ပုဂံမြင်ကွင်းကျယ် (၁၁)

ပုဂံခရီးစဥ် သွား၊ နား၊ စား

ကျွန်တော် ခရီးဘယ်လိုသွားလဲလို့ မေးရင် ငယ်ငယ်ထဲက အားကျတဲ့ ကျောပိုးအိတ်တစ်လုံးနဲ့ ကမ္ဘာပတ်တဲ့ ခရီး သွားတွေကိုနမူနာယူပြီးသွားတယ်လို့ပြောရမှာပဲ။လက်တွေ့လွတ်လွတ်လပ်လပ်ခရီးသွားခွင့်ရတဲ့အချိန်မှာ အသက် က‌ခြောက်ဆယ်ကျော်ပြီဆိုတော့ သူတို့လောက်တော့ ဒုံးပေကပ်သတ် ၊ ပေပေတေတေ မသွားနိုင် တော့ ဘူးပေါ့။

ဒါပေမဲ့ပြည်တွင်း၊ ပြည်ပ ဘယ်ခရီးသွားသွား အတတ်နိုင်ဆုံး ပစ္စည်းနည်းနည်းနဲ့ ပေါ့ပေါ့ပါးပါးသွားတယ် ။ စျေးသက်သာပြီးအသင့်အတင့် သန့်ပြန့်တဲ့ ဟိုတယ်လေးတွေမှာတည်းတယ်။ အကုန် အကျ နည်းတဲ့ ဘတ်စ် ကား၊ရထား စီးတယ်။ သွားမယ့်နေရာရောက်ရင် လမ်းလျှောက်လို့ရတဲ့ နေရာလျှောက် တယ်၊ မရရင် တုတ်တုတ်၊ ဆိုင်ကယ် တက္ကစီ နဲ့ သွားတယ်။ စားတဲ့အခါ စားသောက်ဆိုင်ကြီးတွေကို ရှောင်ပြီး သန့်ရှင်းစျေးသက်သာတဲ့ ဆိုင်လေးတွေမှာ စားတယ်။

လူအများကြီးနဲ့လည်း မသွားဘူး၊ ကိုယ်လိုခရီး သွားနိုင်သူ တစ်ယောက်နဲ့ ပဲသွား တယ်၊ သူသွားချင်တဲ့ နေရာနဲ့ ကျွန်တော်သွားချင်တဲ့နေရာ မတူတဲ့နေ့ဆိုရင် ကိုယ့်လမ်းကိုယ်သွား၊ ညနေ ပြန်ဆုံ တယ်။ ကုန်ကျစရိတ်ကတော့ ကိုယ့်အတွက် ကိုယ်ရှင်းပဲ၊ ဒီနည်းလမ်းက တစ်ယောက်နဲ့ တစ်ယောက် ဘာမှ အားနာဖို့ မလိုဘူး။

သွားမယ်

ပုဂံအသွားခရီးကို ‌ဂျေဂျေ JJ Express နဲ့ သွားတယ်။ ကားလက်မှတ်ကိုတော့ ဂျေဂျေ အပလီကေးရှင်းက နေ ဝယ်တယ်။ အပြန်ခရီးကို ရွှေမန္တလာ နဲ့ ပြန်တယ်။ သူ့ကားလက်မှတ်ကိုတော့ MMBus ကားလက်မှတ် အပလီကေး ရှင်းကနေ ဝယ်တယ်။ MMBus ကတော့ Elite, JJ လို ကားလိုင်းကြီးတွေက လွဲရင် တစ်နိုင်ငံလုံးအတွက် ကားလိုင်း မျိုးစုံကို ရှာဝယ်လို့ရတယ်၊ ငွေပေးတာကတော့ JJ ရော MMBus ရော KBZ pay , CB Pay အပြင် တခြား အွန် လိုင်း ငွေပေးစနစ်အတော်များများနဲ့လည်း ပေးလို့ရတယ်။ ထိုင်ခုံနေရာလည်း စိတ်ကြိုက်ရွေးလို့ရတယ်။ စိတ်ကြိုက် ခုံတွေ လိုချင်ရင်တော့ တစ်ပတ်လောက်ကြိုဝယ်ပေါ့။ ကားခကတော့ ကားလိုင်းနှစ်ခုလုံး ပုဂံခရီးစဥ် ဗီအိုင်ပီ 2 plus 1 ဆိုရင် သုံး သောင်းပဲ။

