ဖြစ်၊အခန်းအရေအတွက်နည်းပြီး မိသားစုဆန်တဲ့နေရာလည်းဖြစ်၊လက်ရှိအချိန်မှာအရေးကြီးဆုံးဖြစ် တဲ့ ညဘက် မီးပျက်ရင် မီးစက်နှိုးပေးတဲ့ ဟိုတယ် ကို ရှာ ရ တယ်။ ဘတ်ဂျက်ကတော့ တစ်ရက် သုံးသောင်း ပတ်လည် လောက် ပေါ့။

ခရီးထွက်မယ့်မနက် ၆ နာရီ ကီလိုတက္ကစီနဲ့ အိမ်ကထွက်တယ်။ သူငယ်ချင်းကို ခေါ်ပြီး အောင်မင်္ဂလာ အဝေး ပြေးကွင်းကို သွားတယ်၊ ကားဂိတ်ရောက်တော့ ၆ နာရီ ၄၅ မိနစ်၊ ဂိတ်ကောင်တာမှာ အွန်လိုင်းက ဝယ်ထားတဲ့ အထောက်အထားပြပြီး လက်မှတ်ဖြတ်ဖို့လုပ်တော့ အခုခေတ်ကာလမှာ အလွန်ကြီးမားတဲ့ အမှားကြီးတစ်ခု ကျူးလွန်မိပြီဆိုတာ သိလိုက်ရတယ်၊ အဲဒါကတော့ မှတ်ပုံတင် ( နိုင်ငံသားစိစစ်ရေးကတ်ပြား) ကျန်နေခဲ့တာပါပဲ။ ဖုန်း ထဲမှာ မှတ်ပုံတင်ကို ဓာတ်ပုံ ရိုက်ထားတာရှိပေမယ့် ဂိတ်ကလည်း လက်မှတ်မရောင်းရဲဘူး၊ လမ်းမှာစစ်ဆေး လို့ မှတ်ပုံတင်မပါဘဲ ကားပေါ်တင်လာတာတွေ့ရင် ကားလိုင်းပါ ပြဿနာတက်မှာကိုး။ ဂိတ်က အိမ်ကိုလာပို့ခိုင်း ပါ၊ ထွက်ချိန်ထက် ဆယ်မိနစ်ပိုစောင့်ပေးမယ်၊ အဲဒီအချိန်မှ ရောက်မလာရင်တော့ ကားထွက်မယ်လို့ ‌ပြောတယ်။ အဲဒါဆိုရင်တော့ မှတ်ပုံတင်ပါတဲ့ သူငယ်ချင်းက လိုက်သွား၊ ကျွန်တော်က ညနေ ကားလက်မှတ်ဝယ်ပြီး လိုက်ရ မယ့်သဘောပဲ။

ဒါနဲ့  အားနာနာနဲ့ပဲ အိမ်ကို လှမ်းပြောရတယ်၊ ကိုယ့်ကိုကိုယ်လည်း အပြစ်တင်လို့မဆုံးဘူး။ ကံကောင်းတော့ ကား စက်စနှိုးတဲ့အချိန်မှာပဲ ရောက်လာတယ်၊ ကားအမြန်မောင်းပြီး အရောက်လာပို့တဲ့ ဇနီးကိုလည်း ကျေးဇူးတင်၊ ဒီလိုခေတ်ကာလမှာ အသက်နဲ့ထပ်တူအရေးကြီးတဲ့ မှတ်ပုံတင်ကျန်ခဲ့အောင် ပေါ့လျော့တဲ့ ကိုယ့်ကိုကိုယ် လေးဆယ့်ကိုးကြိမ်မြောက် ကျိန်ဆဲ၊ စောင့်နေရတဲ့ ခရီးသည်တွေကိုလည်း အားနာပြုံး ပြုံးပြတောင်းပန်ပြီး ခရီး စထွက်ခဲ့ တယ်။

