ပုဂံမြင်ကွင်းကျယ် (၁၂)

ပုဂံရထား

ပြီးခဲ့တဲ့ ဇူလိုင်လ ပုဂံခရီးစဥ်အတွင်းမှာ ခရီးသွားဖော်သူငယ်ချင်းက ညောင်ဦးခရိုင်ထဲက ရွာလေးတစ်ရွာရဲ့ လို အပ်ချက်ကို တွေ့လာခဲ့ပြီး အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ရန်ကုန်မှာ ရှိတဲ့ မိတ်ဆွေ အပေါင်း အသင်းများကိုတတ်နိုင်သရွေ့ပါဝင်ကူညီကြဖို့မေတ္တာရပ်ခံခဲ့တယ်။သူ့ကြိုးပမ်းချက်ကြောင့်ထိုက်သင့်တဲ့ အလှူငွေ ပမာဏကို ရလာတဲ့အခါ လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ယူစုဆောင်းပြီး ပုဂံကို နောက်တစ်ခေါက်သွားဖို့  ပြင်ဆင်ခဲ့ ပါတယ်။

ဒီတစ်ခေါက်တော့ ပုဂံကို ရထားနဲ့ သွား၊ အပြန်မှာ အဝေးပြေးကားနဲ့ ပြန်ဖို့ စီစဥ်ပါတယ်။ ရထား လက်မှတ် ဝယ်တာကတော့ မန္တလေးကို ရထားနဲ့ တစ်ခေါက်သွားခဲ့ပြီးပြီဖြစ်တဲ့အတွက် ဝယ်ရမဲ့ အချိန်၊ ဝယ်ရမဲ့နေရာကို သိတယ်။ ဒါပေမဲ့ ရန်ကုန်- ပုဂံရထားက တစ်ပတ်မှာ တစ်ရက်ပဲ ရှိတဲ့အတွက်ထွက်မဲ့ ရက်ကို သေချာအောင် စုံစမ်းတော့ ရန်ကုန်ကနေ သောကြာနေ့ထွက်ပြီးပုဂံကနေ အင်္ဂါနေ့ ပြန်ထွက်တယ်လို့ သိရတယ်။ လက်မှတ် ရောင်းတာကတော့ သုံးရက်ကြိုတင်ရောင်းတဲ့အတွက်သောကြာနေ့ထွက်မဲ့ရထားအတွက် အင်္ဂါနေ့ မှာ သွားဝယ် ရတယ်။  

ရထားလက်မှတ်စရောင်းတဲ့အချိန်က မနက် ခုနစ်နာရီဖြစ်တဲ့အတွက်သူငယ်ချင်းနှစ်ယောက် မှတ်ပုံတင်ကိုယ်စီနဲ့ ‌‌ ဗိုလ်ချုပ်လမ်းဘက်လက်မှတ်ရုံကိုခြောက်နာရီလေးဆယ့်ငါးမိနစ်အရောက်သွားလိုက်တယ်။မန္တလေး၊မော်လမြိုင်  နဲ့ ပုဂံ ရထားကောင်တာတွေမှာ ကိုယ့်ထက်ဝိရိယကောင်းတဲ့သူတွေရောက်နေပေမဲ့ လူအများကြီး မဟုတ်ပါဘူး၊။ တစ်ချိန်ကလို ရထားလက်မှတ်မှောင်ခိုရောင်းတဲ့ခေတ်လည်းမဟုတ်တော့ပါဘူး၊ ရထားစီးတဲ့သူကိုတောင် မြန်မာ့ မီးရထားက ဆုချရမဲ့ သဘောပါပဲ။  ၁၇ ဧပြီ ၂၀၂၃ ရက် နေ့  အလဲဗင်း သတင်းစာမှာတော့ မြန်မာ့မီးရထား လက်မှတ်တွေကို ရန်ကုန် ၊ မန္တလေး၊ မော်လမြိုင်နဲ့ ပြည် ဘူတာတွေမှာ အွန်လိုင်းစနစ်နဲ့ ရောင်းချနိုင်ဖို့အတွက် စီစဥ်နေတယ်လို့ ဖတ်ရပေမဲ့ ရန်ကုန်ရထားလက်မှတ်အရောင်းကောင်တာမှာတော့ “မြန်မာ့မီးရထားမှ အွန်လိုင်း စနစ်ဖြင့် အမြန် လက်မှတ်များကို လုံးဝ ( လုံးဝ) ရောင်းချခြင်းမရှိပါ။” ဆိုတဲ့ စာကပ်ထားတယ်။  အွန်လိုင်းစနစ်က လာမယ်၊ ကြာ မယ်ဆိုတဲ့သဘောထင်ပါရဲ့။ 

