ပုဂံမြင်ကွင်းကျယ် ( ၇)

ဘုန်းစဥ်ဈေး 

ဘုန်းစဥ်စျေးဆိုတာ ညောင်ဦးမြို့မစျေး လို့ ဆိုရမယ့် မဏိစည်သူစျေးဘေးက ဘုန်းစဥ်ဘုန်း တော်ကြီးကျောင်းဝင်းထဲမှာ ဖွင့်ထားတဲ့ မနက်စျေးဖြစ်ပါတယ်။ ၂၀၂၀ ဇူလိုင် ပုဂံခရီးစဥ်မှာလည်း ဘုန်းစဥ်‌ဈေးကို ရောက်ခဲ့၊ ဈေးအကြောင်း ဓာတ်ပုံဆောင်းပါးရေးခဲ့ဖူးတယ်။ ဒါပေမယ့် ဈေးဆို တာက ‌ဒေသခံသာမန်လူတန်းစားတွေရဲ့ လူမှုစီးပွားရေးဘဝကို တစ်စိတ်တစ်ပိုင်း ထင်ဟပ် နေတဲ့ နေရာြဖစ်တော့ ဒီတစ်ခေါက်လည်း ဘုန်းစဥ်စျေးကို အရောက်သွားပြီး ဈေးရင်ခုန်သံကို နားထောင် ခဲ့တယ်။ 

ကျွန်တော်တို့ရောက်တဲ့အချိန်က မနက်ငါးနာရီခွဲကျော်ကျော်ဆိုတော့ ဈေးမစည်သေးဘူး။ ခဏနေ တော့ ထွေလာဂျီတွေ၊ လိုက်ထရပ်တွေ အလျှိုလျှိုရောက်လာကြတယ်။ ဆိုင်ကယ်နဲ့ စျေးဝယ်တွေ နောက်ကလိုက်ဝင်လာတယ်။ ကားစက်သံ၊ ဆိုင်ကယ်ဟွန်းသံ၊ လူခေါ်သံတွေနဲ့ ဈေးက အသက်ဝင် လာတယ်။ ဒီဈေးက ကုန်စိမ်းဈေး၊ ဘယ်နေရာကြည့်လိုက် ကြည့်လိုက် အသီးအနှံမျိုးစုံ၊ အထုပ် ကြီး အထုပ် ငယ်တွေနဲ့၊ လိုက်ထရပ်တွေထဲမှာ အပြည့်အသိပ်၊ ခေါင်မိုးပေါ်ထိတင်ထားတယ်၊ ထွေ လာဂျီတွေကတော့ အပြည့်အမောက်၊ လူတွေက အထုပ် တွေပေါ်မှာ ယိမ်းထိုးပြီးထိုင်လို့။  စျေးထဲ ရောက်တာနဲ့ ပစ္စည်းတွေချ၊ ဒစ်ဂျစ်တယ်ချိန်ခွင် တွေ ခင်းနဲ့ ဇယ်စက်သလို လုပ်နေကြတယ်။    

လိုက်ထရပ်နဲ့လာတဲ့သူတွေကလက်ကားကုန်သည်ကြီးတွေများတယ်။ သူတို့က  ရပ်ဝေးက လာတဲ့ ကုန်တွေကို ပြန်ရောင်းတာ။ ထွေလာဂျီနဲ့လာတဲ့သူအများစုကတော့ ညောင်ဦးပတ်ဝန်း ကျင် နဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းရွာတွေက ကုန်စိမ်းတွေကို ကောက်ပြီး လာရောင်းတာ။

ဈေးဝယ်တွေကြတော့ တချို့က ဒီမှာဝယ်၊ မဏိစည်သူဈေးထဲမှာ ပြန်ခင်းရောင်း၊ တချို့က မြင်းက ပါဈေး၊ ပုဂံမြို့သစ်ဈေး၊ တောင်ဇင်းဈေး စတဲ့ ပတ်ဝန်းကျင်ဈေးတွေမှာ ရောင်းဖို့ လာဝယ်တာ၊ တစ်ချို့က ပတ်ဝန်းကျင်ရွာတွေမှာ တုတ်တုတ်၊ ဆိုင်ကယ်၊ လိုက်ထရပ် စတာတွေနဲ့ လှည့်လည် ရောင်းဖို့ လာဝယ်တာ။ ဈေးရောင်း၊ ဈေးဝယ်အားလုံးက ဖောက်သည်တွေ၊ လူရင်းတွေ ဖြစ် နေပါပြီ၊ ဘယ်သူ ဘာယူမယ်ဆိုတာတောင် အလွတ်ရနေလောက်ပြီ၊ အချင်းချင်း အော်ခေါ် ကြ၊ ဈေးလှမ်းပြောကြ၊ လာခဲ့မယ် ဘာတွေချန်ထားပေးဆိုပြီး ကြိုပွိုင့်ယူကြနဲ့ ဟုတ်နေတာပဲ။ 

ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်နေတဲ့သူတွေကြားထဲမှာ ကင်မရာတကားကားနဲ့ ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်က ကန့်လန့်ကန့်လန့်ဖြစ်နေတာပေါ့။ ကိုယ်သိချင်တာတွေမမေးခင် ဈေးသည်အလုပ် များနေသလား ဆိုတာလည်း အရိပ်အခြေကြည့်ရ‌တယ်။ အထုပ်တွေထမ်းပြီး ပါးစပ်က ခဏလေး ခဏလေး ဆိုပြီး အသံပေးလာတဲ့ အထမ်းသမားတွေကိုလည်း ရှောင်ပေးရသေးတယ်။  ကျေးလက် ဈေးသည်တွေကတော့ မြို့ကြီးပြကြီးကဈေးသည်တွေထက်စာရင် မေးလို့ မြန်းလို့ပိုကောင်းပါ တယ်။ နာနတ်သီးသည်အမကြီးကတော့ ကျွန်မတို့ အညာက ပွင့်လင်းတယ်၊ ဖော်ရွေတယ်၊ ချစ်ပြီ ခင်ပြီဆိုရင်လည်း တစ်သက်ပဲ တဲ့။ 

ဘုန်းစဥ်ဈေးက ကုန်စိမ်းဈေးဆိုတော့ အနယ်နယ်အရပ်ရပ်က ကုန်တွေမြင်ရတယ်။ ပြည်ဘက်က  ပဲသီး၊ ဖရုံသီး၊ ကျောက်ဆည်ဘက်က ငရုတ်သီး၊ ပြင်ဦးလွင်ဘက်က နာနတ်သီး ၊ အောင်ပန်း ဘက်က ဆင်းလာတဲ့ ဂေါ်ရခါးညွန့်၊ ခရမ်းသီး၊  ဆလပ်ရွက်၊ ပုပ္ပါးဘက်က မုန်လာဥ ၊ နံနံပင်၊ နဂါးမောက်၊ ဖရဲသီး၊ ငှက်ပျောသီး၊ မာလကာသီး စုံစီနဖာပဲ။ သခွားသီးတွေက ရန်ကုန်မှာမြင်နေကြ သခွားသီးတွေနဲ့မတူလို့မေးကြည့်တော့ဗမာသခွားသီး၊မြင်းခြံဘက်ကလာတာ၊အရမ်းချိုတယ်တဲ့၊တောင်သူကြီးမင်းရဲ့ သခွားသီးမျိုးထင်တယ်။ ခရမ်းချဥ်သီးတွေကတော့ ရှမ်းကုန်ရော၊ အညာကုန် ရောပါတယ်။ မုံရွာဘက်ကလာတဲ့ ဆူးပုတ်နဲ့ နံနံပင်လည်းတွေ့တယ်။မုံရွာဘက်က လမ်းသာ လို့ လား လို့မေးတော့ ကုန်ကားတွေကတော့ ဒီလိုပဲ ဖြစ်အောင် သွားနေရတာ ပေါ့လို့ဆိုတယ်၊ ဒီလိုပဲ ဆိုတာ ဘယ်လိုလဲ လို့မေးတော့ ပြုံးတော်မူတယ်။ 

