အမေရိကန်သမ္မတ ထရူးမင်း ( ၁၉၄၅-၁၉၅၃) က သူရဲ့ အိမ်ဖြူတော်ရုံးခန်းစားပွဲပေါ်မှာ “ The Buck Stops Here” ဆိုတဲ့ စားပွဲတင်ဆိုင်းဘုတ်လေးတစ်ခုတင်ထားတယ်။ ဆိုလိုတာကတော့ သမ္မတ အနေနဲ့ သူ့ဆုံးဖြတ်ချက် တွေ ရဲ့ ရလဒ်အားလုံးကို တာဝန်ယူတယ်၊ အဆိုးတွေဖြစ်လာလို့ ဘယ်သူ့ကိုမှ ( အထူးသဖြင့် လက် အောက်ကို) အပြစ် မတင်ဘူးလို့ဆိုလိုတာ ဖြစ်ပါတယ်။ ထရူးမင်းကြောင့် ဒီစကားဟာ ခေါင်းဆောင်တစ်ယောက် ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို ဖော်ပြတဲ့ စကားအဖြစ် လူသိများသွားခဲ့တယ်။
သမ္မတ ဂျင်မီကာတာ (၁၉၇၇-၁၉၈၁) ကရေနံအကျပ်အတည်းနဲ့ ကြုံတဲ့အခါ အစိုးရရဲ့ စွမ်းအင်မူဝါဒ နဲ့ ပတ်သက်ပြီး အမေရိကန်ပြည်သူတွေကို ရုပ်သံကနေ တိုက်ရိုက်မိန့်ခွန်းပြောဖို့ စီစဥ်တယ်။ အဲဒီမိန့်ခွန်းကို ရုပ်သံရိုက်တဲ့အခါ သမ္မတ ကာတာက သမ္မတ ထရူးမင်းအထိမ်းအမှတ်ပြတိုက်ကနေ “The Buck Stops Here” ဆိုင်းဘုတ် လေးကို ခဏငှား၊ သူ ရုံးစားပွဲပေါ်မှာတင်ထားခဲ့ပြီး ပြည်သူတွေကို စွမ်းအင်မူဝါဒနဲ့ပတ်သက်တဲ့ သူ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို အသိပေးခဲ့တယ်။
လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် က အာဖဂန်ကနေ အမေရိကန်တပ်ဖွဲ့တွေ ကသောင်းကနင်းနဲ့ ဆုတ်ခွာခဲ့ ရတဲ့ အဖြစ်အပျက်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ “ကျွန်တော့်မှာပဲ တာဝန်ရှိပါတယ်။(” The buck stops with me.”) လို့ ပြောခဲ့တယ်။
သမ္မတ ထရူးမင်းရဲ့ သမိုင်းဝင်စကားကို ပထမဆုံးစကြားဖူးတာက ၁၉၉၀ ပြည့်လွန်နှစ်များအတွင်းမှာပါ။ အဲဒီ အချိန်က ကျွန်တော်ဟာ ဌာနချုပ်တစ်ခုမှာ စစ်ဦးစီး အရာရှိ အဖြစ်နဲ့ တာဝန်ထမ်းဆောင်ရတာပါ ။အဲဒီမှာ ဌာနချုပ် တွေရဲ့ထုံးစံအတိုင်း လက်အောက်မှာ ရှိတဲ့ တပ်ရင်း တပ်ဖွဲ့ တွေက တပ်မှူးတွေနဲ့ လေးလ တစ်ကြိမ် အစည်းအဝေး လုပ်ရပါတယ်။ အစည်းအဝေးမှာ တပ်မှူးတွေက သူတို့ တပ်ရဲ့ လေး လတာအတွင်း လုပ်ဆောင်ချက်တွေကို တင်ပြ၊ ဌာနချုပ်အကြီးအကဲတပ်မှူးကြီးက သူတို့ တင်ပြချက်အပေါ် ပြန် သုံးသပ်၊ အကဲဖြတ်ပါတယ်။ ကျွန်တော် တို့ ဦးစီးအရာရှိငယ်တွေ ကတော့ ဘေးက နားထောင်ရင် ပညာယူရတာပေါ့။အဲဒီမှာ ထူးခြားတဲ့ တပ်ရင်းမှူး တစ်ယောက်နဲ့ ကြုံခဲ့ရတယ်။