ပုဂံညောင်ဦးနယ်မြေမှာ လှည့်ပတ်သွားလာဖို့အတွက်တုတ်တုတ် ငှားလိုက်တယ်။ E Bike လို့ အတိုကောက်ခေါ် ကြတဲ့ ဘက်ထရီဆိုင်ကယ်တွေငှားစီးလို့ရပေမယ့် လူသိနည်းတဲ့ ဘုရားပုထိုးတွေကို သွားဖို့ဆိုရင် တုတ်တုတ် ငှားစီးတာက ပိုအဆင်ပြေတယ်။ စျေးကတော့ နှစ်ဘက်ညှိနှိုင်းပေါ့။

ပုဂံမှာ ဘယ်နေရာတွေကို ကြည့်မလဲဆိုတာရွေးတော့ ကျွန်တော်တို့ က ပုဂံရောက်ဧည့်သည်အများစု သွားတဲ့ နေရာ မျိုးထက် ပုဂံခေတ် အနုပညာလက်ရာတွေကို လေ့လာနိုင်မယ့် နေရာတွေ၊ ပုဂံ ညောင်ဦး ဒေသခံပြည်သူ တွေရဲ့ လူမှု စီးပွားဘဝတွေကို မြင်နိုင်၊ သူတို့ရင်ထဲမှာ တိတ်တိတ် လေး ပြောနေတဲ့ အသံတွေကို ကြားနိုင်တဲ့ နေရာတွေကို သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ ပုဂံခေတ် အနုပညာ လက်ရာတွေ နဲ့ပတ်သက်ပြီး ရွေးတဲ့အခါ အဓိက အကိုးအကားပြုရတာကတော့ ပုဂံသုတေသနလမ်းညွှန် ( ဦးဗိုကေ၊ လွင်ဦးစာပေ၊ ဒုတိယကြိမ်။ ၂၀၁၅) စာအုပ် နဲ့ #THUTApurà – သုတပူရ ဖေ့စ်ဘွတ် စာမျက်နှာပါပဲ။ သွားချင်တဲ့နေရာတွေ ရပြီဆိုတော့ တစ်ရက်ချင်း အလိုက် သွားမယ့်နေ ရာတွေကို အကြမ်းဖျဥ်း လျာထားလိုက်တဲ့အခါ ပုဂံမှာ ကိုးည အိပ် ဆယ်ရက်နေရ မယ်လို့အဖြေထွက်တယ်။ ဒီတော့မှ တည်းဖို့နေရာ ရှာရတယ်။

နားမယ်

ပုဂံမှာ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း ပုံစံမျိုးစုံ၊ စျေးမျိုးစုံရှိတဲ့အထဲက စျေးနှုန်းသင့်တင့်၊ ညောင်ဦးမြို့ထဲမှာရှိ၊ ခရီးသွားတွေရဲ့ မှတ်ချက်ကောင်းလည်းရထားတဲ့၊ ညဘက်မှာ မီးပျက်ရင်မီးစက်နှိုးပေးတဲ့ ဟိုတယ်တွေကို လိုက် ရှာပြီး နောက်ဆုံးမှာ “ကျွန်းပုဂံ” မိုတယ်ကို ရွေးလိုက်တယ်။ ဒီမိုတယ်က အခန်း ၁၄ ခန်းပဲရှိတဲ့အတွက် မိသား စု ဆန်တယ်။ ညဘက်မီးပျက်ရင်မီးစက်နှိုးပေးတယ်။ နှစ်ယောက်ခန်း၊ သုံးယောက်ခန်း၊ လေးယောက်ခန်း ရှိတယ်။ ကျွန်တော်တို့ သွားတဲ့ ဇူလိုင်လမှာ နှစ်ယောက်ခန်းက တစ်ရက်သုံးသောင်း၊ အဲကွန်း နဲ့ ပန်ကာပါတယ်။ ကျွန်တော်တို့ကတော့ ရက်ရှည်နေတဲ့ အတွက် တစ်ရက် နှစ်သောင်းခွဲနဲ့ ရတယ်။ ကျွန်တော်မှန်းသိလို့ပေးတာမဟုတ်ပါဘူး၊ ဘွတ်ကင်တင်တာ ကျွန် တော့်သူငယ်ချင်းနာမည်နဲ့တင်ပြီး ဖုန်းနဲ့ စျေးညှိတာပါ။ ( မိုတယ်လိပ်စာကို ဓာတ်ပုံမှာ ကြည့်ပါ)

