ပုဂံမြင်ကွင်းကျယ် ( ၁၅) 

လူဝင်စား 

ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် ပုဂံမှာ အလှူလုပ်တယ်ဆိုတာ ညောင်ဦးမြို့နယ် ရွာတစ်ရွာက ကလေး တွေ လိုအပ်နေတဲ့ စာအုပ်တွေ၊ စာရေးကိရိယာတွေ သွားဝေမျှပေးတာပါ။ ကျွန်တော်တို့ က လှူဒါန်းမဲ့ ပစ္စည်း တွေ ကို လိုက်ထရပ်နဲ့ သယ်သွားတယ်။ နောက် ကျွန်တော်တို့ စီးနေကြ တုတ်တုတ်ကိုလည်း ခေါ်သွားတယ်။ ကျွန် တော်တို့ က လိုက်ထရပ်ကို ပစ္စည်းတွေချပြီးရင် ပြန်လွှတ်လိုက်မယ်၊ လှူဒါန်းမှု ကိစ္စတွေ ပြီးရင် တုတ်တုတ်နဲ့ ဇီးအိုရွာဘက် ကို သွားမယ်ဆိုပြီး စီစဥ်ထားတာပါ။

ဒါ့ကြောင့် ရွာရောက်လို့ ပစ္စည်းတွေချပြီးတဲ့အခါ ကားဆရာ( ပိုင်ရှင်လည်း သူပါပဲ) ကို ပြန်လို့ရပြီလို့ အသိ ပေးလိုက်တယ်။ အဲဒီအခါမှာ သူက “ ကျွန်တော်လည်းမပြန်သေးဘူး၊ သမီးတွေနဲ့ တွေ့ဦးမယ်” လို့ပြောတယ်။ ကျွန်တော်သိထားတာက ကားဆရာက ညောင်ဦးဇာတိဆိုတော့ သမီးတွေ ဒီရွာမှာ အလုပ်တာဝန်နဲ့ များရောက် နေသလားလို့တွေးလိုက်မိတယ်။ ဒ့ါကြောင့် သမီးတွေ ဘယ်အရွယ်လဲ၊ ဒီမှာ အလုပ် လုပ်နေတာလားလို့ မေးလိုက် တော့ ကားဆရာက “ သမီးတွေက ဒီရွာကပဲ၊ အသက် ရှစ်ဆယ်ကျော်ပြီ” လို့ဖြေတယ်။ ကျွန်တော်ကြောင် သွားတယ်၊ကားဆရာအသက်ကငါးဆယ်ကျော်လောက်ပဲရှိသေးတာ၊သမီးတွေကအသက်ရှစ်ဆယ်ကျော်ဆိုတော့ နားကြားများမှားသလားပေါ့။ ဒီတော့မှ ဘေးမှာရှိတဲ့ ကျေးရွာ လူကြီးတွေက သူ ( ကားဆရာ) က အရင်ဘဝက ဒီရွာသား၊ ညောင်ဦးမှာ လူဝင်စားဖြစ်တာလို့ ရှင်းပြတယ်။ ဒီလိုနဲ့ အလှူမစခင် လူဝင်စား ဇာတ်လမ်းကို အရင် ကြားနာလိုက်ရတယ်။ 

ကားဆရာက ညောင်ဦးမြို့ ဝန်ထမ်းမိဘနှစ်ပါးက မွေးတာ၊ နှစ်နှစ်သားလောက်ရောက်တော့ သူ့ အပြုအမူတွေ က နည်းနည်းထူးဆန်းလာတယ်။ မိုးအုံ့လာရင်၊ မိုးရွာလာရင်  သူ့အဖေသောက်ထားတဲ့ ဆေးလိပ်တိုကို ကိုက်ပြီး ချောင်ထဲ သွားထိုင်နေတာတို့၊ ရွာပြန်မယ် ပြောတာတို့ ဖြစ်တယ်။ တစ်နေ့တော့ သူအမေရုံးကို လိုက်လိုက်သွား ရင်း နဲ့  သူ့ အရင်ဘဝရွာက ရွာလူကြီး ရုံးရောက်လာတာကို တွေ့တယ်။ အဲဒီလို တွေ့တဲ့အချိန်မှာ ရွာလူကြီးရဲ့  နာမည်ကို “ ဟေ့ ++++ “ လို့ခေါ်ပြီး နှုတ်ဆက်တယ်။  နှစ်နှစ်သား၊ သုံးနှစ်သားလေးက နာမည်ခေါ်ပြီး နှုတ်ဆက်  လိုက်တော့ ရွာလူကြီးလည်း ကြောင်သွားတာပေါ့။ မင်း က ငါ့ကို သိလို့လားလို့ မေးတော့ “သိတာပေါ့ ၊ ငါ က “ +++” လေ”လို့ပြန်ပြောလိုက်တယ်။ သူပြောတဲ့နာမည်က လွန်ခဲ့တဲ့ သုံးနှစ် ေကျာ်က ကွယ်လွန်သွားတဲ့ ဦး++ နာမည်ဖြစ်နေတယ်၊ ကွယ်လွန်ချိန်မှာ အသက်ရှစ်ဆယ်ကျော်ပြီဆိုတော့ ရွာလူကြီးထက် အသက်ကြီး တာပေါ့၊ ဒါ့ ကြောင့်လည်း နာမည်ကို ကို / မောင် / ဦး မတပ်ဘဲ ဒီအတိုင်းခေါ်လိုက်တာ။

