ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ နံနက်စောစောမှာ ဂါဇာကမ်းမြှောင်ဒေသ မှာ ရှိနေတဲ့ ဟားမားစ် အဖွဲ့က ဂါဇာ ကမ်းမြှောင်ဒေသနဲ့ အစ္စရေး နယ်စပ် မှာရှိတဲ့ အစ္စရေးတပ်မတော်ကင်းစခန်းတွေကို ဝင်တိုက်တယ်၊ ပြီးတော့ နယ်စပ်ခြံစည်းရိုးတွေကို ဖျက်ဆီးပြီး နယ်စပ်ဒေသနဲ့ နီးတဲ့ အစ္စရေး မြို့ရွာတွေကို ဝင်တိုက်တယ်။ တစ်ချိန်တည်းမှာပဲ ဂါဇာကမ်းမြှောင်ဒေသကနေ အစ္စရေးနိုင်ငံထဲကို ဒုံးကျည်တွေပေါင်း နှစ်ထောင်ကျော်နဲ့ ပစ် ခတ်တယ်။(ဟားမားစ်အဖွဲ့ကတော့ငါးထောင်ကျော်ပစ်ခတ်တယ်လို့ဆိုတယ်)အစ္စရေးနိုင်ငံကလည်း လေကြောင်း၊ ရေကြောင်းကနေ ပြင်းပြင်းထန်ထန်လက်တုန့်ပြန်တိုက်ခိုက်တယ်။ အခုဆောင်းပါးရေးတဲ့အချိန်ထိ အစ္စရေးဘက် က စစ်သည်နဲ့ အရပ်သား အနည်းဆုံး ကိုးရာကျော် သေဆုံးပြီး ထောင်ချီ ဒဏ်ရာရတယ်။ အစ္စရေးစစ်သည်နဲ့ အရပ်သား တစ်ရာနဲ့ တစ်ရာ့ငါးဆယ်ကြား ဟားမားစ်အဖွဲ့အဖမ်းခံထားရတယ်။ ဂါဇာကမ်းမြှောင်ဒေသကို ဗုံးကြဲ တိုက်ခိုက် မှု တွေ ကြောင့် ဟားမားစ်တပ်ဖွဲ့ဝင်နဲ့ အရပ်သား ခုနစ်ရာ့ရှစ်ဆယ် နီးပါးသေဆုံးပြီး ထောင်ချီ ဒဏ်ရာ ရတယ်။
၂၀၀၀ – ၂၀၀၅ ပါလက်စတိုင်းများရဲ့ ဆူပူ အုံကြွမှု ငါးနှစ်တာကာလမှာ အစ္စရေးဘက်က တစ်ထောင်လောက် သေဆုံးခဲ့ ပေမဲ့ အခုတိုက်ခိုက်မှုမှာ ပထမ နှစ်ရက်မှာတင် အစ္စရေးဘက်က အနည်းဆုံးကိုးရာကျော် သေဆုံးခဲ့ တာကို ကြည့်ရင် ဒီတိုက်ခိုက်မှုရဲ့ ပြင်းထန်ပုံကို မှန်းဆကြည့်လို့ရတယ်။နောက်ပြီး ၁၉၄၈ ခုနှစ် အာရပ် – အစ္စရေး စစ်ပွဲပြီးထဲကအခုအကြိမ်ကအစ္စရေးမြို့ရွာတွေကို ရန်သူဝင်ရောက်စီးနင်းတိုက်ခိုက်ခံရတာ အများဆုံး၊ သေဆုံးမှု လည်း အများဆုံး ပဲ ဖြစ်ပါ တယ်။ ရန်သူ့လက်မှာ အဖမ်းခံရတဲ့ အစ္စရေးနိုင်ငံသားအရေအတွက်ကလည်း ဒီတစ် ကြိမ် အများဆုံးပဲ။ ဒီထက် ပိုဆိုးတာက အခုတိုက်ခိုက်မှုဟာ “အစ္စရေးအတွက် ပုလဲဆိပ်ကမ်း တိုက်ခိုက်မှုပဲ “ လို့ အပြောခံရတဲ့အထိ အငိုက် ဖမ်းတိုက်ခိုက်ခံရတာဖြစ်ပါတယ်။ ဟားမားစ်အဖွဲ့ရဲ့ တိုက်ခိုက်မှုက ပြင်းထန်သလို အစ္စရေးရဲ့ လက်တုန့်ပြန်မှုကလည်း ပြင်းထန်ပါတယ်။ အစ္စရေး ဘက်က စစ်ဖြစ်နေပြီလို့ ကြေညာထားတဲ့အတွက် နောက်ထပ်ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုတွေလည်း ထပ်လာ ဦးမှာပဲ။