ရန်ကုန်-ပုဂံရထားက ညနေ လေးနာရီ ၁၅ မိနစ်မှာ အမှတ် (၂)  စင်္ကြံက ထွက်တယ်။  အမှတ် (၂) စင်္ကြံ ဘက်ကို သွားရမှာဆိုတော့  ကျွန်တော်တို့က ဘူတာကြီး ရိုးရိုးတန်းပေါက်ဘက်မှာ ပစ္စည်းတွေချလိုက်တယ်၊  ပုဂံမှာ လှူဖို့ ပစ္စည်းထုပ် တွေပါတဲ့အတွက်  လှည်းငှားဖို့ လုပ်တော့မှ အထူးတန်းဝင်ပေါက်ဘက်မှာပဲ ငှားလို့ရတယ်ဆိုတာ သိ လိုက်ရ တယ်။ ဒီလို နဲ့ ပျံကျအလုပ်သမားသုံးယောက်ငှားပြီး နှစ်ခေါက်သယ်လိုက်ရတယ်။ ဒါကလည်း သင်ခန်းစာ တစ်ခု ပေါ့။ 

ကျွန်တော်တို့ သွားတဲ့နေ့က ပုဂံရထားမှာ အထက်တန်း အိပ်ခန်းတွဲ သုံးတွဲ၊ အထက်တန်းထိုင်ခုံတွဲတစ်တွဲ၊ ရိုးရိုး တန်း လေးတွဲပါတယ်။ ရထားတွဲတွေထိုးပြီးချိန်မှာအသံချဲ့စက်ကနေ အထက်တန်း အိပ်စင် ဆယ်နေရာ၊ ရိုး ရိုး တန်းဆယ်နေရာ ရောင်းဖို့ကျန်သေးတယ်လို့ ကြေညာသံကြားရတယ်။ ပုဂံရထား အိပ်စင်တွဲက မန္တ လေး ရထားတွဲတွေလောက်တော့မကောင်းပေမဲ့ မြန်မာနိုင်ငံမှာပဲလေလို့ နှလုံးသွင်းနိုင်ရင် စီးပျော်ပါတယ်။ ခေါင်းအုံးတစ်လုံး နဲ့ အိပ်ယာခင်း ပေးထား တယ်။ မီးချောင်း၊ ပန်ကာ အကုန်သုံးလို့ရတယ်။ ဖုန်းအားသွင်း နိုင်ဖို့ အတွက် USB  အပေါက်နှစ်ခုပါတဲ့ အားသွင်းခုံ တစ်ခုလည်း ထည့်ပေးထားတယ်။ အိမ်သာ၊ မျက်နှာသစ်ခွက် အားလုံးရေလာပါတယ်။ အခန်းတံခါးကတော့ မူလပါတဲ့ ခလုတ်တွေမကောင်းတော့တဲ့အတွက် မြန်မာ့နည်း မြန်မာ့ ဟန် ချက်ထိုးပြီး ပိတ်လို့ရအောင် လုပ်ထား ပေးတယ်။ ပြတင်းပေါက်တွေလည်း ဒီလိုပါပဲ၊ မူလပါတဲ့ တင်ချခလုတ်တွေမကောင်းတော့တဲ့အတွက် ပြည်တွင်းဖြစ် ခလုတ်တွေတပ်ထားပေးတယ်။ ဒါပေမဲ့ တင်ချရ အလွန်ခက်တဲ့အတွက် တွဲထိန်းကို အကူအညီတောင်းပြီး တင်ချလုပ်ရတယ်။ 

