တစ်ချိန်က စမ်းချောင်း ဗားကရာဘက်မှာ ကားတာယာတွေနဲ့ လူသုံးကုန် ပစ္စည်း တွေ ၊ မော်တော်ယာဉ်သုံးအပိုပစ္စည်းတွေ တီထွင်ထုတ်လုပ်ရောင်းချတဲ့ ဆိုင်တွေ ရှိခဲ့ဖူး တယ်။ အဲဒီ ဆိုင်တွေရှေ့မှာ ဖိနပ်တွေ၊ ရေပုံးတွေ၊ ဇလားတွေ၊ ရေပုံးကြိုးတွေချိတ်ထားလေ့ရှိတယ်။ ကား တာယာနဲ့ လုပ်ထားတဲ့ပစ္စည်းတွေက ရုပ်ထွက်မလှပေမယ့် အသုံးခံတဲ့ အတွက် ဝယ်ယူအားပေး တဲ့သူလည်းများတယ်။
အခုတော့ အဲဒီနေရာမှာ တစ်ဆိုင်၊ နှစ်ဆိုင်လောက်ပဲရှိတော့တယ်။ ကားတာယာ ဖိနပ် ဆိုတာတော့ မသုံးသလောက်ဖြစ်သွားပြီ။ ကျန်တဲ့ လူသုံးပစ္စည်းတွေ ကတော့ ထုတ်လုပ်နေဆဲပါ။ ဒါပေမယ် ရန်ကုန်မြို့သူမြို့သား အတော်များများ က ကားတာယာနဲ့လုပ်တဲ့ပစ္စည်းတွေကို သုံးရကောင်းမှန်းမသိတော့ဘူး။
ကျွန်တော်တို့ အရာရှိငယ်ဘဝက ရှေ့တန်းမှာ မိုးတွင်းကာလဆိုရင် ကြိုးသိုင်း ကားတာယာ ဖိနပ်တွေစီးခဲ့ရတယ်။ အဲဒီ ဖိနပ် တွေကို ဗီယက်နမ်စစ်ပွဲကာလမှာ ဗီယက်ကောင်း ပျောက်ကြားတွေ စီးခဲ့လို့ ဟို ချီမင်း ဖိနပ်လို့လည်း ခေါ်တယ်။ အခုခေတ်ဆိုရင် တော့ ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်မှာ ကားတာယာ ဖိနပ်စီးနေတဲ့ တပ်မတော်သား တွေပုံကိုတင်ပြီး ညှပ်ဖိနပ်ကြီးနဲ့လို့ ပြောကြမှာသေချာတယ်။
ဒါပေမယ့် ကျွန်တော့်တို့ စစ်ဆင်ရေးနယ်မြေအနေအထားနဲ့ အဲဒီဖိနပ်တွေက အကောင်းဆုံးပဲ။ ဒီဒေသက ချောင်းမြောင်းပေါတယ်။ လယ်ကွင်းတွေများတယ်။ မိုးတွင်းဆိုရင် တစ်နေကုန် ရွံ့ထဲ၊ ဗွက်ထဲမှာသွားရတယ်။ အဲဒီအခါမှာ တောစီးဖိနပ်နဲ့ ခြေအိတ်က တစ်နေကုန် ရေစိုနေပြီး ခြေ ထောက်က နူးပြီးပွလာတယ်။ ဖိနပ်ထဲကို ရွံ့တွေ၊ သဲတွေဝင်တဲ့အခါ နူးအိနေတဲ့ခြေဖဝါးတွေ ပွန်း ကုန်ရော၊ ဖြတ်လေ ျှာက်ရတဲ့ရေက နွားချေး၊ ကျွဲချေးတွေ၊ အခြားအညစ်အကြေးတွေရှိတဲ့အခါ ခြေ ဖဝါးတွေ၊ ခြေချောင်းလေးတွေမှာ အနာတွေဖြစ်လာတယ်။ အဲဒါကို သဲဝဲစားတယ်လို့ခေါ်တယ်။ သဲဝဲစားပြီဆိုရင် ခြေထောက် ထောက်လို့မရတေ့ာဘူး။ လမ်းလေ ျှာက်လို့မရတော့ဘူး။ နေ့စဉ် ချီတက်ရှင်းလင်းနေရတဲ့အချိန်မှာ သဲဝဲစားတာဟာ တကယ့်ပြဿနာပဲ။
