ပုဂံမြင်ကွင်းကျယ် ( ၆) 

ရွှေစည်းခုံ

ရန်ကုန်ရောက် ဘုရားဖူး ဧည့်သည်ဟာ ရွှေတိဂုံကို မဖြစ်မနေသွားရသလို ပုဂံရောက် ဘုရားဖူးဧည့်သည်ဆိုရင် လည်း ‌ရွှေစည်းခုံကို ဦးတိုက်ရတာပဲ။ ရွှေစည်းခုံစေတီတော်ရဲ့  ဘုရားအမှတ်ကိုက  ၁/ ၁ (က) ဖြစ်ပါတယ်။ ဘုရား သမိုင်းမှတ် တမ်းများအရတော့ ရွှေစည်းခုံစေတီကို အ‌နော်ရထာမင်း လက်ထက် မှာတည်ထား တာဖြစ်ပေမယ့် အပြီးမသတ်နိုင်ခဲ့ဘူး၊ကျန်စစ်သားမင်းနန်းတက်ပြီး၁၀၈၉ခုနှစ်မှာဆက်လက်တည်ထားတဲ့အတွက်၁၀၉၀ ပြည့်  နှစ် မှာ ပြီးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရှေး/သု ပုဂံဌာနခွဲတာဝန်ခံ ဆရာကြီးဦးဗိုကေ ရေးသားတဲ့ “ပုဂံ သုတေသန လမ်းညွှန်” စာအုပ်မှာတော့ အနော်ရထာမင်းစတည်ပြီး  ကျန်စစ်သားမင်း အပြီး သတ် တည်ဆောက် တယ်လို့ ဆိုပေမဲ့ စေတီတော်ကြီးရဲ့ လက်ရာတစ်ခုလုံးဟာ ကျန်စစ်သားခေတ်လက်ရာတွေ ဖြစ်ပြီး ကျန်စစ်သား မင်းနဲ့ သက်ဆိုင်တဲ့  ကျောက်စာတိုင်တွေပဲရှိတယ် လို့ရေးထားတယ်။ ( စာ ၆၅) 

ကျွန်တော်ကတော့ ၂၀၂၀ ခရီးစဥ်မှာ လေ့လာခွင့်မရခဲ့တဲ့ ကျန်စစ်သားကျောက်စာနဲ့ ဘုရင့်နောင်လှူထားတဲ့ ခေါင်းလောင်းကြီးကိုလေ့လာဖို့အတွက် ရွှေစည်းခုံစေတီကို သွားခဲ့ပါတယ်။ ဘုရင့်နောင်မင်းတရားကြီးလှူထားတဲ့ ခေါင်းလောင်းမှာပါတဲ့ ခေါင်းလောင်းစာက ပါဠိ၊ မွန်၊ မြန်မာ သုံးဘာသာနဲ့ ရေးထိုးထားတာဖြစ်တဲ့အတွက် ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ယူနက်စကိုက ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင် အဖြစ် သတ်မှတ်ခဲ့တယ်။ ကျန်စစ်သားကျောက်စာကတော့ မွန်ဘာသာကနေမြန်မာဘာသာပြန်ကို ဖတ်ဖူးတဲ့အတွက် မူရင်း ကျောက်စာကို ကြည့်ချင်တာဖြစ် ပါ တယ်။ 

 ရွှေစည်းခုံစေတီကို မနက်ကိုးနာရီလောက်ရောက်သွားတယ်။ အရှေ့ဘက်စောင်းတန်း ကားရပ်တဲ့နေရာမှာ ကား သုံးစီး၊ တုတ်တုတ် နှစ်စီးပဲရှိတယ်။ ဘုရားဖူးဧည့်သည်နည်းတဲ့သဘောပဲ။ အခုလို ခရီးသည်ပါးတဲ့အချိန် ဘာမှ  မဝယ်ဘဲ စောင်းတန်းဖြတ်လျှောက်ရတာ အတော်မျက်နှာပူရတယ်။ ဒီကြားထဲ ဘာမှမဝယ်ဘဲ သိချင်တာတွေ  မေးရတော့ နှစ်ထပ်ကွမ်းမျက်နှာပူရတယ်။ စျေးသည်တွေကတော့ ကိုဗစ်နဲ့ ကိုစစ် နှစ်နှစ်လောက် ထိုင်စား၊ အကြွေးစားထားရတော့ ဆိုင်ခန်းခလေးရလည်း မနည်းဘူးဆိုပြီး ဆိုင်ထွက်နေရတာပဲ။

