အင်းလေး (၂)

အင်းလေး နဲ့ ဧည့်သည်

ညောင်ရွှေမြို့နဲ့ အင်းလေးကန်ကို နောက်ဆုံးလည်ပတ်ခဲ့တာ ၂၀၁၅ ခုနှစ်ကဖြစ်ပါတယ်။ ၂၀၂၂ ဒီဇင်ဘာလထဲမှာ ကလော- အင်းလေး နှစ်ညအိပ် သုံးရက် တောတွင်းခရီးကြမ်းလျှောက်ခဲ့ပေမဲ့ အင်းတိန်ဘုရားတွေ အထိပဲ ရောက်ခဲ့ပြီး အင်းတိန်ကနေ ကလောကို တိုက်ရိုက်ပြန်ခဲ့တဲ့အတွက် အင်းထဲမရောက်ခဲ့ဘူး။ ၂၀၁၅ ခုနှစ် ရောက်ခဲ့ ချိန်က ညောင်ရွှေ အင်းလေးဒေသမှာ ခရီးသွားလုပ်ငန်းအရှိန်အဟုန်ကောင်းကောင်းနဲ့ ဖွံ့ဖြိုးတိုးတက်နေချိန်၊ အနာဂတ်ကို မျှော်မှန်း ပြီး လုပ်ငန်းတွေတိုးချဲ့နေချိန်ဖြစ်ပါတယ်။

တစ်ဘက်မှာလည်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒေသခံများရဲ့ အကျိုးစီးပွားကြား၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်လိုအပ်ချက်များကြား ဝိရောဓိတွေ ပြင်းထန်နေတဲ့အချိန် လည်း ဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၁၃-၂၀၁၄ ခုနှစ်မှာ စတင်ခဲ့တဲ့ အင်းလေးကန် အရှေ့ ဘက် ဟိုတယ်ဇုန် ၆၆၂ ဧက ဖော်ထုတ်ရေး စီမံကိန်း ဆိုရင် အင်န် အယ်လ်ဒီအစိုးရလက်ထက်အထိ အငြင်းပွား မှုတွေ ဖြစ်နေတုန်း ပါပဲ။

၂၀၂၃ ခုနှစ် ဖောင်တော်ဦးပွဲတော်ကာလ အင်းလေးကို တစ်ခေါက်ပြန်ရောက်ချိန်မှာတော့ အင်းလေးဒေသ ခရီး သွားလုပ်ငန်းက တုန့်ဆိုင်းနေပါပြီ။ ညောင်ရွှေမြို့ပေါ်က ဟိုတယ် အကြီးအသေး အတော်များများ ပိတ်ထားတာ တွေ့ရတယ်။အင်းထဲမှာလည်းထူးမခြားနားပဲတဲ့။

မှတ်တမ်းများအရ အင်းလေးဒေသမှာ ၂၀၁၆ ခုနှစ်က ဟိုတယ် ၈၈ လုံး၊ အခန်း ၂၇၃၁ ခန်းရှိပြီး ၂၀၁၈ ခုနှစ်မှာ ဟိုတယ် ၁၀၃ လုံး၊ အခန်းပေါင်း ၃၃၅၅ ခန်းရှိတယ်။ ကိုဗစ်မဖြစ်ခင်ထိ အခုလို ရာသီဆိုရင် ဟိုတယ်တွေမှာ နိုင်ငံခြားသားဧည့်သည်တွေ အပြည့်၊ ညောင်ရွှေမြို့ပေါ်လမ်း တွေ၊ စားသောက်ဆိုင်တွေမှာ ည ကိုးနာရီ၊ ဆယ်နာရီ အထိ သွားကြလာကြပေါ့။ အခုတော့ဒေသခံတွေရဲ့အဆိုအရ ည ခြောက်နာရီ ကျော် ရင် လူမရှိသလောက်ပဲ။ ကိုဗစ် ၁၉ ကပ်ဘေးလွန်သွားလို့ နိုင်ငံတကာခရီးသွားလုပ်ငန်းတွေ ပြန်နလံထူလာပေမဲ့ လည်း မြန်မာ့ခရီးသွား လုပ်ငန်းကတော့ အသက်ရှုကျပ် နေဆဲပဲ။

