မောင်းမယ်၊ ရိုက်မယ်
ခေါင်းစဥ်ဖတ်ပြီး ဘယ်သူတွေကို မောင်းထုတ်၊ ဘယ်သူတွေကို ရိုက်ထုတ်မလို့လည်းလို့ အတွေးမချော် ပါနဲ့။ ပုဂံ ကို သွားမယ့် ဧည့်သည်တွေအတွက် သတင်းစကားပါးချင်လို့ စကားစလိုက်တာပါ။ အခုခေတ်ခရီးသွားတယ်ဆို တာက အရင်ခေတ်လိုမဟုတ်တော့ဘူး၊ ခရီးသွားခြင်းနဲ့ ဓာတ်ပုံအလှရိုက်ခြင်းက ခေါင်းနဲ့ပန်း ဖြစ်လာပြီ။ နောက် ပြီးတစ်ချိန်ကတော့ခရီးသွား ဓာတ်ပုံရိုက်ချင်တယ်ဆိုရင် ဓာတ်ပုံဆရာ သီးသန့်ငှားရတာ။ ကျွန်တော် ပြန်ကြားရေး ရောက်တဲ့ ၂၀၀၅ ကနေ ၂၀၁၁ လောက်အထိ ဗီအိုင်ပီ မိသားစုတွေ ခရီးသွားဓာတ်ပုံရိုက်ချင်တယ်ဆိုရင် ပြန် / ဆက် ဓာတ်ပုံဆရာတွေ လိုက်ပေးရတာ၊ ပြီးရင် ဓာတ်ပုံတွေကူးပေးရတာမျိုးတွေ ရှိခဲ့သေးတယ်။
မိုဘိုင်းဖုန်းတွေ ပေါပေါများများသုံးနိုင်၊ ဖုန်းကင်မရာတွေကလည်း အဆင့်မြင့်လာချိန်မှာတော့ ခရီးသွားတွေ က ကိုယ့်ဘာသာကိုယ် ဆယ်လ်ဖီဆွဲ၊ အချင်းချင်း ပြန်ရိုက်ကြတယ်။ နောက်တော့ ဓာတ်ပုံအယူအဆမကျွမ်းကျင်၊ ဖုန်းကင်မရာ ကို ကောင်းကောင်းအသုံးမချတတ်သူတွေအတွက် ဘုရားတွေ၊ ပန်းခြံတွေမှာ ဓာတ်ပုံစောင့်ရိုက်ပေး တဲ့ ကလေးလေး တွေပေါ်လာတယ်။ အဲဒီ ဓာတ်ပုံရေစီးကြောင်းထဲကို နောက်ထပ်တိုးဝင်လာသူတွေက အငှား ယာဥ်မောင်းတွေ၊ ဆိုင်ကယ်ကယ်ရီသမားတွေပဲ။
အရင်ကတော့ခရီးသည်အလာများတဲ့ ဒေသတွေက အငှားယာဥ်မောင်းဆိုတာ လမ်းကြောင်းသိမယ်၊ လည်ပတ် လို့ ၊ စားလို့ ကောင်းတဲ့နေရာတွေသိမယ်၊ ဘုရားတွေ သမိုင်း ကြောင်း ကို နည်းနည်းပါးပါး ပြောနိုင်တယ်ဆိုရင် ရပြီ။ နိုင်ငံခြားဘာသာစကားတစ်ခုခု ပြောနိုင် ဆိုနိုင်တယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။
အခု ၂၁ ရာစု မိုဘိုင်းဖုန်းယဥ်ကျေးမှုခေတ်မှာတော့ အဲဒီလောက်နဲ့ မရတော့ဘူး၊ အထူးသဖြင့် ပြည်တွင်း ဧည့်သည် တွေနဲ့ဆက်ဆံဖို့အတွက်ဆိုရင် ခရီးသွားဧည့်သည်အလာများတဲ့ဒေသက အငှားယာဥ်မောင်းတွေဟာ မောင်းတတ် ရုံနဲ့ မရတော့ဘူး၊ဓာတ်ပုံ ရိုက်တတ်ဖို့လည်းလိုတယ်၊ ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာတွေကိုလည်း သိရမယ်၊ ကိုယ့်ဖုန်းထဲမှာလည်း အဲဒီနေရာတွေမှာ ရိုက်ထားတဲ့ နမူနာပုံတွေရှိရမယ်။ ဖြစ်နိုင်ရင် ကိုယ့်ပုံလေးတွေတင်ပြီး ကြော်ငြာ ဝင်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုလည်း ရှိရမယ်။ ဒီလိုနဲ့ ပုဂံရောက်ဧည့်သည်တွေက တုတ်တုတ် ငှားစီးတာများတော့ ပုဂံက တုတ်တုတ်သမားတွေလည်း မောင်းရုံနဲ့ မရတော့ဘူး၊ ရိုက်မယ်ဆိုတာပါ လုပ်လာ ရတယ်။