ဟားမားစ်အဖွဲ့အနေနဲ့ အစ္စရေးတပ်မတော်ကို ဘယ်လို မှ ယှဥ်နိုင်စွမ်းမရှိဘူး။ ဒါကို ဟားမားစ်အဖွဲ့လည်း သိ ပါတယ်။ ဒါဆိုရင် အခုတိုက်ခိုက်မှုတွေကို ဘာ့ကြောင့်လုပ်တာလဲ။ ဒီတိုက်ခိုက်မှုတွေက ရူးမိုက်မှု သက်သက် လား၊ မဟာဗျူဟာအရ တွက်ချက်ဆောင်ရွက်တာလား။ အဲဒါတွေကိုနားလည်ဖို့ ဆိုရင် ပါလက်စတိုင်းတွေရဲ့ “Intifada” လှုပ်ရှား မှုကို သိဖို့လိုပါတယ်။ အဲဒီလှုပ်ရှားမှုက ပါလက်စတိုင်းတွေက အစ္စရေးစစ်တပ်နဲ့ အစ္စရေး နိုင် ငံသားတွေကို ရရာလက်နက် လေးခွကနေ သေနတ်၊ ဒုံးကျည်တွေအထိ စွဲကိုင်ပြီး ဖြစ်နိုင်တဲ့ နည်းလမ်းတွေနဲ့ တိုက်ခိုက်တာကို ခေါ်တာ ဖြစ်ပါတယ်။
အာရဗီဘာသာနဲ့ “Intifada” ဆိုတာကို အင်္ဂလိပ်ဘာသာပြန်တဲ့အခါ ဆူပူအုံကြွမှု ( Uprising ) လို့ ဘာသာပြန်ပေမဲ့ မူလ အာရဗီဘာသာက “တုန်လှုပ်သွားအောင်ဆောင်ရွက်ခြင်း”လို့ အနက်အဓိပ္ပါယ်ရပါတယ်။ အစ္စရေး- ပါလက် စတိုင်း ပဋိပက္ခအတွင်းမှာ “Intifada” နှစ်ကြိမ်ဖြစ်ခဲ့ဖူးတယ်။
ပထမအကြိမ်က ၁၉၈၈ ကနေ ၁၉၉၄ ခုနှစ်အထိ ကြာတယ်။ အစ္စရေး စစ်သား ခြောက်ဆယ်ကျော်နဲ့ အရပ်သား တစ်ရာနီးပါးသေတယ်။ စစ်သား ၁၇၀၀ ကျော် နဲ့ အရပ်သား ၁၄၀၀ ကျော်ဒဏ်ရာရတယ်။ ပါလက်စတိုင်း ၁၂၀၀ လောက်သေတယ်။ အစ္စရေးနဲ့ ပူးပေါင်းလို့ ဆိုပြီး အသတ်ခံရတဲ့ ပါလက်စတိုင်း ၈၂၂ ယောက်ရှိတယ်။ အဲဒီဆူပူမှုအပြီးမှာ အော့စလို သဘောတူညီချက်လို့ ခေါ် တဲ့ အစ္စရေး-ပါလက်စတိုင်း သဘောတူညီချက်တစ်ခုရတယ်။ ဂါဇာကမ်းမြှောင်ဒေသနဲ့ ဂျော်ဒန်မြစ် အနောက်ဘက် ကမ်း ဒေသတွေမှာ ပါလက်စတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလာတယ်။ ဒါပေမဲ့ အဲဒီဒေသတွေထဲမှာ အစ္စရေး တပ် စခန်းတွေနဲ့ အစ္စရေးအခြေချရွှေ့ပြောင်းနေထိုင်သူတွေရဲ့ မြို့ရွာတွေ ဆက်ရှိနေတယ်။ အဲဒီဒေသတွေရဲ့ မြေ ပြင်၊ ဝေဟင်၊ ရေပြင်နယ်နမိတ်တွေက အစ္စရေးထိန်းချုပ်မှုအောက်မှာပဲရှိတယ်။
အော့စ်စလို သဘောတူညီချက်ဆိုတာ ပါလက်စတိုင်းနိုင်ငံပေါ်ပေါက်ရေးနဲ့ အစ္စရေး -ပါလက်စတိုင်း ထာ၀ရ ငြိမ်း ချမ်းရေးရရှိဖို့အတွက် ပထမဆုံးခြေလှမ်းပဲ။ ဒါပေမဲ့ အဲဒီခြေလှမ်းက ရှေ့ဆက်မတက်နိုင်ဘဲ ၂၀၀၀ ပြည့်နှစ် ဒေးဗစ်စခန်းဆွေးနွေးပွဲပျက်ပြားသွားချိန်မှာတော့ပါလက်စတိုင်းနိုင်ငံပေါ်ပေါက်ရေးကမျှော်လင့်ချက်မရှိသလို ဖြစ်သွားတယ်။