အဲဒီပြဿနာကို အကောင်းဆုံးကာကွယ်နိုင်တာက ဟိုချီမင်းဖိနပ်ပဲ။ အကြမ်းခံတယ်။ ရာဘာ ဖိနပ် လို့ ချော်ထွက်သွားတာ၊ သဲကြိုးပြုတ်တာ၊ပြတ်တာလည်းမရှိဘူး။ ခွာကလည်း တော်ရုံ ငုတ်၊ ညှောင့်ထိုးလို့မပေါက်ဘူး။ ခြေထောက်ရေနူးတာလည်းမဖြစ်ဘူး။ ရေထဲဆင်းရင်စို ၊ ကုန်းပေါ်တက်ရင်ခြောက်။ ဒ့ါကြောင့် မိုးတွင်းကာလဆိုရင် ဟိုချီမင်းဖိနပ်ကို စီးကြတယ်။ ဒါပေမယ့် နောက်တော့ ယိုးဒယားဘက်က ဂွင်းထိုးဖိနပ်တွေ ဝင်လာ တဲ့ အခါ ဟိုချီးမင်းဖိနပ်တွေပျောက်သွားတော့တယ်။
တာယာဖိနပ်ကို ဘယ်သူစပြီးတီထွင်ခဲ့သလဲဆိုတာတော့ မှတ်တမ်းမရှိဘူး။ဒါပေမယ့် ဂျပန်ခေတ် ပစ္စည်းရှားပါးတဲ့အချိန်မှာ တာယာဖိနပ်ပေါ်လာခဲ့တယ်။အဲဒီအချိန်က အခုစော်ဘွားကြီးကုန်း တစ်ဝိုက်မှာရှိတဲ့ ကားအပျက်၊ လေယာဉ်ပျက်တွေက တာယာတွေကို လှီးပြီး ဖိနပ်လုပ်ခဲ့ကြတယ် လို့ ဆိုတယ်။
တာယာဖိနပ်ကို ဘယ်သူတီထွင်ခဲ့တယ်ဆိုတာ မသိရပေမယ့် စစ်ပြီးခေတ်နောက်ပိုင်း ကားတာ ယာကနေ ပစ္စည်းမျိုးစုံထုတ်လုပ်တဲ့လုပ်ငန်းမှာ ထင်ရှားတဲ့သူကတော့ ဦးတင်မောင်အေး ပဲ။ သူက ကားတာယာအဟောင်းတွေကို လေလံဆွဲတဲ့အခါ တာယာတွေရဲ့ အခြေအနေကို ကြည့်လိုက်တာနဲ့ ဘာ တွေ လုပ်လို့ရမယ်၊ ဘယ်လောက်ထွက်မယ် ဆိုတာကို ခန့်မှန်းနိုင်တယ်။ ဈေးဖြတ်နိုင် တယ်။ သူခန့်မှန်းရင်လွဲခဲတယ်။ ဒါ့ကြောင့်လည်း သူ့ကို ဗိုလ်တာယာလို့ခေါ်ကြတယ်။ အခုတော့ ကွယ် လွန်သွားတာဆယ်နှစ်လောက်ရှိပါပြီ။ သူ့သမီးတစ်ယောက်ကတော့ တာယာလုပ်ငန်းဆက်လုပ်နေတယ် လို့ဆိုတယ်။
ဦးတင်မောင်အေးက သာယာဝတီမြို့နယ် သင်တောရိုးရွာသား။ သင်တောရိုးရွာဆိုတာ ရန်ကုန် ဘက်ကလာရင် သာယာဝတီမြို့အထွက် သာယာဝတီပန်းကန်စက်အကျော်မှာရှိတယ်။ တာယာ အဟောင်းလောကမှာ သင်တောရိုးရွာသားတွေဖြစ်တဲ့ ဦးတင်မောင်အေး၊ ဦးလှမောင်၊ ဦးဖြူဝင်းတို့ တွေက နာမည်ကြီးတွေပေါ့။ သူတို့ကို အကြောင်းပြုပြီးတာယာအဟောင်းလုပ်ငန်းတွေထဲမှာ သင် တောရိုးသားတွေအများကြီးရောက်လာခဲ့တယ်။