 ပုဂံရထားက စားသောက်တွဲမပါတဲ့အပြင် လမ်းဘူတာတွေမှာလည်း ညစာ သန့်သန့်ရှင်းရှင်း ကောင်းကောင်း မွန်မွန် မရနိုင်ဘူးလို့ သိရတဲ့အတွက်   ညစာအတွက် ကိုယ့်ဘာသာကိုယ်သယ်ခဲ့ရတယ်။ စားပွဲပေါ်မှာ ပန်းကန် ခွက်ယောက်တွေကို ဒီအတိုင်းတင်ထားလို့ရတာကို ကြည့်ခြင်းဖြင့် ရထားလမ်း အခြေအနေ မဆိုးဘူးဆိုတာကို သိနိုင်ပါတယ်။ ရထား ကတော့ မောင်ချောနွယ်ရဲ့   ကဗျာထဲကလို “တစ်မြို့ ပြီးတစ်မြို့ရေတွက်၊ တစ်ခုပြီးတစ်ခု ရေတွက်၊ တစ်တောင်ပြီး တစ်တောင်ရေတွက်၊ အားလုံးကို ရေတွက်၊ ရထား ခရီးဆက်ခဲ့ တယ်ပေါ့” ဆိုတဲ့ အတိုင်းမှန်မှန်ကြီး ခုတ်မောင်းနေတယ်။ ည ကိုးနာရီကျော်တော့ တွဲထိန်းတွေက ပြတင်းပေါက် တွေ ကို အနည်း ဆုံး တစ်ဝက်လောက်အောက်ချပြီး ပိတ်ထားဖို့ ၊ ပြတင်းပေါက်ကနေ လက်လှမ်းမီနိုင်တဲ့နေရာ တွေမှာ ဖုန်း နဲ့အဖိုးတန်ပစ္စည်းတွေမထားဖို့ လိုက်သတိပေးတယ်။ 

ပုဂံရထားမှာ ကြုံခဲ့ရတဲ့ တွဲထိန်းနှစ်ယောက်ကတော့ အတော်အလုပ်လုပ်ပါတယ်။ အမှန်က ဒီရထားမှာ တွဲထိန်း လေးယောက်ပါရမှာ သင်တန်းတက်နဲ့ ကျန်းမာရေးမကောင်းသူနုတ်လိုက်တော့ နှစ်ယောက်ပဲပါလာတယ်။ ဒီနှစ်  ယောက်ကတော့ တွဲဆိုင်းတွေကြားမှာ စုံဆန်သွားရင်း ခရီးသည်နဲ့ ရထားတွဲအခြေအနေကို လိုက်ကြည့်၊ ဘူတာ ရောက်ရင် အောက်ဆင်းပြီး တွဲဆိုင်းတွေကို လိုက်ကြည့် လုပ်နေတာမြင်ရတယ်။ 