မြန်မာ့ခရီးသွားလုပ်ငန်းပြန်နလံထူဖို့အတွက် ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် ပြောနေတာတော့ အတော်များတယ်။ ဒါပေမဲ့ နိုင်ငံတကာခရီးသွားဧည့်သည်တွေလာဖို့ဆိုတာ နိုင်ငံ တည်ငြိမ်အေးချမ်းဖို့ လိုသလို နိုင်ငံရဲ့ ဂုဏ်သတင်း ကောင်းမျက်နှာပန်းလှဖို့လည်း လိုတယ်။ ခက်တာက အဲဒါတွေက ရှားပါးပစ္စည်းဖြစ်နေတဲ့အတွက် အင်းလေး ရေပြင်ပေါ်မှာ ကမ္ဘာလှည့်ခရီးသည်တွေပျားပန်းခတ်မြင်ရဖို့ကတော့ “ဤခရီးကား ဝေးသေး၏” ပဲ။

တစ်ချိန်ကတော့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဆိုတာ မြန်မာနိုင်ငံရဲ့ တိုးတက်မှု အမြန်ဆုံး စီးပွားရေးကဏ္ဍထဲမှာ ပါပါ တယ်။ ၂၀၁၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံကို လေကြောင်း၊ ရေကြောင်းနဲ့ နယ်စပ်ဒေသက လာရောက်တဲ့ ခရီးသွား ဧည့်သည် ခုနှစ်သိန်းကိုးသောင်းကျော်ရှိခဲ့တယ်။ ၂၀၁၂ ခုနှစ်ရောက်တော့ ပထမဆုံးအကြိမ်အဖြစ် ခရီး သည် အရေအတွက် တစ်သန်းကျော်သွားတယ်။ ၂၀၁၆ ခုနှစ်ရောက်တော့ ခရီးသွားဧည့်သည် ၂ ဒဿမ ၉ သန်း လာ တယ်။ ၂၀၁၉ ခုနှစ်မှာတော့ ၄ ဒဿမ ၃ သန်းအထိ လာခဲ့ပြီး ခရီးသွားလုပ်ငန်းကနေ ဒေါ်လာ ၂ဒဿမ၉ ဘီလျံ ဝင် ငွေရခဲ့တယ်။ ၂၀၁၉ ခုနှစ် မှာပဲ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်က မြန်မာနိုင်ငံကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက် ဖို့ အလား အလာ အကောင်း ဆုံးနိုင်ငံများ စာရင်းမှာ ထည့်ခဲ့တယ်။

အခုတော့ ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံကို လေကြောင်း၊ ရေကြောင်းနဲ့နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူ အပါအဝင် ခရီးသွား ဧည့်သည်နှစ်သိန်းကျော်ပဲလာချိန်မှာ ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၂ ခုနှစ်မှာ လေကြောင်း ခရီးနဲ့တင် ခရီးသွား ဧည့်သည် ( ၂ဒဿမ ၃၈) သန်းလာခဲ့ပြီး ၂၀၂၃ ပထမ ရှစ်လအတွင်းမှာပဲ ၃ ဒဿမ ၅ သန်းကျော်လာခဲ့တယ်တဲ့။ မြန်မာနိုင်ငံကတော့ ၂၀၂၃ ခုနှစ် ပထမ ခုနစ် လမှာ ခြောက်သိန်းကျော်ပဲလာ တယ်။

ဒါတောင် လေယာဥ်နဲ့လာတာဘယ်လောက်လဲ၊ နယ်စပ်ဖြတ်ကျော်ဝင်တာဘယ်လောက်လဲ ခွဲခြားထားတာ မတွေ့မိဘူး။ဟိုတယ်လုပ်ငန်းရှင်တွေ၊ ခရီးသွား လုပ်ငန်းအေဂျင်စီတွေလည်းလေယာဥ်တွေ၊သင်္ဘောတွေနဲ့လာမဲ့ ရုရှားခရီးသည်တွေကို မျှော်ရတာနဲ့ ရွှေလည်တိုင် ဖော့ရိုးလည်း ကျိုးတော့မယ်။ ရုရှားတိုးရစ် ဆိုတာလည်း ရုရှား ဒီဇယ်ဆီလိုပဲ ထင်သာထင် မဝင်ဘူး ကျောင်းအမ များလားမသိဘူး။