ဒီလုပ်ငန်းက ပထမတော့ တာယာဖိနပ်တွေပဲထုတ်တာ။ ၁၉ ၆၂ ခုနှစ်နောက်ပိုင်းကျတော့ ဆို ရှယ် လစ်စီးပွားရေးစနစ်ရဲ့ အကျိုးဆက်ကြောင့် လူသုံးကုန်ပစ္စည်းတွေ၊ မော်တော်ယာဉ်အပိုပစ္စည်းတွေ ရှားပါးလာတဲ့အခါ ကားတာယာကနေ အဲဒီပစ္စည်းတွေထုတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ရေပုံးတွေ၊ ဇလားတွေကို တီထွင်ထုတ်လုပ်ခဲ့တာကတော့ မုံရွေး၊ကြေးမုံက ဦးသန်းမောင်တဲ့။ ရေပုံးတွေ စလုပ် တော့ လူတွေယုံကြည်အောင် ဘုရားပွဲတွေ၊ ဈေးတွေမှာ ကိုင်ပေါက်ပြပြီး ကြော်ငြာခဲ့ရ တယ်။ နောက်တော့ကားတွေ ၊ စက် လှေတွေအတွက် ဘွတ်ရှ်တွေ၊ ဝါရှာတွေ လုပ်ပေးနိုင်မလားဆိုပြီး လာအပ်တဲ့အခါ သင်တောရိုးသားတွေက စမ်းလုပ်ပေးရင်းနဲ့အောင်မြင်သွားခဲ့တယ်။
ဆိုရှယ်လစ်စီးပွားရေးစနစ်ကြီးပြိုလဲကျခါနီးတဲ့အချိန်မှတော့ ကားတာယာအဟောင်းတွေကနေ တာယာဖိနပ်၊ သားရေဖိနပ်တွေအတွက် အောက်ခံပြား၊ လက်ဆွဲပုံး၊ ရေပုံးကြီး၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ဇလား၊ ကားနဲ့စက်လှေတွေအတွက် ရာဘာဘွတ်ရှ်မျိုးစုံ ၊ ဝါရှာမျိုးစုံ ၊ ပတ္တားကြိုး အရွယ်စုံ၊ ဆန်စက်သုံးပစ္စည်းတွေ၊ ရေပုံး ကြိုး၊ လှည်းကုံးစီးကြိုး၊ မြင်းလှည်းသားရေကုံး၊ စသည် ဖြင့် ပစ္စည်းမျိုးစုံထုတ်နိုင်နေပြီ။ စက်ဘီးဘရိတ်တုံးအထိ လုပ်ခဲ့သလို ရုပ်ရှင်ထဲမှာသုံးဖို့အတွက် ရာ ဘာဓားတွေတောင်လုပ်ပေးခဲ့ဖူးတယ်။
၁၉ ၉ ၀ ပြည့်လွန်နှစ်တွေ ကန်ထရိုက်တိုက်တွေ ခေတ်စား တဲ့ အချိန်မှာ ဘိလပ်မြေဖျော်ပြီးရင် ပုံးတွေ နဲ့ လေးငါးခြောက်ထပ်ထမ်းတင်၊ ပြီးရင် အပေါ် ကနေ ပစ်ချ၊ ဘာမှမဖြစ်ပဲ အင်မတန် အကြမ်းခံတဲ့ တာယာပုံးတွေ၊ ဇလားတွေ ရောင်းကောင်းခဲ့ဖူးတယ်။ အဲဒီကာလတွေကတော့ တာယာအဟောင်းလုပ်ငန်းရှင်တွေအတွက် ရွှေခေတ်ပေါ့။
ဒီဘက်ခေတ်မှာတော့ ပလတ်စတစ်ပစ္စည်းတွေပေါ်လာတော့ တာယာဖိနပ်တွေ၊ တာယာပုံးတွေ သုံးတာနည်းလာတယ်။ ပြည်ပက အပိုပစ္စည်းတွေဝင်လာ၊ ကားတွေကလည်း ခေတ်မီလာတော့ တာယာအစားထိုးပစ္စည်းတွေသုံးတာနည်းလာတယ်။ အထူးသဖြင့် အိမ်စီးကားငယ်တွေမှာ ပိုသိ သာလာတယ်။ ဗားကရာဘက်မှာလည်း တာယာအဟောင်းပစ္စည်းဆိုင် တစ်ဆိုင်၊ နှစ်ဆိုင်ပဲ ကျန် တော့တယ်။ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတ၊ တောင်ဒဂုံ စတဲ့ဘက်တွေကို ရွှေ့သွားကြတယ်။ လူသုံးကုန်ပစ္စည်းထက် စက်မှုကုန်ကြမ်းထုတ်တာ၊ ဘွတ်ရ်ှတွေလုပ်တဲ့ ဘက်ကို လိုင်းပြောင်းသွားကြတယ်။