သူတို့ရဲ့ အခက်အခဲကတော့ ပုဂံရထားက ဒီနေ့ ရောက် နောက်နေ့ ပြန်ထွက်တာမျိုးမဟုတ်တဲ့အတွက် ပုဂံမှာ သုံးရက် တွဲပေါ်အိပ်၊ တွဲပေါ်စား စောင့်နေရတော့ စရိတ် ထောင်းတာပေါ့။ အခုလို ရထားလိုက်တဲ့အခါ ခရီးစရိတ် ရပေမယ့်ခရီးစရိတ်က ကြိုထုတ်ပေးတာမျိုးမဟုတ်ဘူး၊ ခရီးစဥ်ပြီးမှ တင်တောင်း၊ တောင်းတော့လည်း ချက်ခြင်း ရတာမဟုတ်ဘူး။ အခု ဩဂုတ်လရောက်နေတာတောင် ဧပြီလ ခရီးစရိတ်က မရသေးဘူး။ ဒီတော့ စိုက်စား ထား ရတယ်။ သူတို့ ရတဲ့လစာ နဲ့ ကုန်စျေးနှုန်း ချိန်ကြည့်လိုက်ရင် စိုက်စားဖို့ ဆိုတာ မလွယ်ဘူးဆိုတာ သိသာပါတယ်၊ ဒီအခက်အခဲကို အမြတ်ထုတ်တာကတော့ ခရီးစရိတ် ကြိုကောက်သူတွေပေါ့။ ဒီလူတွေက ရသင့်တဲ့ခရီးစရိတ် ကို ရာခိုင်နှုန်းတစ်ခု ဖြတ်ယူပြီး ဝန်ထမ်းကို ထုတ်ပေးတယ်။ ပြီးတော့ ခရီးစရိတ်ကို ဝန်ထမ်းကိုယ်စား သူတို့ က ထုတ်ယူလိုက်တယ်။တွဲထိန်းဝန်ထမ်းကဘယ်လိုလူတွေဆီက ငွေယူရတယ်ဆိုတာ မပြောပေမဲ့ ဝန်ထမ်း ကိုယ်စား ခရီးစရိတ်ထုတ်လို့ရတယ်ဆိုတော့ မှန်းကြည့်လို့ရပါတယ်။ 

တကယ်တော့ မီးရထားက အခြားအစိုးရဌာနတွေနဲ့ သဘာဝမတူပါဘူး၊ ကျန်တဲ့ဌာနအများစုက ခရီးသွားတယ် ဆိုတာ လုပ်ငန်းကိစ္စပေါ်မှ သွားရတာဆိုတော့ ခရီးသွားပြီးမှ ခရီးသွားခဲ့ကြောင်း အထောက်အထားနဲ့ ပြန်တောင်း ခံရတာ သဘာဝကျပါတယ်၊ ရထားဝန်ထမ်းကတော့ ဘယ်ရထားနဲ့ ဘယ်ဝန်ထမ်းလိုက်မယ်ဆိုတာ အချိန် စာရင်း ထွက်ထားပြီးမှဆောင်ရွက်တာမျိုး၊ ပြီးတော့ နေ့စဥ်လိုလို သွားနေရတာမျိုး ဖြစ်တဲ့အတွက် ရထားပေါ်လိုက်တာနဲ့  ခရီးစရိတ်ထုတ်ပေးလိုက်နိုင်ရင် ပိုအဆင်ပြေမယ်ထင်တာပဲ။

ရထားစီးရတဲ့အရသာတစ်ခုကတော့ ညအိပ်ရတာပဲ။ စီးချက်မှန်မှန် ကြားနေရတဲ့ ရထားသံနဲ့ ပုခက်လွှဲသလိုငြိမ့် ငြိမ့်လေးလှုပ်ရှားနေတဲ့ ရထားတွဲကြောင့် စောစောပဲအိပ်ယာဝင်ဖြစ်တယ်။ ပုဂံရထားလမ်းမှာ ကျွန်တော် စိတ် ဝင် စားတဲ့ဘူတာတစ်ခုရှိတယ်။အဲဒါကတော့ မောင်ချောနွယ် ကဗျာဖွဲ့ခဲ့တဲ့ “ဆတ်သွား” ဘူတာ ပဲ။ တွဲထိန်းက ဆတ်သွား ကို မနက်ငါးနာရီလောက်ရောက်မယ်ဆိုတာနဲ့ နာရီနှိုးစက်ပေးပြီး လေးနာရီခွဲထဲက ထိုင် စောင့်နေခဲ့ တယ်။ 