သူက ကျွန်တော်တို့ နယ်မြေကို ပြောင်းလာတာ မကြာသေးဘူး။ သူ့တာဝန်ယူရတဲ့တပ်ကလည်း သူရောက်လာ မှ ပြဿနာမျိုးစုံဖြစ်တယ်။ ဒီတော့ လေးလတစ်ကြိမ်အစည်းအဝေးလုပ်တိုင်း အထက်လူကြီးရဲ့ ဝေဖန်ထောက်ပြ တာကို ခံရတယ်။ အဲဒီလို အပြောခံရတိုင်း တပ်ရင်းမှူးလုပ်သူရဲ့ ဖြေရှင်းချက်ကတော့ “ အဲဒီကိစ္စက ဗိုလ်ကြီး ++++ မှာ တာဝန်ရှိတယ်ခင်ဗျ။ ကျွန်တော် သူ့ကို ရုံးတင် သတိပေးပြီးပါပြီ။” “အဲဒီကိစ္စက ဆရာကြီး ++++ ကြောင့် ဖြစ် တာပါ။ ကျွန်တော် အချုပ်ချပြီးပါပြီ။” လို့ ဖြေတာပါပဲ။ သူ့မှာ တာဝန်ရှိတယ်ဆိုတဲ့စကား တစ်ခါ မှ မကြားရဘူး။ သူ့တပ်က အရာရှိတွေကတော့ သူ့ကို “ ဗိုလ်ရှောင်လင်” လို့ နောက်ကွယ်မှာ ခေါ်ကြတယ်။
ဒီလိုနဲ့ သူရောက်ပြီး တစ်နှစ်လောက်ကြာတဲ့အချိန်မှာ အဲဒီတပ်ရင်းမှူး က ဖြစ်သွားတဲ့ ကိစ္စတစ်ခုမှာ တာဝန်ရှိလို့ သူ သတိပေးလိုက်ပါတယ်ဆိုတဲ့လူကသူရဲ့ ဒုတပ်ရင်းမှူးဖြစ်နေတယ်။ အဲဒီအခါမှာ တော့ ကျွန်တော်တို့ရဲ့ ဌာနချုပ်တပ်မှူးကြီးက “ မောင်ရင် ၊ မောင်ရင် သတိပေး၊ အပြစ်ပေးလာတာလည်း မင်းရဲ့ ဒုတပ်ရင်းမှူးအထိ ရောက်နေပြီ၊ မင်းတပ်ရင်းကလည်း ကောင်းမလာဘူး။ ခေါင်းဆောင်ကောင်းဆိုတာ လက် အောက် ကိုပဲ အပြစ် ပုံချလို့ မရဘူး” လို့ ပြောရင်း သမ္မထရူးမင်းရဲ့ စကားကို ကိုးကားရှင်းပြခဲ့တယ်။
အဲဒီတပ်မှူးအပေါ် ဘဝင်မကျတဲ့ တပ်မှူးကြီး က အစည်းအဝေး နိဂုံးချုပ်မိန့်ခွန်းမှာလည်း “ ခေါင်းဆောင်ဆိုတာ လုပ်ပိုင်ခွင့်ကို ခွဲဝေ ပေးလို့ရတယ်ကွ၊ တာဝန်ရှိမှုကို ခွဲဝေပေးလို့ မရဘူး၊ တစ်ခုခုဖြစ်တိုင်း လက်အောက်ကို အပြစ်ပုံချတာနဲ့ ကိုယ် လွတ်ပြီလို့ ထင်မနေနဲ့။ ပြဿနာတွေဖြစ်နေတာ တပည့်တွေကြောင့်လား၊ ကိုယ့် ကြောင့် လားဆိုတာ ပြန်ဆန်းစစ်ဦး” လို့ သတိပေးခဲ့တယ်။
တပ်မှူးကြီးက သတိပေးပေမဲ့ အဲဒီတပ်ရင်းမှူးရဲ့ အခြေအနေက ပြောင်းလဲမလာတဲ့အတွက် နောက်ဆုံးတော့ တပ်ကနေ အနားပေးခံ လိုက်ရတယ်၊ သူ့တပ်ရင်းမှာတော့ သူ့အတွက် ဝမ်းနည်းတဲ့သူမရှိသလောက်ပဲ။
ကျွန်တော် ကတော့ တိုက်ဆိုင်မှုတွေ ရှိတိုင်း ဆရာသမားရဲ့ “ခေါင်းဆောင်ဆိုတာ လုပ်ပိုင်ခွင့်ကို ခွဲဝေ ပေးလို့ရတယ်ကွ၊ တာဝန်ရှိမှုကို ခွဲဝေပေးလို့ မရဘူး။” ဆိုတဲ့စကားနဲ့ သမ္မတ ထရူးမင်းရဲ့ “ The Buck Stops Here” ဆိုတဲ့စကားကို သတိရနေမိ တယ်။