ဗိုလ်တာယာရဲ့ သင်တောရိုးရွာမှာတော့ တာယာအဟောင်းလုပ်နေတဲ့ လုပ်ငန်းရှင်နှစ်ဦး ရှိ သေး တယ်။အရင်ကတော့ငါးဦးရှိခဲ့တယ်တဲ့။ကျွန်တော်ရောက်တဲ့ဆိုင်ကဦးအေးဝင်းနဲ့သူ့သား ကိုနေလင်းတို့ဆိုင်။ ဦးအေးဝင်းက အထက်အညာက ကဗျာဆရာကြီးတစ်ယောက်နဲ့တူတယ်။ သူက ဗိုလ်တာယာကို ကောင်းကောင်းသိတဲ့သူပေါ့။ ညိုညိုသေးသေး၊ လူပုံအေးအေးနဲ့ ကိုနေလင်းက ဘွဲ့ရပြီးတဲ့နောက် မိဘလက်ငုတ် လုပ်ငန်းကို ဦးစီးပြီး လုပ်နေတယ်။ အဲဒီဆိုင်မှာပဲ ရန်ကုန်မှာ တာယာဘွတ်ရှ်လုပ်ငန်းလုပ်နေတဲ့ ဒီရွာသားကိုငွေစိုးနဲ့လည်းတွေ့ခဲ့တယ်။ အသက် ၁၂ နှစ်သား ထဲက ဗားကရာကို ရောက်ခဲ့တဲ့ ကိုငွေစိုးက ရန်ကင်းစာတိုက်နားမှာ ကိုကရင် ဗားကရာဘွတ်ရှ်ဆိုင် ဆိုပြီး ဖွင့်ထားတယ်။ ကိုယ်လုံးထွားထွား ၊ ဆေးမှင်ကြောင် အပြည့်နဲ့ ကိုငွေ စိုးကတော့ ယာကူဇာစတိုင်ပဲ။
ဆိုင်က အိမ်ရှေ့မှာ ဖွင့်ထားတယ်။ အိမ်ရှေ့မှာ ၊ အိမ်နောက်မှာမှာ တာယာအဟောင်း အရွယ် မျိုးစုံ ရှိတယ်။ တာယာအဟောင်းတွေကို အစိုးရဌာနတွေ၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေဆီက လေလံဆွဲရ တယ်။ စက်ရုံ၊ အလုပ်ရုံတွေ၊ သတ္တုတွင်းတွေ အထိလိုက်ပြီး ဝယ်ရတယ်။ တာယာတွေကို အရွယ် အစားပေါ်မူတည်ပြီးသုံးတယ်။ လုပ်ငန်းသုံးကားကြီးတွေရဲ့ တာယာတွေက ကား၊ သဘောၤတွေရဲ့ ဘွတ်ရှ်လိုင်းအတွက်သုံးတယ်။ ဘတ်စ်ကားတွေ၊ ဒိုင်နာတွေ၊ အိမ်စီးကားတွေရဲ့ တာယာတွေက ရေပုံးနဲ့ လူသုံးကုန်ပစ္စည်းတွေလုပ်တယ်။ ကားကြီးတာယာတွေကနေ ဘွတ်ရှ်တွေထုတ်ပြီးတဲ့ အခါ ကျန်တဲ့အပိုင်းတွေကို ရေပုံးသမားက ယူသုံးတာလည်းရှိတယ။်
သင်တောရိုးရွာမှာကတော့ လူသုံးကုန်ပစ္စည်းတွေ၊ စက်မှုကုန်ကြမ်းတွေပဲထုတ်လုပ်တယ်။ တာယာ အဟောင်းတစ်လုံးကို ဓားလေးတွေနဲ့ အလွှာလိုက်လှီးထုတ်ပစ်လိုက်တဲ့အခါ အပေါ်ဆုံးအလွှာက ဖိနပ်အောက်ခံဆိုးလ်အတွက် ဖြစ်သွားတယ်။ တာယာပြားပေါ်မှာ ဖိနပ်ပုံတွေလျာထားပြီးရင် အဲဒီ အကွင်းလိုက်ကိုပဲ ကုန်ကြမ်းအဖြစ်ရောင်းလိုက်တယ်။ ရန်ကုန်မှာ ဖိနပ်ပုံအတိုင်း ပြန်ဖြတ်ပြီး မန္တလေး နဲ့ အခြားမြို့တွေက သားရေဖိနပ်လုပ်ငန်းရှင်တွေကို ရောင်းတယ်။