ရထားက ဆတ်သွား မနက် ငါးနာရီ တိတိ မှာရောက်တယ်၊ ဘူတာတစ်ဘက်ခြမ်း ရထားလမ်းဘေးမှာ ဆိုင်ကယ် နဲ့ လူတစ်ယောက်ရပ်နေပြီး ရထားဝင်လာတော့ “ မိန်းမရေ ငါ ဒီဘက်မှာဟေ့” လို့ လှမ်းအော်တယ်၊ ရထား ရပ်လိုက်တဲ့အခါ  အမျိုးသမီးတစ်ယောက် ခြင်းတောင်းတစ်ဖက် လက်ကဆွဲ၊ အဝတ်အိပ်ကို ခေါင်းပေါ်ရွက်ပြီး ဆင်းသွားတယ်။ မယ့်ကို မြင်တော့ မောင်က ပြေးပြီး အထုတ်တွေ ဆွဲ၊ ပုခုံးဖက်ပြီး ဆိုင်ကယ်ဆီခေါ်သွားတယ်။ ဆတ်သွားရဲ့  ရိုမက်တစ်မနက်ခင်း။ 

 တကယ်တော့ ဆတ်သွားက ပျဥ်းမနား-တောင်တွင်းကြီး ရထားလမ်းနဲ့ ပြည်-အောင်လံ-ပုဂံ ရထားလမ်း ဆုံဘူတာဖြစ်ပါတယ်၊ ဒါပေမဲ့ မနက်လင်းအားကြီးအချိန်ဖြစ်တဲ့အတွက် ဘူတာက တိတ်ဆိတ်နေတယ်၊ မောင်ချောနွယ်ရေးတဲ့ “မြို့ဆန်ဆန် မြို့အင်္ကျီနဲ့ ဆတ်သွား၊ ကလေးအမေတစ်ယောက်ရဲ့ နို့ပိန်နဲ့ တူတဲ့ ၊ ဘတ်သီးတွေ မမှန်မကန်လင်း တတ်တဲ့နေရာ” ဆိုတဲ့အတိုင်း ဘူတာရုံ ရယ်၊ဘူတာရုံနဲ့ မျက်နှာ ချင်းဆိုင်ရထား လမ်း တစ်ဘက်ခြမ်းကပိတ်ထားတဲ့ လက်ဖက်ရည် ဆိုင်မှာရယ်ပဲ မီးရောင်တွေ့တယ်။ ဘူတာ ပလက်ဖောင်းမှာ လည်း တာဝန်ကျ ဝန်ထမ်းကလွဲလို့ လူမရှိ ဘူး။  မနက် လင်းအားကြီးဆိုတော့ ဆတ်သွားမှာ “ခါသားချက်၊ တောဝက်သား ဟင်း၊ လောကဓံတရားထက်ပြင်းတဲ့ မချစ်ရဲ့ အရက်” တော့  မရနိုင်ဘူးပေါ့၊

ဆတ်သွားကဆက်ထွက်ပြီးတော့ မနက် ငါးနာရီခွဲမှာ တောင်တွင်းကြီးကို ရောက်တယ်၊ တောင်တွင်းကြီးမှာ မနက်စာရောင်းတဲ့စျေးသည်တွေတက်တယ်၊ ထမင်းဆီဆမ်း၊ ကြက်သားကြော် / ကြက်ဥကြော် နဲ့ တစ်ဘူး တစ်ထောင့် ငါးရာ၊ နွားနို့တစ်ခွက် တစ်ထောင်။ တောင်တွင်းကြီးက တက်ရောင်းတဲ့ စျေးသည်တွေက သားမြား ဘူတာအထိ လိုက်ရောင်းတယ်၊ သားမြားရောက်ရင် ပုဂံကလာတဲ့ ပုဂံ-တောင်တွင်းကြီး RBE ရထားနဲ့  ပြန်လိုက် တယ်။ ပုဂံရထားမှာမနက်စာ စားချင်ရင်တော့ ဒီစျေးသည်တွေဆီက ဝယ်မှပဲရတယ်။ နောက်ဘူတာတွေမှာ ‌ထမင်းသည်တွေ မတက်တော့ဘူး။ ဒီဈေးသည်တွေကလည်း ရောင်းနေကြဖြစ်လို့သာရောင်းနေရတာ ရန်ကုန် ပုဂံ ရထား က တစ်ပတ်မှာ တစ်ရက်ပဲ ဆိုတော့ စီးပွားမဖြစ်ပါဘူး။  