ပုဂံမှာ ဧည့်သည်တွေ တုတ်တုတ် ငှားတယ်ဆိုရင် နေ့ပြတ်နဲ့ငှားတာများပါတယ်။ တစ်နေ့ ဘယ်လောက်ယူသလဲ ဆိုတာကတော့ ရောင်းသူ၊ဝယ်သူ ညှိရတာပဲ။ တုတ်တုတ်စျေးက ပုဂံကို ဧည့်သည်အလာများနေသလား၊ နည်း သလား၊ ဧည့်သည်က ဘယ်နေရာတွေသွားမှာလဲ၊ ဘယ်အချိန်ကနေ ဘယ်အချိန်ထိ သုံးမှာလဲ၊ ဆိုတဲ့အချက်တွေ ပေါ်မူတည်ပြီး ညှိရတာပဲ။ ယေဘူယျ အားဖြင့် တော့ နေ့ပြတ်ငှားရင် ကျောက်ပန်းတောင်းလမ်း အတိုင်း ဆိုရင် လေယာဥ်ကွင်းလမ်းဆုံအထိ၊ ချောက်လမ်းဆိုရင် စေတနာကြီး ဘုရားထိ၊ ပခုက္ကူလမ်းဆိုရင် ကုန်းတော်ကြီး ဘုရားအထိ၊ အနောက်ဘက်ဆိုရင် ဧရာဝတီမြစ်ကမ်းဘေးအထိ နယ်မြေထဲမှာ ကြိုက်သလောက်သွားပေါ့။
ဓာတ်ပုံရိုက်တာဝါသနာပါတဲ့ ဧည့်သည်တွေကတော့ ပုဂံနဲ့ပတ်သက်တဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကို လေ့လာ ပြီး ရိုက်လည်းရိုက်၊ မောင်းလည်းမောင်းတဲ့ တုတ်တုတ်ဆရာကို ဆက်သွယ်ချိတ်ဆက် ငှားတယ်။ အဲဒီလို ချိတ် ဆက်ပြီး ငှားတယ်ဆိုရင် တယ်လီဖုန်းနဲ့ ဓာတ်ပုံရိုက်ပေးတဲ့ ဝန်ဆောင်မှုပါပြီးသားပဲ။ တစ်ချို့ ဓာတ်ပုံရိုက် ဝါသနာ အလွန်ကြီးတဲ့ ဧည့်သည်ဆိုရင် တစ်ရက်ကို ပျမ်းမျှ ဓာတ်ပုံနှစ်ရာလောက်ရိုက်တယ်ဆိုပဲ။ ရိုက်ထားသမျှ ပုံတွေ ထဲက ဧည့်သည်အကြိုက်ဆုံး ပုံနှစ်ဆယ်ကို ရွေးပေးရင် တုတ်တုတ်ဆရာက ဖုန်းအပလီကေးရှင်းသုံးပြီး အလင်း၊ အမှောင်၊ အရောင်အနုအရင့် စိတ်ကြိုက်ပြင်ပေးတယ်။ သူတို့အသုံးများတာကတော့ Lightroom အပလီ ကေး ရှင်း လို့ သိရတယ်။ ဒါက မောင်းမယ်၊ ရိုက်မယ်ဆိုတဲ့ တုတ်တုတ် ဆရာကို ငှားရင် အပိုရမယ့် ဝန်ဆောင်မှုပေါ့။
တယ်လီဖုန်းနဲ့ ရိုက်ရတာအားမရဘူး၊ ပရောက်ဖက်ရှင်နယ်ကင်မရာနဲ့မှ ရိုက်ချင်တယ်ဆိုရင်လည်း ရတယ်။ အဲဒီ လိုဧည့်သည်ဆိုရင်တော့ တုတ်တုတ်ခကို လျှော့ယူတယ်။ ကင်မရာနဲ့ ရိုက်ခက အခုစျေးက ခြောက်သောင်း ဓာတ်ပုံကတော့ကြိုက်သလောက်ရိုက်။ပြီးရင်ဧည့်သည် အကြိုက်ဆုံး ပုံ နှစ်ဆယ်ကို အလင်း၊ အမှောင်နဲ့ အရောင် ညှိ ပေးမယ်။