ရန်ကုန်- ပုဂံ ခရီးစဥ်ကတော့ ရန်ကုန် – ဘားအံ ခရီးစဥ်နဲ့ ယှဥ်လိုက်ရင် ရေကုသိုလ် အတော်နည်းပါတယ်၊ မှတ်ပုံ တင်ကတော့ ၁၁၅ မိုင်နဲ့ ကျောက်ပန်းတောင်းအဝင်မှာ စစ်တယ်။ ယာဥ်ပေါ်လိုက် အကူဝန်ထမ်းလေးက မှတ်ပုံ တင်လေးတွေ ထုတ်ပြီးကိုင်ထားပါလို့ပြောတိုင်း ဇနီးရဲ့ ကျေးဇူးကို အောက်မေ့သတိရတယ်။

ပုဂံကားဂိတ်ကို ညနေ လေးနာရီခွဲကျော်ကျော်မှာရောက်တယ်။ ရောက်တဲ့ညနေကတော့ ဘယ်မှ မသွားတော့ ဘူး။ ဟိုတယ်က ချိတ်ပေးတဲ့ တုတ်တုတ်ဆရာနဲ့ တွေ့ပြီး ခရီးစဥ်နဲ့ ဈေးနှုန်းညှိတယ်။ ​နောက်နေ့ခရီးစဥ်က ပုပ္ပါး ဘက်ဆိုတော့ ဟိုတယ်ကနေ မနက်စောစောထွက်တယ်၊ မြို့အထွက်စစ်ဆေးရေးဂိတ်ရောက်တော့ ကင်မရာ ကြီး တွေ လွယ်ထားတဲ့ ကျွန်တော်တို့ နှစ်ယောက်ကို ဘယ်ကလာသလဲ၊ ဘယ်သွားမှာလဲ မေးတယ်၊ ပြီးတော့ တုတ် တုတ်ဆရာကို အောက်ဆင်းခဲ့လို့ခေါ်တယ်။ 

ကျွန်တော်တို့ကတော့ ကျွန်တော်တို့အကြောင်းခေါ်မေးတယ်ထင်လို့ နားစွင့်နေတာပေါ့။ မဟုတ်ဘူးဗျ၊ တုတ် တုတ်ဆရာ သူတို့နားရောက်တာနဲ့ “ မင်းမပြောင်းသေးဘူးလား” လို့မေးတယ်၊ တုတ်တုတ် ဆရာက “ ဟုတ်ကဲ့၊ ပြောင်းဖို့ စီနီယာချိတ်ထားပါပြီ”လို့ ဖြေတယ်။ ဒီတော့ သူတို့က “ မြန်မြန်လုပ်၊ သိတယ်မလား” ဆိုပြီး ထပ်‌ပြော တယ်၊ တုတ်တုတ်ဆရာကလည်း လက်လေးနောက်ပစ်ပြီး တစ်ခွန်းမခံ “ ဟုတ်ကဲ့ပါဆရာ၊ ဟုတ်ကဲ့ပါ” လို့ပြောြပီး ပြန်လာ တယ်။ ကျွန်တော်တို့ကတော့ ဘာတွေလဲ ဆိုပြီး အတွေးတွေနဲ့ပေါ့။ 

ဂိတ်ကနေ တော်တော်ဝေးဝေးရောက်တော့မှာ တုတ်တုတ်ဆရာကို “ ဘာတွေပြောင်းခိုင်းနေတာလဲဗျ၊  လိုင်စင် လား၊ ပုံစံ ၁၀ လား”လို့မေးတော့ တုတ်တုတ်ဆရာက  “မဟုတ်ဘူးဆရာရေ၊ တုတ်တုတ်တွေ အရောင် ပြောင်းရမှာ ဆိုပြီး ဇာတ်စုံခင်းပါတော့တယ်။  