သူပြောတဲ့ ဦး++ ဆိုတာက ရွာမှာ တောင်သူလုပ်တယ်။ ကိုယ်ကျင့်တရားကောင်းပြီး အများကလေးစား တော့ ရပ်မိရပ်ဖ စာရင်းပေါက်သူပေါ့။  ပြီးတော့ အဲဒီအဘကြီးက  ဆေးလည်း ကုတယ်၊ ဒါပေမဲ့ သူဆေးကုတယ်ဆို တာက သွားကိုက်တာတို့ ၊ အနာပေါက်တာတို့ကို မန်းပေးတာ။ ကျွန်တော်တို့နဲ့ တွေ့တဲ့ ကျေးရွာလူကြီးတွေက အဲဒီအချိန်က ကလေးတွေပေါ့၊ ငယ်ငယ်က သွားကိုက်၊ သွားဖုံးရောင်တဲ့အခါ  အဘကြီး မန်းလိုက်လို့ ပျောက် သွားတဲ့သူချည်းပဲ။ သူတို့ကတော့  လူငယ်တွေဖြစ်လို့ ရွာထုံးစံ အရီး++ လို့ ခေါ်တယ်။ 

အဲဒီနောက်ပိုင်းမှာတော့ ကားဆရာက အရင်ဘဝက နွားဘယ်နှစ်ကောင်ပိုင်ခဲ့တယ်၊ အိမ်မှာ ဘာရှိတယ်၊ သား သမီးတွေက ဘယ်လို ဆိုပြီး အတိအကျပြောလာတယ်။ သူ့ဘဝနဲ့ပတ်သက်ပြီး အဘကြီး ကွယ်လွန်ပြီးကာစမှာ အခုဘဝ မိခင်ဖြစ်သူက ဌာန တာဝန်နဲ့ ရွာကို ကွင်းဆင်းရတယ်။ အဲဒီ က အပြန်မှာ မိခင်ဖြစ်သူစီးတဲ့ လှည်း နောက် က ခိုလိုက်လာပြီး လူဝင်စားဖြစ်လာတာလို့  သူ့အမေကိုပြောပြတယ်။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော်က သူတို့ရွာကို အခုလို ကား လမ်းမပေါက်သေးဘူး၊ နွေဆိုရင် လှည်းနဲ့၊ မိုးဆိုရင် ညောင်ဦးကားလမ်းပေါ်ရောက်တဲ့ အထိ ခြေလျင်သွားရတာဆိုတော့ လှည်းနောက်က လိုက်သွားရတာပေါ့။ အခုခေတ်ဆိုရင်တော့ ကားနောက်ခန်း က လိုက်စီးသွားမယ်ထင်တယ်။