ဒီလိုနဲ့ ဒုတိယအကြိမ် “Intifada” လှုပ်ရှားမှု ဖြစ်တယ်။ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၅ ခုနှစ်အထိ ကြာတယ်။ ပါလက် စတိုင်း သုံးထောင်၊ အစ္စရေးတစ်ထောင်လောက်သေတယ်။ နိုင်ငံခြားသား ၆၄ ယောက်သေတယ်။ နောက်ဆုံး အစ္စရေး ဝန်ကြီးချုပ်ရှာရွန် နဲ့ ပါလက်စတိုင်းသမ္မတ အာဘတ်စ်တို့ တွေ့ဆုံဆွေးနွေးသဘောတူညီချက်ရပြီး မှ တိုက်ခိုက်မှုတွေရပ်သွားတယ်။ အဲဒီနောက် ၂၀၀၅ ခုနှစ်ကုန်မှာ ဂါဇာဒေသမှာ ရှိတဲ့ အစ္စရေးတပ်စခန်းတွေနဲ့ အစ္စရေးမြို့ရွာတွေအားလုံးရုပ်သိမ်းလိုက်တဲ့အတွက် ဂါဇာဒေသဟာ ပါလက်စတိုင်းတွေရဲ့ ထိန်းချုပ်မှုအောက်မှာ အပြည့်အဝရောက်သွားတယ်။ အနောက်ဘက်ကမ်းဒေသမှာတော့ အခု အချိန်ထိ အစ္စရေးတပ်စခန်းတွေ၊ အစ္စရေးမြိုရွာတွေ ဆက်ရှိနေတုန်းပဲ။
ဒီ ဒုတိယအကြိမ် “Intifada” လှုပ်ရှားမှုမှာ ရှေ့တန်းရောက်လာတာက ဟားမားစ်အဖွဲ့ဖြစ်ပါတယ်။ ၂၀၀၆ ဂါဇာ ဒေသတွင်းလွှတ်တော်ရွေးကောက်ပွဲမှာ ဟားမားစ် အဖွဲ့က အမတ်နေရာ ၁၃၂ နေရာ အနက် ၇၄ နေရာ အနိုင်ရပြီး ဂါဇာဒေသအုပ်ချုပ်ရေးက ယာဆာအာရာဖတ်ရဲ့ ဖာတာ အဖွဲ့လက်ကနေ ဟားမားစ် အဖွဲ့လက်ထဲကို ရောက်သွား တယ်။ ဟားမာစ်အဖွဲ့က အော့စလို သဘောတူညီချက်ကို ဆန့်ကျင်တဲ့ အဖွဲ့ ဖြစ်တဲ့အတွက် ဂါဇာဒေသဟာလည်း အစ္စရေးနိုင်ငံကိုတိုက်ခိုက်တဲ့အခြေခံစခန်းဖြစ်လာခဲ့တယ်။
အစ္စရေးကလည်း ၂၀၀၇ ခုနှစ်ကစလို့ ဂါဇာဒေသကို ပိတ်ဆို့ထားခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုအရ မဖြစ် မနေလိုအပ်တဲ့ ကုန်ပစ္စည်းတွေပဲ သွင်းခွင့်ပေးတယ်။ ဂါဇာဒေသကနေ အစ္စရေးနယ်မြေထဲကို တိုက်ခိုက်မှု တစ်ခု ဖြစ်တိုင်း လေကြောင်းကနေလက်စားချေတိုက်ခိုက်တယ်။ ဂါဇာဒေသထဲကို ကုန်စည်ပစ္စည်းတင်ပို့ လို့ မရအောင် နယ်စပ်ကိုပိတ်ပစ်တယ်။အနောက်အုပ်စုနိုင်ငံတွေကလည်း ဟားမားစ်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ် ထားတဲ့ အတွက် ဂါဇာဒေသကို အရင်ပေးထားတဲ့ စီးပွားရေးကူညီမှုတွေကို ဖြတ်တောက်ခဲ့တယ်။ ဒါပေမဲ့ အဲဒီလိုအရေးယူမှုတွေက ဟာမားစ်အဖွဲ့ကို သဘောထားပြောင်းအောင် မလုပ် နိုင် သလို ဂါဇာဒေသက လူထု အထူးသဖြင့် လူငယ်တွေထဲမှာ အစ္စရေးနိုင်ငံအပေါ် မုန်းတီးမှု ပိုများလာအောင် တွန်း ပို့ပေးသလိုပဲ ဖြစ်ခဲ့တယ်။