ဒီမိုတယ်လေးမှာ အကြိုက်ဆုံးကတော့ အညာအစားအစာတွေပါတဲ့ နံနက်စာဘူဖေးပဲ။ အခန်းခနဲ့ ဆိုရင် အတော် တန်တဲ့၊ စေတနာပါတဲ့ နံနက်စာလို့ပြောလို့ရပါတယ်။ နောက်ပြီး ဧည့်သည် နည်းနည်းများများ ပုံစံမပြောင်း တဲ့ ဝန်ဆောင်မှုကိုလည်း အသိအမှတ်ပြုရမှာပါ။ ထမင်းဆီဆမ်း၊ ပဲပြုတ် ၊ နဲ့ အညာစာ အရန်ဟင်းတွေ အတွဲကတော့ နေ့တိုင်းစားဖြစ်တဲ့ နံနက်စာပေါ့။ စေတနာပါတဲ့ နံနက်စာကို ဖန်တီး ပေးတဲ့ချက်ကြီးအဖွဲ့က ဒေါ်မိုး၊ ဒေါ်စန်းနဲ့ မနန္ဒာတဲ့။ မိုတယ် ဝန်ထမ်းတွေအားလုံးက ဖော်ရွေတယ်၊ တာဝန် ကျေ တယ်။ နှစ်ရက်လောက်နေပြီး တော့ မိတ်ဟောင်းဆွေဟောင်းတွေလို ဖြစ်သွားတယ်။အလုပ်သ‌ဘောအရ ဆက် ဆံ တာမျိုးမဟုတ်တော့ဘူး။ ဟိုတယ် အသေးလေးတွေမှာတည်းရတဲ့အရသာက အဲဒါပဲ။ ဟိုတယ်ကြီးတွေ မှာ ဆိုရင် တော့ ဝန်ဆောင်မှုက ပိုကောင်း ပါတယ်၊ အပြုံးတွေနဲ့လည်း ကြိုပါတယ်၊ မင်္ဂလာပါ ဆိုတဲ့ စကားသံ ကို လည်း အမြဲကြားရပါတယ်၊ ဒါပေမဲ့ အပြုံး တွေ၊ နှုတ်ဆက်သံတွေက ဝိညာဥ်မဲ့နေသလိုပဲ။

ဒီမိုတယ်က နံနက်စာကျွေးတဲ့နေရာက ခေါင်မိုးပေါ်မှာပါ။ အဲဒီနေရာလေးက မနက် စောစော ရှုခင်းကြည့် လို့ကောင်းသလို ညဘက်လည်း ထိုင်လို့ကောင်းတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုက ညဘက် ထိုင်လို့ကောင်း တဲ့အတွက် တချို့ဧည့်သည်တွေက ည ၁၁ နာရီ၊ ၁၂ နာရီအထိ အပေါ်မှာထိုင်၊ သီချင်းဆို၊ ခုံတွေ ရွှေ့ လုပ်တဲ့ အတွက် သူတို့အောက်မှာရှိတဲ့ အခန်းတွေက ဧည့်သည်တွေ စိတ်အ‌နှောင့်အယှက်ဖြစ်ရတာပါပဲ။ မိုတယ် အနေ နဲ့ အမိုးပေါ်က စားသောက်ဆောင်နေရာကို ကို ည ၁၁ နာရီနောက်ပိုင်းမသုံးဖို့ ကန့်သတ်ပေးထားရင်တော့ ပိုအဆင်ပြေမယ်ထင်ပါတယ်။ နောက်တစ်ချက်ကတော့ ခေါင်းအုံးတွေအသစ်လဲထားသလို မျက်နှာသုတ်ပုဝါ တွေကိုလည်း အသစ်လဲ လိုက် ရင် ပိုကောင်းမယ်။