ရွာလူကြီး ဖြစ်တဲ့သူ ရွာ ပြန်ရောက်တဲ့အခါ ဦး+++ တော့ ညောင်ဦးက ကိုဘယ်သူ မ ဘယ်ဝါ အိမ်မှာ လူဝင်စား ဖြစ်နေတယ်ဆိုပြီး ပြန်ပြောတယ်။ ဒီလိုနဲ့ ရွာကလူတွေ အ‌ကြောင်းသင့်လို့ ညောင်ဦးရောက် တဲ့ အခါ သူ့ကို လာကြည့်ကြတယ်။ ဆွေမျိုးတွေလည်း လိုက်လာတယ်။ သမီးတွေက သူတို့ အဖေလူဝင်စားဖြစ်တဲ့ အိမ်က ဧရာဝတီမြစ်ကမ်းနားမှာ ဆိုတာ သိရလို့ ဝမ်းသာကြတယ်။ အဲဒီခေတ်က သူတို့ရွာက မိုးခေါင်ရေရှားဆို တော့ ခြောက်မိုင်လောက်ခရီးကို ရေခပ်သွားရတယ်၊ လူရေချိုးရင် နွားစာကျင်းထဲ ဝင်ချိုး၊ အဲဒီရေကို နွားက ပြန် သောက်ရတယ်။ ဒါ့ကြောင့် ဦး++ က နောက်ဘဝဆိုရင်တော့ မြစ်နား ချောင်းနား ရေပေါတဲ့နေရာမှာ လူ ဖြစ်ချင် တယ်လို ညည်းသတဲ့။ အခုတော့ သူဖြစ်ချင်တဲ့အတိုင်း မြစ်နားချောင်းနားမှာ နေရပြီဆိုတော့ ကြားတဲ့သူတွေ က ဝမ်းသာကြတာပါ။

နောက်ပြီး ဦး +++ က သောက်တာ စားတာ မရှိပေမဲ့ ဆေးလိပ်တော့ အလွန်ကြိုက်တဲ့အတွက် ကား ဆရာက အခု ဘဝမှာ သူ့အဖေဆေးလိပ်တိုတွေကို ကောက်ကောက်ပြီးခဲတာတဲ့။ ဒါ့အပြင် သူ့နွားတွေကိုလည်း အလွန်ချစ် တယ်။ အခု ဒီဘ၀ရောက်တော့လည်း ကားဆရာပူဆာတာနဲ့ သူ့မိဘတွေက နွားတစ်ကောင်မွေးထားပေးရ သေး တယ်။ 

ကားဆရာက အသက်နည်းနည်းရလာတော့ အရင်ဘဝက ကိစ္စတွေကို တဖြည်းဖြည်းမေ့သွားတယ်။ ဒါပေမဲ့ မိုးရွာရင် မိုးအုံ့လာရင် လွမ်းသလိုလို ဆွေးသလိုလို ဖြစ်တဲ့စိတ်ကတော့ အခုအချိန်ထိ ဖြစ်တုန်းပဲ၊ ရွာ အကြောင်းကြားရင် ရွာအကြောင်းပြောရင် စိတ်ထဲမှာ ထိထိခိုက်ခိုက်ဖြစ်လာတုန်းပဲတဲ့။ အဲဒါကတော့ ဟုတ်မယ်၊ ကျွန်တော်တို့နဲ့  အရင်ဘဝက အကြောင်းတွေ ပြောနေချိန်မှာ သူမျက်လုံးတွေမှာ ဝမ်းနည်းရိပ်သန်းနေတယ်။  

ဒီလိုနဲ့ ကျွန်တော်တို့ စကားဝိုင်းက လူဝင်စားတွေအကြောင်းရောက်သွားပြီး ဒီရွာ မှာလည်း နောက်ထပ် လူဝင် စားတစ်ယောက်ရှိတဲ့အကြောင်း၊ သူကတော့ ဒီရွာသား၊ ဒီမှာပဲ ကွယ်လွန်ပြီး ဒီရွာမှာပဲ ပြန်ဝင်စားတဲ့ အကြောင်း၊ ၊ ညောင်ဦးသားတစ်ယောက် အဝေးတစ်နေရာမှာ ငှက်ဖျားရောဂါနဲ့ ကွယ်လွန်သွားပြီးတဲ့နောက် သူ့ရပ်ကွက်ထဲ က နောက်အိမ်တစ်အိမ်မှာ လူဝင်စားပြန်ဖြစ်တဲ့အကြောင်းတွေကို သက်သေ သာဓကတွေနဲ့  ပြောပြကြတယ်။ 

ခဏနေတော့ ကားဆရာရဲ့ ( အရင်ဘ၀က) ‌မြေးတွေ၊ မြစ်တွေရောက်လာပြီး သမီးတွေဆီသွားဖို့ လာခေါ်တယ်။ သမီးတွေက ရွာထဲမှာမနေဘူး၊ သူတို့ယာထဲမှာပဲ အိမ်ဆောက်ပြီးနေတယ်။ ဒ့ါကြောင့် မြစ်တစ်ယောက်က ဆိုင်ကယ် နဲ့ ရှေ့ကသွား၊ သူက ကားနဲ့နောက်ကလိုက်သွားတယ်။ သမီးတွေနဲ့ ထမင်းစားပြီးမှ ပြန်မယ်လို့ ပြော သွားတယ်။အသက်ငါးဆယ်ကျော်အဖေနဲ့ အသက်ရှစ်ဆယ်ကျော်သမီးတွေ တွေ့ဆုံခန်းကို လိုက် ကြည့် မှတ်တမ်း တင်ချင်ပေမဲ့ ကိုယ့်ကိစ္စနဲ့ ကိုယ်ဆိုတော့ မလိုက်နိုင်ဘူး။ 