 တကယ်တော့ ဒီဆိုင်တွေ ရဲ့ အဓိက ရောင်းအားက မြို့ကြီးတွေက ဘုရားဖူးတွေမဟုတ်ဘူး။ ကျေးလက်ဒေသ ဘုရားဖူး အထူးသဖြင့် အညာကျေးလက်‌ဒေသ ဘုရား ဖူးတွေက အဓိကဖောက်သည်။  ဒီလူတွေကမှ လိုက်ထရပ် တွေနဲ့လာ၊အခမဲ့ တည်းခိုဆောင်တွေ၊ ဘုန်းကြီးကျောင်းတွေမှာတည်း၊ ဘုရားစုံဖူး၊ အဝတ်အစား၊ အသုံးအဆောင် တွေ ကိုယ့် အတွက်ရော၊ ရွာ မှာကျန်ခဲ့သူတွေအတွက်ရော  တစ်နှစ်စာ အားပါးတရဝယ်ကြတာ။ အခုတော့ သူတို့ ဖောက်သည်တွေလည်း မီးရေး၊ထင်းရေး အလုပ်ရှုပ်နေတာနဲ့၊ လက်နက်ဘေးကြောက်ရတာနဲ့ ဘုရားဖူး မလာနိုင် ကြတော့ဘူး။ နောက်ပြီး ပုဂံညောင်ဦးဒေသရဲ့ အစဥ်အလာ ဘုရားပွဲကြီးတွေ မကျင်းပနိုင်တော့တာလည်း ပါတာ ပေါ့။ ကျွန်တော့်ကတော့  ဘုရားပွဲမလုပ်နိုင်တဲ့အကြောင်းပြောပြတဲ့ အမကြီးကို  ကျွန်တော် တို့ ရေစကြို ဘက် မှာလည်း ဒီလိုပါပဲဗျာ၊  ဘုရားပွဲတွေလည်း မလုပ်နိုင်ဘူး၊  ကိုကြီးကျော် ပွဲလည်း မလုပ်နိုင်ဘူး၊ ဘုရားရော နတ်ပါ လက်မြှောက်ထားရတဲ့အချိန်ကိုးဗျ လို့ နှစ်သိမ့် ခဲ့ ရတယ်။

ကျန်စစ်သားကျောက်စာနဲ့ ဘုရင့်နောင်ခေါင်းလောင်းကြီး နှစ်ခုလုံးကို အရှေ့ဘက်စောင်းတန်းဘေးမှာ ရှိတဲ့  အုတ်တိုက်ငယ်လေးတွေထဲမှာ ထိန်းသိမ်းထားတယ်။ အုတ်တိုက်တွေကို သော့ခတ်ထားတယ်။ သော့တွေကို ဂေါပကအဖွဲ့ရုံးခန်းမှာသိမ်းထားတယ်၊ လေ့လာချင်ကြောင်းသွားပြောရင် လုံခြုံရေးတစ်ယောက်လိုက်လာပြီး ဖွင့် ပေး တယ်။ အခက်အခဲမရှိဘူး။

ဘုရင့်နောင်ခေါင်းလောင်းကြီးထားတဲ့ အုတ်တိုက်နားမှာ ယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင် ဖြစ်ကြောင်း အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာနဲ့ ရေးထားတဲ့ စတီးပြားရှိတယ်၊ အုတ်တိုက်အဝင်တံခါးပေါ် မှာတော့ “‌ခေါင်းလောင်းတော်ကြီး ၊ ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတြားကြီးကောင်းမှု၊ သက္ကရာဇ် ၉၁၉ ခုနှစ်တွင် သွန်းလုပ်လှူဒါန်းသည်” လို့ရေးထားတဲ့ဆိုင်းဘုတ်ရှိတယ်။ အုတ်တိုက်က အတော်ကျဥ်းတယ်၊ ခေါင်းလောင်းနဲ့ အုတ်တိုက် အပြည့်နီးပါးပဲ။ ခေါင်းလောင်းကြီးကို ကိုင်တွယ်လို့မရအောင် မှန်ကာထားတယ်။ မှန်ကာထားတဲ့အတွက် ဓာတ်ပုံရိုက်တဲ့အခါ  အရောင်ပြန်ပြီး ရိုက်လို့မရဘူး။ ​ခေါင်းလောင်းကြီးမှာ ‌ရေးထိုးထား တဲ့ မြန်မာဘာသာခေါင်းလောင်းစာကိုတော့ စောင်းတန်းထဲမှာ မှန်‌ဘောင်သွင်းပြထားတယ်။ ခေါင်းလောင်းစာမှာ ဘုရင်နောင်မင်းတရားကြီးရဲ့  စစ်အောင်နိုင်မှုတွေ၊ လှူဒါန်းမှုတွေကိုစုစည်းဖော်ပြထားတယ်။ စာလုံးအရမ်းသေး တဲ့အတွက် ဖတ်ရတာ အခက်အခဲရှိတယ်။ 