နိုင်ငံခြားခရီးသွားဧည့်သည်တွေအကြောင်းပြောရင်“နိုင်ငံခြားသားတွေမလာလည်းဘာဖြစ်လဲ၊ပြည်တွင်းခရီးသွား တွေရှိနေတာပဲ၊အခါကြီး ရက်ကြီးဆိုရင်ပုဂံ၊ချောင်းသာ၊ ငွေဆောင်၊ ကလော မှာ ဟိုတယ်အခန်းလွတ် တောင် မကျန်ဘူး” လို့ ဆိုသူတွေရှိပါတယ်။ တကယ်တော့ ပြည်တွင်းခရီးသွားဆိုတာက ရုံးပိတ်ရက်တွေမှာ စုပြုံ ကျ လာပြီး ကျန်တဲ့ ရက်တွေဆိုရင် လာတာအတော်နည်းတယ်။ ဒါတောင် မြန်မာနိုင်ငံအတွင်းက ကျန်တဲ့ နေရာတွေ ကို သွားလို့မရတဲ့အတွက် ပုဂံ၊ချောင်းသာ၊ငွေဆောင် ၊ ကလောကိုပဲ စုပြုံတိုးနေကြတာပါ။ နိုင်ငံခြားသား ခရီး သည်တွေကတော့ ခရီးသွားရာသီလို့ပြောကြတဲ့ဩဂုတ်၊စက်တင်ဘာကနေ နောက်နှစ် ဖေဖော်ဝါရီ၊ မတ် လောက် အထိ နေ့စဥ်လိုလို လာနေတာဖြစ်ပါတယ်။

နောက်ပြီး ပြည်တွင်းခရီးသွားအများစုက ဘုရားကျောင်းကန် နဲ့ ဓာတ်ပုံရိုက်လို့ လှတဲ့နေရာ တွေကို အသွားများ တယ်။ ပြည်ပခရီးသွားတွေကတော့ အဲဒီလိုနေရာတွေ အပြင် ခရီးကြမ်းလမ်းလျှောက်တာ၊ ဒေသလူနေမှု စနစ် ကို လေ့လာတာ၊ ဒေသအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်တာမျိုးတွေ လုပ်တဲ့အတွက် ခရီးသွားလုပ်ငန်းဝင်ငွေက လူတန်းစားအလွှာအသီးသီးကို ပိုပြီး စီးဆင်းသွားနိုင်တယ်။

အခုအင်းလေးဒေသခရီးသွားလုပ်ငန်းရင်ဆိုင်နေရတာအဲဒီပြဿနာပဲ။ ပြည်တွင်းခရီးသွားအများစုက တောင်ကြီး၊ ကလောကို အခြေပြု ပြီးအင်းလေးကို နေ့ချင်းပြန်လာတာများတဲ့အတွက် ညောင်ရွှေ အင်းလေး ဒေသက ဟိုတယ်တွေ က နိုင်ငံခြားခရီးသွားဧည့်သည်တွေကို အဓိက အားကိုးနေခဲ့ ရတာပါ။ အမှတ်တရ ပစ္စည်းဆိုရင် လည်း နိုင်ငံခြားသားဧည့်သည်ကိုပဲ အဓိကထားရောင်းရတာပါ။ ပိုးထည်လုပ်ငန်းတွေဆိုရင် ပြည်တွင်းဧည့်သည် ကို အားကိုးလို့မရဘူး။ ပြည်တွင်းဧည့်သည်အများစုက ချည်ထည်လောက်ပဲ ဝယ်တာပါ။ အင်းလေးကို လာတဲ့ ပြည်တွင်းခရီးသွားတွေထဲက ဈေးကြီးတဲ့ ပိုးထည် တွေ၊ ကြာချည်နဲ့ ယက်တဲ့အထည်တွေကိုဝယ်နိုင်တာဆိုလို့ နောက်မှာ ဘာဝယ်ဝယ် ငွေရှင်းပေးမယ်ဆိုတဲ့ သူတွေပါတဲ့ ဧည့်သည်တွေပဲ ရှိသတဲ့။ အဲဒါမျိုးကလည်း တစ် လ တစ်ယောက်တောင် မကြုံပါဘူး။