တကယ်တော့ ကျွန်တော်က လူဝင်စားဖြစ်စဥ်လို သဘာဝလွန်ကိစ္စတွေကို မယုံခဲ့ဘူး။  တစ်ခါက ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ကို သွားလေ့လာတော့ ထိုင်းလူငယ်လေးတစ်ယောက်က လိုက်ရှင်းပြတယ်။ အယုဒ္ဓယ ဆိုတာက ကျွန်တော်တို့ အားလုံးသိပြီးဖြစ်တဲ့အတိုင်း ဆင်ဖြူရှင်မင်းတရားလက်ထက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ယိုးဒယား ( အခု ထိုင်း) မြို့တော်ဖြစ်ပါတယ်။  အဲဒီစစ်ပွဲက အင်းဝကနေ စတင်စစ်ချီတဲ့နေ့  ၅ ဖေဖော်ဝါရီ ၁၇၆၄ ကနေ အယုဒ္ဓယ ကို သိမ်းပိုက်ပြီးတဲ့ ၉ ဧပြီ ၁၇၆၇ ( ထိုင်းသမိုင်းတွေမှာ ၇ ဧပြီ)  ထိ သုံးနှစ်ကျော် ကြာပါတယ်။ မြို့သိမ်းတိုက်ပွဲမှာ ကုန်းဘောင်ဆက် မဟာရာဇဝင်က ကျောက်ဘွားဧကာဒသ်  လို့ ရေးတဲ့ ယိုးဒယား ဘုရင် King Ekkathat of Siam   ကျဆုံးတယ်။ယိုးဒယားဘုရင်ကျဆုံးတာနဲ့ပတ်သက်ပြီး ကုန်းဘောင်ဆက် မဟာရာဇဝင်မှာ တော့မြို့တော်အနောက်တံခါးမှာ ကျည်သင့်ပြီး ကျဆုံးတယ်လို့ရေးတယ်။ ထိုင်းသမိုင်း မှတ်တမ်း တွေ မှာ တော့ လက်ရ ဖမ်းခံရ ပြီးမှ သေဆုံး သွားတယ် လို့ ရေးသလို  မြို့တော်ကနေ ဆုတ်ခွာပြီးတဲ့နောက်  ဖျား နာပြီး ကွယ်လွန်တယ်လို့လည်းရေးတယ်။ 

ကျွန်တော့ကို လိုက်ရှင်းပြတဲ့ လူငယ်လေးကယိုးဒယားဘုရင်ဟာအယုဒ္ဓယမြို့ကျဆုံးပြီး စစ်ရှုံးတော့မယ်လို့ သိတဲ့ အခါ နောင်တစ်ချိန်မှာ ဗမာနိုင်ငံနဲ့ ဗမာစစ်တပ်ကို ဖျက်ဆီးနိုင်တဲ့ လူအဖြစ်ကို ရချင်တယ်လို့ ဆုတောင်းခဲ့ တယ် လို့ ပြောတယ်။ သူပြောတာက သမိုင်းမှတ်တမ်းလား၊ ပါးစပ်ရာဇဝင်လား မသိဘူး၊ ကျွန်တော်ကတော့ လူဝင်စား ဆိုတာ မယုံတဲ့သူဆိုတော့ “ လူဝင်စားဆိုတာ မဖြစ်နိုင်ဘူး၊ တကယ်လို့ သူလူပြန်ဖြစ်ရင်ရော အရင်ဘဝက သူ ဆုတောင်းခဲ့တာကို ဘယ်မှတ်မိတော့မလဲ” လို့ ပြန်ပြောခဲ့တယ်။ 

အခုတော့ ကားဆရာရဲ့ လူဝင်စားအဖြစ်ကို နားထောင်ပြီးတဲ့အခါ လူဝင်စားကိစ္စကို ပေါ့ပေါ့တန်တန် သဘော မထား နိုင်တော့ဘူး။  ကျောက်ဘွားဧကာဒသ် ဆုတောင်းကို ပြန်သတိရပြီး ကြက်သီးထသွားမိတယ်။ 

Leave a comment