ကျန်စစ်သားကျောက်စာတိုင်က နှစ်ခုရှိတယ်။ စောင်းတန်းဘယ်ညာမှာ တစ်ခုစီ၊ စောင်းတန်းကနေ ကျောက်စာ တိုက်ကို သွားတဲ့အပေါက်ကိုလည်းသော့ခတ်ထားသလို ကျောက်စာတိုက်ကိုလည်း သော့ခတ်ထားတယ်။ ဒီကျောက်စာတိုက်နှစ်ခုနဲ့ ခေါင်းလောင်းကြီးထားတဲ့ အုတ်တိုက်တွေက ပုံစံတူပဲ၊ တစ်ချိန်တည်း တပြိုင်တည်း ဆောက်ခဲ့ကြတာြဖစ်မယ်။ ကျောက်စာတိုက်တွေကလည်း ကျဥ်းတယ်၊ မှောင်တယ်၊ အထဲမှာ လူတစ်ကိုယ် ဝင် သာရုံပဲရှိတယ်။ ဓာတ်ပုံရိုက်ချင်ရင် အပြင်ကနေ လှမ်းရိုက်မှရတယ်။ 

ကျောက်စာတိုက်ဘက်ကိုထွက်တဲ့ အပေါက်အပေါ်မှာ “ ကျန်စစ်သားမင်းကြီး၏ အတ္ထုပ္ပတ္တိ ‌ကျောက်စာ “ ဆိုတဲ့ စာသားကို အင်္ဂလိပ်၊မြန်မာ နှစ်ဘာသာနဲ့ ရေးထားတဲ့ဆိုင်းဘုတ်ရှိတယ်။ ကျောက်စာတိုက်နံရံမှာတော့ “ ကျန်စစ် သားမင်းကြီး၏ ကျောက်စာတိုင် ၊ ဂေါတမဘုရားဗျာဒိတ်တော်ရ ကျန်စစ်သားမင်းကြီးလက်ထက် သာသနာ ရေး နှင့် တိုင်းပြည်စည်ပင်ထွန်းကားမှု အခြေအနေကို ပြဆိုခြင်း၊ ၁၀၈၉ အေဒီ” ဆိုတာကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာ နဲ့ရေးထားတဲ့ ကျောက်ပြားတစ်ချပ်ရှိတယ်။ 

ကျန်စစ်သားမင်းကြီး အတ္ထုပ္ပတ္တိ‌ကျောက်စာက မွန်ဘာသာနဲ့ ရေးထိုးထားတာဖြစ်ပါတယ်။ စောင်းတန်းထဲမှာ တော့ အဲဒီကျောက်စာထဲမှာ ပါတဲ့ ကျန်စစ်သားမင်းကြီးက ပြည်သူတွေအပေါ် ဆောင်ရွက် ပေးမယ့်အချက်တွေ ကို  မြန်မာဘာသာပြန်ပြီး ကောက်နှုတ်ဖော်ပြထားတဲ့ ဗီနိုင်းတစ်ချပ်ထောင်ထားတယ်။ အတိုချုပ်ကတော့  

၁။  ချစ်ခင်ရသူတွေနဲ့ ကွဲကွာနေရတဲ့သူတွေရဲ့ မျက်ရည်ကို  လက်နဲ့ တူသော မေတ္တာစိတ်နဲ့ သုတ်ပေးမယ်။

၂။ စိတ်နှလုံးပူဆွေးနေသူတွေရဲ့ နှပ်ရည်ကို ရေနဲ့တူသော ဂရုဏာစိတ်နဲ့ ဆေးကြောပေးမယ်။

၃။ ညာဘက် လက်နဲ့ ပြည်သူတွေကို ထမင်း၊ မုန့်ပေးမယ်။ 

၄။ ဘယ်ဘက် လက်နဲ့ ပြည်သူတွေကို ပစ္စည်း ဥစ္စာ အဝတ်ပုဆိုးပေးမယ်။ 

၅။ ပြည်သူတွေဟာအမိရင်ခွင်မှာ ရှိတဲ့ သားငယ်လို နေထိုင်ခွင့်ရမယ်။ ( အေးချမ်းလုံခြုံစွာနေရမယ်ဆိုတဲ့သဘော)