တာယာအမျိုးအစားပေါ်မူတည်ပြီး ကြိုးသားလို့ခေါ်တဲ့ အတွင်းသားကို လေးလွှာ၊ ငါးလွှာ၊ ခြောက်လွှာ၊ ရှစ်လွှာစသည်ဖြင့်ရအောင်လှီးတယ်။ မြေသယ်ယာဉ်လို ကားကြီးတွေရဲ့ တာယာ တွေ ကျတော့ အလွှာအများကြီးထွက်အောင်လှီးလို့ရတယ်။
အဲဒီကြိုးသားတွေကတော့ ရေပုံး၊ ဇလား၊ ပတ္တားကြိုး၊ ရေပုံးကြိုး စသည်ဖြင့် ဈေးကွက်လိုအပ်ချက် အပေါ်မူတည်ပြီး ပစ္စည်းမျိုးစုံထွက်တယ်။ အခုနောက်ပိုင်း ပရိဘောဂ လုပ်ငန်းတွေက ဆက်တီခုံ တွေမှာ ဆိုဖာခင်းဖို့အတွက်အောက်ခံကြိုးအဖြစ်သုံးဖို့ ဝယ်တာများတယ်။ အဲဒီကြိုးပြားတွေက တစ်လိပ်ကို ပေတစ်ရာရှိတယ်။ ရန်ကုန်ကို ပို့ပေးရတယ်။ ရေပုံးတွေ၊ ဇလားတွေကတော့ နယ်ပို့ သလို ဆိုင်မှာလည်း တင်ရောင်းတယ်။
တာယာနှုတ်ခမ်းသားကျတော့သတ်သတ်လှီးထုတ်တယ် ပြီး ကုန်ကြမ်းအဖြစ်ရောင်း တယ်။ ရန်ကုန်မှာ အဲဒီနေရာက သံကြိုးမ ျှင်တွေကို ပြန် ထုတ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံးတဲ့ ဂျာလီ တွေလုပ်တယ်။ ဖိနပ်အောက်ခံကလစ်တွေလုပ်တယ်။ တစ်ချို့ အိမ်တွင်းစက်မှုလုပ်ငန်းတွေက လည်း သုံးတယ်။
တာယာတစ်လုံးကို အလွှာလွှာဖြစ်အောင်လုပ်ရတဲ့အလုပ်ကအတော်လက်ဝင်တယ်။ သူတို့ သုံး တဲ့ ဓားတွေကလည်း မြိနေတာပဲ။ ကိုယ်တိုင်လုပ်ထားတဲ့ဓားတွေ၊ သံကလည်း တွေ့ရာသံ သုံးလို့ မရဘူး။ တိုင်ကပ်နာရီတွေမှာသုံးတဲ့ စတီးသံပတ်တွေ၊ စက်ရုံသုံး သံဖြတ်လွှအဟောင်းတွေကို ပြန် လုပ်ထားရတာ။
အခုနောက်ပိုင်း ကားလေးတွေမှာ တာယာဘွတ်ရှ်တွေအသုံးနည်းလာတယ်ဆိုပေမယ့် ကားဘော် ဒီကို မြှင့်တဲ့အခါ ရာဘာတုံးအဖြစ်သုံးနေဆဲပဲ။ ခေါင်းလှန်လို့ရတဲ့ ကားကြီးတွေရဲ့ ဇက်ဘွတ်ရှ်တွေ၊ ကားအင်ဂျင်အထိုင်တုံးတွေ၊ ဂီယာဘောက်စ်အထိုင်၊ ခါးဆွဲဂျွိုင်း၊ ရှော့ဘားဘွတ်ရှ်၊ သဘောၤရှပ် လိုင်းတွေအတွက်ကတော့ ပြည်တွင်းဖြစ်ကအသုံးဝင် နေဆဲပါပဲ။ မူရင်း ပစ္စည်းမှာရင် ကြာမယ့် အချိန်၊ ကုန်မယ့်ပိုက်ဆံနဲ့တွက်ရင် ပြည်တွင်းဖြစ်က ပိုကိုက်တာလည်း ရှိတော့ ဈေးကွက်ပျောက် မသွားဘူး။