ကုန်စိမ်းတွေ ကြား ထဲမှာ ဒေသစာတွေလည်း ခင်းရောင်းတာမြင်ရတယ်။ ဖရဲသီးချဥ်တဲ့။ ငံပြာရည်၊ ငရုတ်သီး၊ ကြက် သွန်ဖြူနီနဲ့ ငါးပိကြော်လို ကြော်စားရင်ကောင်းသတဲ့။ ကြောင်လျှာပွင့်တွေ ပြုတ် ရောင်းတာတွေ့လို့ မေးကြည့်တော့ ညောင်ဦးနယ်၊ “ငါ့မင်းမေး”ရွာကလာရောင်းတာတဲ့။ ထူးဆန်း လွန်းတဲ့ ရွာနာမည်အကြောင်းမေးချင်ပေမယ့် အလုပ်ရှုပ်နေချိန်ဖြစ်လို့ မမေးခဲ့ရဘူး။ တုရင်တောင် ဘက်က လာတဲ့ ပိတ်စွယ်တွေလည်း တွေ့တယ်။ မန်ကျည်းရွက်နုတွေကတော့ အပေါဆုံးပဲ၊ အပုံ လိုက်၊ အပုံလိုက်၊ တကယ့်အဖူးအညွန့်လေးတွေ။  ဈေးဝယ်အမကြီးတစ်ယောက်က မန်ကျည်းဖူး ၊ မန်ကျည်း ညွန့်ခူးတဲ့သူတွေက အိမ်ဝိုင်းထဲ၊ ယာထဲ က အပင်တွေကို ထိပ်အထိ တက်ခူး ရတာ၊ အန္တရာယ်များတယ်၊ ဒါ့ကြောင့် သူကတော့ မန်ကျည်းရွက်နုတွေဝယ်ရင်ဘယ်တော့မှ စျေးမဆစ် ဘူးလို့ရှင်းပြတယ်။ 

 မြစ်တစ်ဖက်ကမ်းတန့်ကြည့်တောင်၊မြစ်‌ခြေဘက်ကချဥ်ပေါင်၊ခရမ်းသီး၊ခဝဲသီး၊နံနံပင်၊ကင်မွန်းချဥ်၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီးတွေလာရောင်းတယ်။  ကန်စွန်းရွက်ဖားဖားကြီးတွေတွေ့လို့ မေးကြည့် တော့ တိုင်ဝမ်ကန်စွန်း နဲ့ ဗမာ ကန်စွန်းတွေ၊ ပခုက္ကူ ဆယ်လံရွာက ထွက်တာတဲ့၊ တိုင်ဝမ်ကန်စွန်းက ‌ကြော်စားလို့ကောင်းတယ်၊ဗမာ ကန်စွန်းက ချဥ်ရည်ဟင်းချက်စားလို့ကောင်းတယ်တဲ့၊ မြစ်အနောက် ဘက်ကမ်းကစိုက်ခင်းအများစုက  မကြာခင် ရေဝင်တော့မှာ၊ နောက်လဆိုရင် ကုန်းဘက်မှာ ရေ တွင်း တူးပြီးစိုက်တဲ့အခင်းတွေကပဲ အသီးအနှံတွေထွက်‌တော့မှာတဲ့။ ထုတ်လုပ်တဲ့နေရာ ပြောင်း ရင် ဈေးအတက်အကျရှိမယ်ဆိုတဲ့သဘောထင်ပါရဲ့။

မြစ်အနောက်ဘက်ကမ်းက လာရောင်းတဲ့ ဈေးသည်တွေဟာ ညနေထဲက အခင်းတွေမှာ လိုက်ဝယ်၊ အိမ်ရောက်ရင်   ရေဆေး၊ ဖြန့်ခင်းထား၊ မနက်သုံးနာရီလောက်ထ၊ ထမင်းကြမ်းစား၊ ဟင်းသီးဟင်း ရွက်တွေ ထုပ်ပိုးပြီး စက်လှေဆိပ်ဆင်း၊ စက်လှေခက သွား/ပြန် တစ်ထောင်၊ ကုန်ကတော့ အထုပ် အရွယ်အစားပေါ်မူတည်ပြီးကောက်တယ်။ ဒီဘက်ကမ်းရောက်တော့ ကြိုနေကြ ထွေလာဂျီ နဲ့ စျေး ကိုလာတယ်။ ကားခက အထုပ်သေးရင် ငါးရာ၊ ကြီးရင်တစ်ထောင်။ စျေးကွဲရင် စားစရာရှိတာ စား၊ ဝယ်စရာရှိတာဝယ်၊ အိမ်ပြန်၊ ညနေရောက်တော့ အခင်းတွေမှာလိုက်ကောက်၊ မနက်ဖြန်အတွက် ပြင်ဆင်၊ ဒီလိုနဲ့ သံသရာလည်နေတာပဲ။ အရောင်းအဝယ်ရောလို့မေးတော့ “ကျပ်တယ်” တဲ့။ တိုတို လေးနဲ့ ထိမိတဲ့အဖြေပဲ။ 