၆။ ဘုရင်က ပြည်သူတွေရဲ့ အကျိုးစီးပွားကိုစောင့်ထိန်းမယ်။ 

ဒီကျောက်စာမှာ ဘုရင်ကို အလွန်အကျွံ ချီးမြှောက်ထားတဲ့ အချက်တွေ ဥပမာ၊ ပုဂံပြည်မှာ ကျန်စစ်သား မင်း ဖြစ်မယ်ဆိုတာကို ဂေါတမ မြတ်စွာဘုရားက ဗျာဒိတ်ထားခဲ့တယ်ဆိုတဲ့ အချက်မျိုးတွေပါပေမယ့်လည်း မင်း ဖြစ်သူက တိုင်းသူပြည်သားတွေအပေါ်  ပြုကျင့်မယ့်ကျင့်ဝတ်တွေ တနည်းအားဖြင့်  မင်း နဲ့ ပြည်သူကြားမှာ ထား တဲ့ ကတိစကားတွေကတော့ အလွန်တန်ဖိုးကြီးလှပါတယ်။

အထူးသဖြင့် “ပြည်သူတွေဟာ အမိရင်ခွင်မှာ ရှိတဲ့ သားငယ်လိုနေထိုင်ခွင့်ရမယ်”ဆိုတဲ့စကားကလေးနက်လွန်းပါတယ်။  ဒီအချက်က ပုဂံခေတ်တင်မဟုတ်ပါဘူး၊ ဘယ်ခေတ်၊ဘယ်နိုင်ငံ၊ ဘယ်မင်း၊ဘယ်အစိုးရမဆိုလိုက်နာကျင့်ကြံအပ်တဲ့အချက်လည်းဖြစ်ပါတယ်၊  ဒီကတိ စကားအတိုင်းကျင့်ကြံခဲ့လို့လည်း ကျန် စစ်သားမင်းကြီးဟာ သမိုင်းမှာ မင်းကောင်းမင်းမြတ်၊ တရားနဲ့ အညီ ပြုကျင့်သောမင်းအဖြစ် သမိုင်းမှတ်တမ်းတင်ခံ ခဲ့ ရတာပါ။ ပြည်သူကို သားသမီးလို သ‌ဘောထားတဲ့ မင်း နဲ့ သားသမီးကိုပဲ ပြည်သူလို့ထင်ပြီး စောင့်ရှောက်တဲ့ မင်း တွေကြား ကွာခြားချက်ကို ပြည်သူတွေက သိကြပါတယ်။

ကျန်စစ်သားမင်းကြီး အတ္ထုပ္ပတ္တိ‌ကျောက်စာနဲ့ ဘုရင်နောင်မင်းတရားကြီး ခေါင်းလောင်းတော် တွေဟာ သမိုင်း တန်ဖိုးကြီးမားတဲ့အတွက်အခုထက် ပိုကျယ်ဝန်း ပိုလုံခြုံတဲ့ အဆောက်အအုံနဲ့ထားပြီး ကျောက်စာ/ ခေါင်းလောင်း စာ မြန်မာပြန် အပြည့်အစုံကိုလည်း ရှင်းရှင်းလင်းလင်း ဖတ်နိုင်အောင် စီစဥ်ထားပေးရင်ပိုကောင်းမယ်လို့ ထင် ပါ တယ်။ အခုတော့ ကျောက်စာ/ခေါင်းလောင်းထားတဲ့ အဆောက်အအုံတွေက နေရာကျဥ်းမည်းမှောင်နေပြီး သက်ဆိုင်ရာ ဆိုင်းဘုတ်တွေကို စောင်းတန်းထဲမှာ ထောင်ထားရတာ အဆင် မပြေဘူး။ 