ပရောက်ဖက်ရှင်နယ်ကင်မရာနဲ့ ရိုးရိုး ရိုက်ရတာအားမရဘူး၊ မီးတွေ ထီးတွေ ဘာတွေ ညာတွေ နဲ့ ရိုက်ချင်သပ ဆိုရင်လည်း ရတယ်။ အဲဒါဆိုရင်တော့ အခုဈေးတစ်သိန်းနှစ်သောင်း၊ ပြီးရင် ထုံးစံအတိုင်း ပုံနှစ်ဆယ်ကို အလင်း အမှောင်နဲ့ အရောင်ညှိပေးမယ်။
အဲဒါကို မှ အားမရသေးဘူး၊ အကြိုက်ဆုံး ပုံနှစ်ဆယ်ကိုလည်း ဖိုတိုရှော့သုံးပြီး ပြင်ချင်သေးတယ်ဆိုရင် အခု စျေး နောက်ထပ် သုံးသောင်း ထပ်ပေးရမယ် ၊ စုစုပေါင်း ရိုက်၊ပြင် တစ်သိန်းခွဲကျမယ်။ အဲဒါဆိုရင်တော့ ပိန်ရင်ဖောင်း၊ ဖောင်းရင် ပိန်၊ လိုတိုး၊ ပိုလျှော့၊ ဖြူချင်လား၊ ညိုချင်လား ၊ ခါးသေးရင်ချီလား၊ ပြန်ကြည့်လိုက်ရင် ကိုယ့်ကိုကိုယ် မမှတ်မိအောင် ပြင်ပေးမယ်ဆိုပဲ။
ကျွန်တော်တို့ ပုဂံမှာ တုတ်တုတ်ငှားတော့ ဒါတွေကို သိတာမဟုတ်ဘူး။ ဒီအတိုင်းပဲ စျေးညှိပြီးငှားလိုက်တာ။ နောက်မှ တုတ်တုတ်ဆရာက မောင်းမယ်၊ ရိုက်မယ် ဆရာဖြစ်နေမှန်းသိလိုက်ရတယ်။ နာမည်ကလည်း အခု လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ အင်္ဂလိပ်နာမည်နဲ့၊ မိုက်လှပါလားလို့ပြောတော့ နာမည်ရင်း၊ မှတ်ပုံ တင် ထဲမှာလည်းဒီနာမည်ပဲတဲ့။ သူကလည်း နောက် တစ် ရက်ရောက်တော့ ကျွန်တော်ဘယ်သူဆိုတာ သိသွား တယ်။ ဒီမှာ ပြဿနာက တုတ်တုတ်ဆရာက အရင်က ဆိုရင် သူကပဲ ဧည့်သည်တွေကို ဓာတ်ပုံရိုက်ပေးခဲ့တာကိုး။ ကျွန်တော်တို့နဲ့တွေ့တော့ကျွန်တော်တို့ကလည်း ဘာလာလာ ရိုက်မယ် ဆိုတဲ့မောင်တွေ ဖြစ်နေတော့ သူ့မှာ ရိုက်ဖို့ အခွင့်အရေးမရှိဘူး။ အဲဒီထက်ဆိုးတာက ကျွန်တော် ရိုက်တဲ့ ပုံတွေထဲမှာ သူ့ပုံပါမှာ စိုးရိမ်လို့ ကျွန်တော်တို့ ကင်မရာချိန်ပြီ ဆိုတာနဲ့ ဝေးဝေးသွားနေရတာပဲ။
ထုံးစံကတော့ တုတ်တုတ်ဆရာက ခရီးစဥ်တစ်ခုပြီးရင် သူရိုက်ထားတဲ့ ဧည့်သည်ပုံတွေထဲက ကောင်းကောင်း လှလှလေးတွေကို ခွင့်ပြုချက်တောင်း။ သူ့ဖေ့စ်ဘွတ်အကောင့်မှာတင်ပြီး ကြော်ငြာရတာကိုး။ ကျွန်တော်တို့ နဲ့ ကျတော့ အဲဒီလို လုပ်လို့မရတော့ဘူး။ ဒါနဲ့ သူ့ကို စိတ်မပူပါနဲ့ဗျာ၊ ပုဂံက တုတ်တုတ်ဆရာတွေဟာ မောင်းတတ် တဲ့ အပြင် ရိုက်လည်း ရိုက်တတ်တဲ့အကြောင်း လူတွေသိအောင် ရေးပေးပါ့မယ်၊ ငှားတဲ့သူများရင် အဝါရောင် ဆေးဖိုးလေးကျေတာပေါ့ဗျာ လို့ ကတိပေးပြီး “မောင်းမယ်၊ ရိုက်မယ်”ကို ရေးလိုက်ရတာပဲ။ ပုဂံတုတ်တုတ် ပရိုမိုးရှင်းလို့ပြောရင်လည်း ရပါတယ်။