စားမယ်

ထမင်းစားတာကတော့ ၂၀၂၀ ဇူလိုင်လ ခရီစဥ်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ “ငွေတောင်” ဆိုင်မှာပဲ နေ့တိုင်းစား ပါ တယ်။ ၂၀၂၀ တုန်းက ဒီဆိုင်က ရွှေစည်းခုံဘုရားတောင်ဘက်မုခ် ကွင်းပြင်ထဲမှာ လိုက်ထရပ်လေးထိုးပြီး ရောင်းတာ၊ အခုတော့ အခုတော့ အဲဒီကွင်းပြင်နဲ့ မလှမ်းမကမ်း စျေးတန်းမှာ ဆိုင်ခန်းနဲ့ ဖြစ်သွားပြီ။ ပုဂံဘက်က ကျန် စစ် သားလမ်းမကြီးအတိုင်းလာရင် တောင်ဘက်မုခ်စောင်းတန်းအကျော် ဘယ်ဘက်ခြမ်းက ဆိုင်တန်းတွေ နေရာ မှာ” ငွေတောင် “ ဆိုင်ကိုတွေ့မယ်၊ သူ့ဆိုင်ဘေးမှာ စဥ့်အိုးရောင်းတဲ့ဆိုင်ရှိတယ်၊ မှားစရာမရှိဘူး။

ဆိုင်ပိုင်ရှင် ကိုငြိမ်းချမ်းဦးက အရင်ကတော့ နိုင်ငံခြားသင်္ဘောလိုင်း ချက်ကြီး၊ နောက်တော့ မြစ်ဝကျွန်းပေါ် သား ဟာ နဖူးစာ အညာရောက်ပြီး ညောင်ဦးသူနောက် ကောက်ကောက်ပါအောင် လိုက်ရင်းနဲ့ ထမင်းဆိုင် ဖွင့် ဖြစ် သွားတာ။ ဆိုင်ရှင်ကိုယ်တိုင် ဆိုင်မှာ ထိုင်၊ စားပွဲထိုး၊ သန့်ရှင်းရေးလုပ်တဲ့အတွက် လက်ရာကောင်းသလို၊ သန့် သန့်ရှင်းရှင်းလည်းရှိတယ်။

ဒီဆိုင်မှာ အသားဟင်းတစ်မျိုး၊ အရန်ဟင်း (၇)မျိုး၊ အညာအထောင်းအစုံစုံ ( ၅)မျိုး နဲ့ တစ်ခါ ပြင် ၃၀၀၀၊ ထမင်းလိုက်ပွဲတစ်ပွဲ (၅၀၀)။ အသားဟင်းမပါပဲ အရန်ဟင်း၊ အထောင်းစုံနဲ့ စားရင် တစ်ခါပြင် ( ၂၀၀၀)။ ကျွန်တော်ကတော့ အသားဟင်းနဲ့လည်းစားတယ်၊ အရန်ဟင်းသက်သက်နဲ့လည်းစားတယ်၊ ဟင်းတွေနဲ့ စားချင်စိတ်မရှိတဲ့နေ့ဆိုရင် လက်ဖက်သုပ်နဲ့ ထမင်းဖြူနဲ့စားတယ်။ လက်ဖက်သုပ်တစ်ပွဲက တစ်ထောင်၊ ထမင်း က ငါးရာ။ ဒီဆိုင်က လက်ဖက်သုပ်က ရန်ကုန် ဆူးလေမီးသတ်နားက ဒေါ်ရိပ်ကြီး လက်ဖက်သုပ်လက်ရာမျိုး။

ပုဂံရောက်တဲ့အခါ ညနေခင်း ဆိုရင် အကြော်လေးတော့ စားလိုက်ရမှဆိုတော့ အနော်ရထာလမ်းမကြီးဘေး၊ ဝက် ကြီးအင်း ဂူပြောက်ကြီး ဘုရားကို သွားတဲ့လမ်းခွဲနားက ရွှေညာသူအကြော်ဆိုင်မှာ ထိုင်ဖြစ်တယ်။ ပုဂံမှာ နာမည် ကြီး အကြော်ဆိုင်အတော်များများရှိပေမဲ့ နေရာကောင်းတာရယ်၊ အချဉ်ရည်ကောင်းတာရယ် ကြောင့် ဒီဆိုင်မှာ ပဲ ထိုင်ဖြစ်တယ်။ အကြော် တစ် ထောင် ဖိုး ခုနစ်ခု ဆိုတော့ ရန်ကုန်ကလာတဲ့ ဧည့်သည်ပျော်တာပေါ့။ အဲဒီဆိုင်က ညနေ လေးနာရီကျော်ကျော်လောက်သွားစားရင်အတော်ပဲ၊ အဲဒီနောက်ပိုင်းဆိုရင်တော့ လူများ တယ်။