ကျွန်တော်တို့မရောက်ခင်လေးငါးရက်ကစပြီးပုဂံညောင်ဦးနယ်မြေကတုတ်တုတ်တက္ကစီတွေ အားလုံး အ၀ါ‌ရောင် ပြောင်းရမယ်ဆိုတဲ့ အမိန့်ထွက်လာတယ်။ အရောင်အားလုံးတညီတည်းဖြစ်ဖို့အတွက် ပြောင်းရမယ့်အဝါရောင် ကုဒ်နံပါတ်လည်း ထွက်လာတယ်။ အရင်သတင်းတွေကြားတဲ့အချိန်ကတော့ မန္တလေးမြို့ပေါ်က အိုးဝေ ( တုတ် တုတ်) တွေပဲလို့ ထင်နေပေမယ့် အခုတော့ မန္တလေးတိုင်းတစ်ခုလုံး လို့ဆိုတယ်။ တခြားမြို့တွေမှာတော့ ဘယ်လို လုပ်နေသလဲမသိဘူး၊ပုဂံညောင်ဦးမှာတော့စစ်ဆေးရေးဂိတ်တွေ၊ယဥ်ထိန်းရဲတွေကတခြားအရောင်နဲ့ တုတ်တုတ် တွေတွေ့ ရင် အရောင်ပြောင်းဖို့ သတိပေးတယ်။  နောက်ဆုံးထားပြောင်းရမယ့်ရက်က လကုန် လို့လည်း ပြော တယ်၊ဇူလိုင်၂၅ ရက်နေ့လို့လည်း ပြောတယ်၊ သတ်သတ်မှတ်မှတ် စာထွက်တာ တော့ မတွေ့ဘူး။ ဘယ်တုတ်တုတ် သမား ကမှလည်း ညွှန်ကြားချက်ပြပါလို့ မပြောရဲဘူး၊ ခိုင်းတာလုပ်၊ ခံမပြောနဲ ဆိုတဲ့အခြေအနေမှာ နှုတ်မိန့် ဆိုတာနဲ့တင် လုံ လောက်နေပြီ။ 

ဒါပေမဲ့ အဝါရောင်ဆေးပြောင်းဖို့ဆိုတာ ပြောသလောက်မလွယ်ဘူး။ ငွေရှိမှ လုပ်လို့ရတာ။ လက်ရှိအချိန်မှာ ဆေး အမျိုးအစားနဲ့ လက်ရာ‌ပေါ်မူတည်ပြီး တုတ်တုတ်တစ်စီးကို တစ်သိန်းခွဲကနေ နှစ်သိန်းစွန်းစွန်း ကုန်တယ်၊ အနီရောင်၊ အပြာရောင်၊ အမည်းရောင်တွေဆိုရင် ‌ဆေးပိုကုန်လို့ ကုန်ကျစရိတ်နည်းနည်းပိုများမယ်။ အခုလို ကုန် ‌ဈေးနှုန်းက ကြီး၊ ဘုရားဖူးခရီးသည်က နည်းနေတဲ့အချိန်မှာ ရရစားစား တုတ်တုတ်သမားအများစုက အဲဒီလောက် ငွေကုန်မခံနိုင်ဘူး။

ဒီတော့  နောင်ခါလာ နောင်ခါဈေး၊ လောလောဆယ်ဆယ် ဝါနေဖို့ အရေးကြီးတယ်ဆိုပြီး စတစ်ကာ ကပ်ရတယ်။ ဒါတောင် ခြောက်သောင်းခွဲ ၊ ခုနစ်သောင်းလောက်ကုန်သေးတယ်။ လက်ရှိ ပုဂံ၊ ညောင်ဦးမှာတော့ စတစ်ကာ အဝါတွေ ပစ္စည်းပြတ်၊ စတစ်ကာကပ်တဲ့ဆိုင်မှာ တန်းစီရတဲ့အထိ ဖြစ်နေလေရဲ့။ မန္တလေးက စတစ်ကာသမား တွေတောင် ညောင်ဦးကို ဆင်းလာပြီး အလုပ်လုပ်နေကြတယ်ဆိုပဲ။ 