ကျောက်စာကို လေ့လာပြီးတော့ ရင်ပြင်တော်ကို ပတ်တယ်။ ဇရပ်တွေနောက်ဘက်က နေရာတွေကို လိုက်ကြည့် ရင်း ပွဲမင်းကြီး ဦးနေဒွန်းနတ်နန်းဆိုတာကို သွားတွေ့တယ်၊ နန်းမှာ ဘုရားဝန်ထမ်း အမျိုးသမီး နှစ်ယောက်နဲ့ အဖွား တစ်ယောက်တွေ့တယ်။ အဖွားကလည်း ဝန်ထမ်းတစ်ယောက်အမေပဲ၊ နတ်နန်းမှာ လာဆု တောင်းတဲ့အခါ လိုအပ် တာတွေရွတ်ဖတ်ပေးတာပေါ့။ ကျွန်တော်တို့ ရောက်သွားတော့ အမျိုးသား၊ အမျိုးသမီး စုံတွဲ တစ်တွဲက လက်အုပ် ချီနေပြီး  အဖွားက သူတို့ကိုယ်စား “ ကောင်းသောအတိတ်၊ ကောင်းသောနမိတ်၊ ကောင်းသော လာဘ်လာဘများ ပေးသနားတော်မူပါ။ မကောင်းသောဘေး၊ မကောင်းသောရန်၊ မကောင်းသော အိပ်မက် များဖယ်ရှားပေးပါ။ အလုပ်ကောင်း၊ နေရာကောင်း၊ အထုပ်ကောင်း၊ အထည်ကောင်း၊ ရတနာကောင်း များရရှိ စံစားရအောင် မစတော်မူပါ။” ဆိုပြီး ဆုတောင်းပေးနေတယ်။ နတ်စင်ဘေးသံပန်းမှာလည်း “ ကုန်ရောင်း ကုန် ဝယ် ကုန်သွယ် တိုင်းသာ မြတ်စွန်းပါစေသော်” ဆိုတဲ့ ဆိုင်းဘုတ်တစ်ခုရှိတယ်။ 

သူတို့ကိစ္စပြီးသွားတော့ အမျိုးသမီးတစ်ယောက်က ကျွန်တော်တို့ကို “ ဒါက ပွဲမင်းကြီး ဦးနေဒွန်းနန်း၊ ရာဖြတ်ကုန် သည်ပွဲမင်းကြီး ဦးနေဒွန်းလို့ခေါ်တယ်။ ကုန်သည်ပွဲစားမှန်သမျှ ဒီကိုလာပြီး ဦးခိုက်ရတယ်၊ ပွဲမင်းကြီးက အရောင်း အဝယ်ကောင်းအောင်’မစ’တယ်၊ ရွှေစည်းခုံဘုရားပွဲဆိုရင် ပွဲဈေးသည်တွေက ဒီမှာလာပြီး ပွဲထိုး ကြရတယ်” လို့ ရှင်းပြတယ်။

“ခင်ဗျားတို့ကိုရော ‘မစ’ လား”လို့ မေးတော့ “ပွဲမင်းကြီးက ကုန်သည်တွေကိုပဲ ‘မစ’ တာလေ၊ ကျွန်မတို့ က ဝန်ထမ်းဆိုတော့ အစိုးရက ‘မစ’ မှရတာ” တဲ့။ ပြောတတ်ပါပေ့။ သူ့ကိုတော့ ပွဲမင်းကြီးက ပုဂံ မင်း နေပြည်တော်ဖြစ်တုန်းကသာတန်ခိုးရှိတာပါ၊အခုခေတ်သစ်ပွဲမင်းကြီးတွေရှိနေတဲ့အတွက် ခရိုနီ တွေ၊ တိုင်ကွန် တွေ ဦးနေဒွန်း ဆီမလာတော့ဘူးဆိုတဲ့ အ‌ကြောင်း မပြော တော့ဘူး၊ သူ့ယုံကြည်ချက်နဲ့သူ ပျော် နေတာပဲ ကောင်း ပါ တယ်။ 

ကျွန်တော်တို့ စောင်းတန်းအတိုင်းပြန်ဆင်းလာတော့ စောင်းတန်းကခြောက်ကပ်လို့။ စျေးသည်တွေကလည်း စောင်းတန်းဝင်ပေါက်ဘက်ကို ငေးရင်း ဧည့်သည်မျှော်လို့။  “ ပြည်သူတွေဟာ အမိရင်ခွင်မှာ ရှိတဲ့ သားငယ်လို နေထိုင်ခွင့်ရမယ်။” ဆိုတဲ့ ကျန်စစ်သားမင်းကြီးရဲ့ ကတိစကားဆိုင်းဘုတ်ကလည်း ငူတူတူ  ငေါင်းစင်းစင်း။ 

Leave a comment