အသုပ်စားရင်တော့ ရုံးညောင်ပင်ရပ် ဆုတောင်းပြည့်ဘုရားထောင့်က မနှင်းအသုပ်ဆိုင်မှာ စားတယ်၊ ၂၀၂၀ တုန်းကတော့ တည်းတဲ့ မိုတယ်က နံနက်စာမပါလို့ မနှင်းအသုပ်ဆိုင်မှာစတည်းချရတယ်။ ဒီတစ်ခေါက် တော့ “ကျွန်းပုဂံ” မိုတယ် နံနက်စာ ကောင်းလွန်းတော့ တစ်ရက်ပဲရောက်ခဲ့တယ်။ မုန့်ဟင်းခါးစားမယ်ဆိုရင် တော့ ညောင်ဦးသံတဲဟိုတယ်ရှေ့ မီးသတ်ရေကန်နားမှာ လှည်းလေးနဲ့ ရောင်းတဲ့ ပုဂံစတိုင် မင်္ဂလာဆောင် မုန့်ဟင်းခါးကို စားတယ်။ မနှင်းအသုပ်စုံဆိုင်အကြောင်းနဲ့ မင်္ဂလာဆောင် မုန့်ဟင်းခါးအကြောင်း ၂၀၂၀ ဇူလိုင် ခရီးစဥ်မှာရေးခဲ့ဖူးတာကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။

ညစျေးတန်းလမ်းလျှောက်ရင်တော့ FIT လမ်းလို့ခေါ်ကြတဲ့ သီရိပစ္စယာ (၄) လမ်းကို လျှောက်တယ်။ ဒါပေမဲ့ ဆိုင်အများစုက ရန်ကုန်၊မန္တလေးမှာ ရနိုင်တဲ့ အကင်ဆိုင်၊ မာလာရှမ်းကောဆိုင်တွေပဲ။ ရန်ကုန်မှာ ရနိုင်တဲ့ အစား အသောက်ကို ပုဂံ ညောင်ဦးမှာ စားချင်စိတ်မရှိတဲ့အတွက် မစားဖြစ်ဘူး။ လူတွေကြည့်ဖို့ သက်သက်ပဲ လျှောက် တာပါ။ တကယ်တော့ ဒီလမ်းလေးကို အညာမုန့်တွေ၊ အညာစာတွေရောင်းတဲ့ ညစျေးတန်းလေး ဖြစ်စေချင် တာ။

ပုဂံမှာ ကိုးညအိပ်၊ ဆယ်ရက်နေခဲ့တယ်ဆိုပေမဲ့ သွားချင်တဲ့နေရာအားလုံးတော့ မသွားနိုင်ခဲ့ဘူး၊ တန့် ကြည့် တောင်ပေါ်ကနေ ပုဂံနေထွက်ချိန်ကို ကြည့်ချင်ပေမယ့် တောင်တစ်ဖက်ခြမ်းမှာ ပူပူလောင်လောင်ရှိသတဲ့။ ပခုက္ကူ သွားချင်ပေမဲ့ ကင်မရာ ကြီး တလွယ်လွယ်နဲ့ အဆင်မပြေလောက်ဖူးဆိုပဲ။ ငသရောက်- ကျောက်ပန်း တောင်း လမ်းအတိုင်း သွားရင်း အညာရှုခင်းတွေ ကြည့် ချင်တယ်ဆိုပြန်တော့ လမ်းမကောင်းဘူးနောက်မှ သွားပါလို့ ဆိုပြန်ရော။ ဘာမကောင်းတာလဲလို့မေးတော့ အကုန်ပဲတဲ့။

အညာဒေသကတော့ ဘယ်ခေတ် ဘယ်အခါနဲ့မှ မတူအောင် ပြောင်းလဲသွားပြီ။ နေ့ညမရွေး ကြိုက်တဲ့နေရာ၊ ကြိုက်တဲ့အချိန် သွားဆိုတဲ့ ခေတ် မဟုတ်တော့ဘူး။ ပုဂံတောင်မှ ဘုရားမထားလို့ သွားလာ ရနေပုံပဲ။

Leave a comment