နောက်ပြီး ပြည်တွင်းဧည့်သည်တွေထဲမှာ ကျေးရွာလူနေမှုဘဝလေ့လာတာ၊ အင်းလေးဒေသ တောင်တန်းတွေ ပေါ်မှာ ခြေလျင်ခရီးနှင်တာမျိုးက အတော်ရှားတဲ့အတွက် အဲဒီလုပ်ငန်းလုပ်တဲ့ ခရီးသွားအေဂျင်စီတွေဆိုရင် အလုပ်လက်မဲ့ဖြစ်နေပြီ။ တချို့ဟိုတယ်တွေကတော့ ဘဏ်ချေးငွေနဲ့ ဆောက်ထား တာဖြစ်တဲ့အတွက် ခရီးသည်မဝင်တဲ့အခါ အတိုးနဲ့တင် လုံးပါးပါးနေတယ်။

ကျွန်တော်တို့ အင်းလေးကို ရောက်တဲ့ရက်က ဖောင်တော်ဦးဘုရားပွဲ ဒုတိယရက်ဖြစ်ပေမဲ့ ပြည်တွင်း ခရီးသည်တောင်အတော်ပါးနေသလိုပဲ။ကျွန်တော်တို့ရဲ့စက်လှေသမားလေးကတော့ ဖောင်တော်ဦး ရုပ်ပွားတော် တွေ ညောင်ရွှေမှာ ကျိန်းမဲ့ ရက်တွေမှာတော့ ဧည့်သည်များမယ်လို့ မျှော်လင့်နေတယ်။ ကျွန်တော် တို့ စက်လှေ ညောင်ရွှေစက်လှေဆိပ်ကနေ အင်းရေပြင်ကျယ် ကို ထွက်လာတော့ရေလမ်းကြောင်းဝဲယာမှာလည်း ပိတ်ထားတဲ့ ဟိုတယ်တွေ တွေ့တယ်။ စားသောက်ဆိုင်တချို့လည်း ပိတ် ထားတယ်။ ။

ကျွန်တော်တို့ ရဲ့ ခရီးသွားလမ်းညွှန်ကတော့ ကမ်းဝဲယာကို လက်ညှိုးထိုးပြပြီး ဒါက ဘာ၊ ဘယ်တုန်းက ပိတ်သွား တာ စသည်ဖြင့် ရှင်းပြနေတယ်။ ရှိရာကနေ မရှိ ဖြစ်သွားတဲ့အကြောင်းတွေကြားရတာ ရင်မောလိုက်တာ။ စက်လှေ က အင်းရေပြင်ကျယ်ထဲရောက်သွားတော့ ဒီနှစ်မိုးကောင်းတဲ့ အတွက် အင်းရေအတော်များနေတာတွေ့ရတယ်။ လမ်းညွှန်က အင်းအရှေ့ဘက်ခြမ်းက မြေသားနီနီပေါ်နေတဲ့နေရာတွေကို လှမ်းပြပြီး ဟိုတယ်ဇုန်စီမံကိန်း ရပ်သွား တဲ့အကြောင်းကို ရှင်းပြနေတယ်။

ကျွန်တော်ကတော့ သူပြောတာတဲ့ စိတ်မောစရာတွေ နားမထောင်ချင်တော့ဘူး။ ဒါနဲ့ စားကျက် နေရာတွေ ရေ မြုပ်နေလို့ကုန်းမြင့်ပေါ်လာတင်ထားတဲ့ကျွဲအုပ်တွေကိုဓာတ်ပုံရိုက်နေလိုက်တယ်။တစ်နေရာမှာကျွဲတစ်ကောင် က မြေဆွေးပုံလို့ ထင်ရတဲ့ မြေစာပုံထိပ်မှာ ရပ်နေတာတွေ့တယ်။ နောက်ခံတောင်တန်းတွေနဲ့၊ သူ့အောက်မှာ တခြားကျွဲတွေ၊ ဗျိုင်းဖြူ တွေ နဲ့ ကျွဲဘုရင်လိုလို ဘာလိုလိုပေါ့။ အဲဒီရှုခင်းကို ဓာတ်ပုံလှမ်းရိုက်ရင်း ဒီကျွဲဟာ သူကိုယ်သူ တောင်ထိပ်ရောက်နေတယ်လို့ ထင်နေမလား၊ စားကျက်ပျောက်ပြီး ရေပတ်လည်ဝိုင်းနေတာကိုရော သိရဲ့လားလို့ တွေးမိတယ်။

Leave a comment