၂၀၂၀ နောက်ပိုင်းရောက်လာတော့ ဟားမားစ်နဲ့ အစ္စရေးတပ်မတော်ကြား အပြန်အလှန် တိုက် ခိုက်မှုတွေ၊ ဂါဇာဒေသက ပါလက်စတိုင်းပြည်သူတွေခံစားနေရတဲ့ စီးပွားရေး၊ လူမှုရေးဒုက္ခတွေကလည်း ကြား ရဖန်များ တဲ့အတွက် နိုင်ငံတကာအသိုင်းအဝန်းမှာ ရိုးသလိုတောင်ဖြစ်လာနေတယ်။ တစ်ဖက်မှာလည်း အစ္စရေးက ဆော်ဒီအာရေးဘီးယားအပါအဝင်ပင်လယ်ကွေ့အာရပ်နိုင်ငံတွေနဲ့ပုံမှန်ဆက်ဆံရေးပြန်လည်ထူထောင်ဖို့ ကြိုးပမ်း မှုတွေ အရှိန်ရလာတယ်။ အရှေ့အလယ်ပိုင်းရဲ့ ပထဝီနိုင်ငံရေးကစားကွက်တွေထဲမှာ ပါလက်စတိုင်းအရေးက ဘေးဖယ်ခံရမဲ့အခြေအနေဖြစ်လာနေတယ်။
အဲဒီလို အခြေအနေမှာ အခု တိုက်ခိုက်မှုကြီးဖြစ်လာတာပဲ။ ဟားမားစ်အဖွဲ့ကတော့ အခုတိုက်ခိုက်မှုတွေကို “Intifada” ခေါင်းစဥ်မတတ်သေးဘူး။ ဒါပေမဲ့ ဟားမားစ်ခေါင်းဆောင်တွေက ပါလက်စတိုင်းတွေကို ရရာ လက် နက်ဆွဲပြီး အစ္စရေးကိုတိုက်ဖို့၊ လက်နက်မရှိရင်တောင် ကားနဲ့ ဝင်တိုက်ဖို့ လှုံ့ဆော်နေတာ တွေ၊ ဂါဇာ ဒေသ အခြေ အနေက ဘယ်တုန်းကနဲ့မှ မတူအောင် ပြောင်းလဲသွားပြီလို့ ပြောနေတာတွေ၊ ၂၀၀၇ ခုနှစ်ထဲက ပိတ်ဆို့ခံ၊ ဗုံးကြဲခံနေရတာ ဒီထက်ပိုပြီး ဆုံးရှုံးဖို့ မရှိတော့ဘူးဆိုပြီး ပြောနေတာတွေကို ကြည့်ရင် သူတို့ ရည်ရွယ်ချက်က လက်ရှိ ပိုနေမြဲ ကျားနေမြဲ အခြေအနေကို ပြောင်းလဲပစ်ချင်နေတယ်ဆိုတာ ထင်ရှားပါတယ်။
လက်ရှိအချိန်ကာလမှာတော့ အစ္စရေးကလည်း သူအရှက်ရထားတာကို ကျေနိုင်တဲ့အထိ တိုက်ခိုက်နေမှာပဲ။ ဟားမားစ်ဘက်ကလည်းရနိုင်သလောက်လက်တုန့်ပြန်နေမှာပဲ။ အမေရိကန်ကလည်း အစ္စရေးဘက်က ထောက်ခံ နေဦးမှာပဲ။ ဒါပေမဲ့ တိုက်ခိုက်မှုတွေအရှိန်ကျသွားတဲ့အချိန် ရောက်ရင်တော့ ပါလက်စတိုင်းအရေးနဲ့ပတ်သက်တဲ့ အစ္စရေးလူထုသဘောထားတွေ၊ အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံတွေရဲ့ သဘောထားတွေမှာ အပြောင်းအလဲတွေ ဖြစ်လာမှာသေချာပါတယ်။ အစ္စရေးနဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေကြား သင့်မြတ်ရေးက လည်း အရှိန်တန့်သွားမှာပဲ။ အဲဒါကပဲ ဟားမားစ်အဖွဲ့ရဲ့ မဟာဗျူဟာရည်မှန်းချက်ဖြစ်နိုင်ပါတယ်။
ကျွန်တော်ကတော့ ဟားမားစ်အဖွဲ့ရဲ့ ၂၀၂၃ အောက်တိုဘာ တိုက်ခိုက်မှုကိုကြည့်ရင်း မြောက်ဗီယက်နမ်နဲ့ ဗီယက်ကောင်း ပျောက်ကြားတွေရဲ့ ၁၉၆၈ ခုနှစ် နှစ်သစ်ကူး ထိုးစစ် နဲ့ နောက်ဆက်တွဲ ရလဒ်တွေကို ပဲ သတိရ နေ မိပါတယ်။
Never never and never again shall it be that this beautiful land will again experience the oppression of one by another. We should feel sorrow but not sink under its oppression.
Matin Luther King, Jr.
LikeLike