တုတ်တုတ်သမားတွေ ဒုက္ခက ဝါသွားတာနဲ့မပြီးသေးဘူး။ လိုင်စင်သက်တမ်းတိုးတဲ့အခါ  အဝါရောင်ဆေးမှုတ် မထားရင် ကညန သက်တမ်းတိုးမပေးဘူးဆိုတာဖြစ်လာနိုင်သေးတယ်။ နောက်တစ်ခါ တုတ်တုတ် တွေပေါ်ကာ စ က ညောင်ဦးမှာ အရောင်းပြခန်းမရှိသေးလို့ ပခုက္ကူကနေ ဝယ်ထားရတဲ့အတွက် တချို့ တုတ်တုတ် နံပါတ် တွေက မကွေးတိုင်းနံပါတ်တွေဖြစ်နေတယ်။ ဒီတော့ လိုင်စင်သက်တမ်းတိုးတဲ့အခါ မန္တလေးတိုင်းအစိုးရရဲ့ ညွှန်ကြားချက် အရအရောင်ပြောင်းလိုက်ရပေမယ့်မကွေးတိုင်း ကညန က လက်မခံဘဲ အရောင်ပြောင်း ဒဏ်ကြေး တပ်မ လား ဆိုတဲ့ စိုးရိမ်မှုတွေလည်းရှိသေးတယ်။ လမ်းပေါ်မှာ စစ်ဆေးနေတဲ့အဖွဲ့တွေကတော့ အဲဒီကိစ္စတွေ ခေါင်းထဲ ထည့် ထားပုံမရဘူး။ အဝါရောင်မပြောင်းရင် အရေးယူမယ်ဆိုတာပဲ သိပုံရတယ်။

လွတ်လပ်ပွင့်လင်းတဲ့အချိန် ဆိုရင်တော့ ဒီလိုကိစ္စမျိုးတွေကြုံလာရင် ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်မှ ရေးကြ၊ သတင်းမီဒီယာတွေကလည်း ဝေဖန်သုံးသပ်ကြတာတွေကြောင့်  တာဝန်ရှိသူတွေကပြန်လည်သုံးသပ်တာမျိုးရှိနိုင်  တာပေါ့။ အခု အချိန်မှာတော့ တုတ်တုတ်သမားတွေလည်း တိုးတိုးတိတ်တိတ်ရင်ဖွင့်တာကလွဲရင် ဘာမှ မလုပ်နိုင် ကြဘူး။ 

တုတ်တုတ်အငှားယာဥ်အားလုံး အရောင်တစ်ခုတည်းဖြစ်အောင် သတ်မှတ်တာက လုပ်သင့်တဲ့ အလုပ်ပါ။ ဒါ ပေမဲ့ အဲဒီအလုပ်က ချက်ခြင်းဦးစားပေးလုပ်ရမယ့်အလုပ်လား၊  လိုက်နာလုပ်ဆောင်ရမယ့် တုတ်တုတ်သမားတွေ  အခက်အခဲမရှိ အကောင်အထည်ဖော်နိုင်ဖို့အတွက် လုံလောက်တဲ့ လူမှုရေး၊ စီးပွားရေးအခြေအနေတွေရှိနေ ပြီ လားဆိုတာကတော့ ဆင်ခြင်တုံတရားနဲ့ ဆိုင်တဲ့ ကိစ္စပဲ။

ခက်တာက အမိန့်ပေးလိုက်ရင် ဖြစ်အောင်လုပ် ဆိုတဲ့ အယူအဆအားကောင်းနေတဲ့အခါ ဆင်ခြင်တုံတရားဆိုတာ ရှားပါးပစ္စည်းပဲ။ ဒီလိုနဲ့ပဲ ပုဂံ ညောင်ဦးက တုတ်တုတ် သမားတွေလည်း အဝါရောင်အပူလှိုင်းကြားမှာ ဗျာများနေရတာပေါ့။ 

Leave a comment