တောင်တွင်းကြီးကျော်လာတာနဲ့ အညာရှုခင်းကို ပီပီပြင်ပြင် မြင်လာရတယ်၊ ကျောက်ပန်းတောင်း ဘက် ရောက် တော့ ကြက်မောက်တောင်ဆည်ရေနဲ့ စပါးစိုက်ခင်းတွေ မြင်ရတယ်။ ကျောက်ပန်းတောင်း ဘူတာမှာ စပျစ်သီး၊ ကြက်ဥပြုတ်၊ ငုံးဥပြုတ် သည်တွေတက်လာတယ်။ ကျောက်ပန်းတောင်း တောင်ဘက် လက်ပံပင် ရွာက လာရောင်းတယ်ဆိုတဲ့ အမကြီးတစ်ယောက်ကတော့ “ ထမင်းဖိုး ဟင်းဖိုး ရအောင် စပျစ်သီးလေး အားပေးပါ ဦး” လို့ တစ်ခန်းဝင်တစ်ခန်းထွက်လိုက်ရောင်းနေတာနဲ့  အားပေးလိုက်ရသေးတယ်။ 

တောင်တွင်းကြီးကျော်လာတာနဲ့  ရထားလမ်းဘေးမှာ အပင်တွေအတော်များလာတာတွေ့တယ်၊ အကိုင်းတွေက လည်း ရထားပြူတင်းပေါက်ကို လာရိုက်တဲ့အထိ ဖြစ်နေပြီ။ ခရီးသည်တွေ ခေါင်းပြူကြည့်ဖို့ နေသာသာ ပြူတင်း ပေါက်ဘောင်မှာ လက်တင်ထားရင်တောင် သစ်ကိုင်းနဲ့မလွတ်တော့ဘူး။ သံလမ်းထိန်းသိမ်းရေးအဖွဲ့တွေ မရှိ တော့တာလား၊ ရှိပေမဲ့ ဘတ်ဂျက်မရတာလား မသိဘူး။ အခြေအနေကတော့ အတော်ကို ဆိုးနေပြီ။  လမ်းဘူတာ  ၂၃ ဘူတာမှာ ရပ်၊ နာရီ နှစ်ဆယ်နီးပါး ခရီးနှင် ပြီးတဲ့နောက် ရထားဟာ    ပုဂံဘူတာကို မနက် ၁၁ နာရီခွဲမှာရောက်တယ်။  မြန်မာမှုလက်ရာတွေနဲ့ ခန့်ညားလှတဲ့ ပုဂံဘူတာရုံကြီးက ရန်ကုန်-ပုဂံ ရထားတစ်စင်း ကိုပဲ ဝန်ဆောင်မှုပေးနေရတော့ ခြောက်ကပ်ကပ်ဖြစ်နေတယ်။ တစ်ချိန်ကတော့ ရန်ကုန်ကနေ ပုဂံကို ရထားနဲ့ လာ၊ ပုဂံ မှာ ဘုရားဖူးလို့ အားရတော့ ပုဂံ – မြင်းခြံ – မန္တလေး ရထားနဲ့ မန္တလေးကို သွား၊ မန္တလေးမှာ လည်လို့အားရတော့ မန္တလေး- ရန်ကုန် ရထားနဲ့ ရန်ကုန်ပြန်ကြသတဲ့။ အခုအချိန်မှာတော့ ပုဂံ မြင်းခြံ မန္တလေးရထားဆိုတာ ပုံပြင် ဖြစ်နေပါပြီ။ တိုးတက်မလာတဲ့အပြင် ရှိပြီးသား အရင်းလေးတောင် ပျောက်သွားတဲ့ခေတ်ပေကိုး။  

One thought on “ပုဂံမြင်ကွင်းကျယ် (၁၂)

Leave a comment