ကျွန်တော်က မြစ်အနောက်ဘက်က နယ်မြေအေးချမ်းလားလို့မေးတော့ မဖြေဘူး၊ ကျွန်တော် က တန့်ကြည့်တောင်ဘုရားဖူးချင်လို့မေးတာပါလို့ပြောမှာအသံနိမ့်နိမ့်လေးနဲ့ ဒီလိုပဲ၊ ပူလိုက် အေး လိုက် ပေါ့။ ကိုယ့်နားမှာ မဖြစ်လည်း အသံတွေတော့ ကြားနေရတာပဲ။ စိုက်မှ စားရ၊ ရောင်းမှ စားရဆို တော့ ဒီလိုပဲ သွားလာနေရတာပေါ့လို့ဆိုတယ်။ နောက်ပြီးမှ ဧည့်သည်ကတော့ မသွားတာ ကောင်း ပါတယ်လို့ အကြံပေးတယ်။ 

‌ဈေးထဲက ပြန်ထွက်လာတော့ အဝင်ဝမှာ လိုက်ထရပ်တစ်စီးရပ်ပြီး အမျိုးသမီးကြီးတွေဆင်း လာ တယ်၊ခေါင်းမိုးပေါ်ကတောင်းတွေချတယ်၊ဘာတွေလည်းဗျလို့မေးတော့ ရွာထွက် မန်ကျည်းရွက်နု တွေ ကတက် ချဥ်တွေ။  ဘာပစ္စည်းမှာ ရောင်းဖို့မပါဘဲ ဈေးဝယ်သက်သက်လိုက်လာတဲ့ သူလည်း ပါ တယ်။ အမကြီးတို့ နောက်ကျနေပြီ ဆိုတော့ တစ်ယောက်က  ကားသမားအိပ်ယာထနောက်ကျ လို့ ဆိုပြီး မေးငေါ့ ရင်း ဗျစ်တောက် ဗျစ်တောက်ပြောနေတယ်။  စီးကရက်ခဲထားတဲ့ ကားဆရာ က တော့ ပြုံးပြုံးပြုံးပြုံးနဲ့ ပစ္စည်းတွေ ကူချ ပေးနေတယ်။ ရွာကားဆိုတော့လည်း တူအရီးတွေလို ပြောမနာ၊ ဆိုမနာ ဖြစ်နေပြီထင်ပါရဲ့။ 

အဲဒီအမျိုးသမီးကြီးတွေက တုရင်တောင်နားမှာ ရှိတဲ့ ရှင်မိန်ရွာလာတာ၊ သူတို့ကတော့ ရွာနေရာကို လမ်း အရှေ့ဘက်၊ အနောက်ဘက်နဲ့ ညွှန်းတယ်၊ ရန်ကုန်သားက မျက်စိလည်နေတော့ ပြန်မေး ရတယ်၊ နောက်ဆုံးတော့ ကျောက်ပန်းတောင်းလမ်း၊ တုရင်တောင်လမ်းခွဲကျော်ရင် လမ်းဘယ်ဘက် ထဲမှာ ရှိတယ်၊ လမ်းမကြီးကနေ ဆိုင်ကယ်နဲ့ ငါးမိနစ်၊ ဆယ်မိနစ်လောက်  ဝင်ရတယ်လို့ သိရတယ်၊  ကျွန်တော်က အညာစာတွေအကြောင်းပြောတော့ ရွာလာခဲ့စမ်းပ၊ ကျွေးချင်လို့ဆိုပြီးဖိတ်တယ်။ 

သူတို့ဈေးထဲဝင်သွားတော့ ကျွန်တော်တို့လည်း မနှင်းအသုပ်ဆိုင်ကို ချီတက်တယ်၊ ဘုန်းစဥ်ဈေးက အညာသူကြီးတွေနဲ့ စကားပြောရတာ၊ ကိုယ့်ဆွေမျိုးသားချင်းတွေနဲ့ ပြန်တွေ့ရသလိုပဲ။ စျေးသည် အမကြီးပြောတဲ့ ကျွန်မတို့ အညာက ပွင့်လင်းတယ်၊ ဖော်ရွေတယ်၊ ချစ်ပြီ ခင်ပြီဆိုရင်လည်း တစ်သက်ပဲ ဆိုတဲ့စကားက အမှန်ပဲ။ အညာသူ အညာသား ဆိုတာ ချစ်လုံးလုံး မုန်းလျားလျ

Leave a comment