အခုနောက်ပိုင်းလက်တွန်းထွန်စက်တွေ၊ ရိပ်သိမ်းခြွေလှေ့စက်တွေ၊ ပဲခွဲစက်တွေ၊ ဟာလာ စက် တွေ၊ ဆန်စက်အသေးတွေကလည်း တာယာအဟောင်းနဲ့ထုတ်လုပ်တဲ့ ပစ္စည်းတွေ ကို သုံးလာတယ်။ ဒါကတော့ ဈေးကွက်အသစ်ပေါ့။ ဥပမာ ဆန်စက်အသေးတွေမှာ ဖွဲကာ ဆိုရင် တာယာအဟောင်းကို သုံးတာက ပိုပြီးကြာရှည်ခံတယ်။ သံပြား၊ သွပ်ပြားကို သုံးမယ်ဆိုရင် လေး ငါး ခြောက်လပဲခံတယ်။ ဧရာဝတီတိုင်းက ငါးကန်၊ ပုဇွန်ကန်တွေမှာ ရေတင်တဲ့ ပတ္တားကြိုးတွေ၊ ဇလားခွက်တွေကလည်း တာယာသမားတွေအတွက်ဈေးကွက်သစ်တွေပဲ။
တာယာအဟောင်းတစ်လုံးကနေ လူသုံးကုန်ပစ္စည်း၊ ကားအပိုပစ္စည်းတွေထုတ်ပြီးတဲ့အခါ ရာဘာ ဖြတ်စ အပိုင်းအစတွေပဲကျန်ခဲ့တော့တယ်။ ဒါပေမယ့် အဲဒါတွေကလည်း အလကားဖြစ်မသွား ဘူး။ ကြံသကာဖိုတွေ၊ အုတ်သမားတွေက လောင်စာအဖြစ်သုံးတယ်။ မီးသဂြိုလ်စက်တွေကလည်း သုံး တာရှိတယ်။
စွန့်ပစ်ပစ္စည်းဖြစ်တဲ့တာယာအဟောင်းတွေကို ပြန်အသုံးချနေတဲ့ဒီလုပ်ငန်းတွေရှိနေတာ က နှစ် လေးငါးခြောက်ဆယ်ရှိနေပြီ။ ၂၁ ရာစုထဲရောက်လာတော့ ဒီလုပ်ငန်းဟာလည်း အခြား အိမ် တွင်းကုန်ထုတ်လုပ်ငန်းလေးတွေလိုပဲ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်။ ကိုနေလင်းကတော့ နိုင်ငံတကာမှာ ကားတာယာအဟောင်းတွေကနေ ရုပ်တုတွေ၊ ပန်းအိုးတွေ၊ အိမ်အလှဆင် ပစ္စည်း တွေလုပ်တာကို အင်တာနက်ကနေ ရှာဖွေကြည့်ပြီး ဈေးကွက်သစ်တွေရှာဖို့ ကြိုး စား နေတယ်။ သူကိုယ်တိုင်လည်း ကုလားထိုင်တွေလုပ်ကြည့်ဖူးတယ်။ ဖြစ်တယ်။ ဒါပေမယ့် ဈေးကွက် မရှိဘူး။
တစ်ချိန်ကတော့ ပစ္စည်းရှားပါးမှုကို အကြောင်းပြုပြီး ကားတာယာအဟောင်းတွေကို အသုံးချ ခဲ့ တယ်။ အခုတော့ ပစ္စည်းတွေပေါ၊ ကားတွေပေါလာတဲ့အချိန်မှာ စွန့်ပစ်ပစ္စည်း ပြဿနာဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပြဿနာတစ်ခုဖြစ်လာနေပြီ။ ဒီလိုအချိန်မျိုးမှာ တာယာအဟောင်း တွေကို အစအဆုံးအသုံးချနိုင်တဲ့လုပ်ငန်းလေးတွေ ရှင်သန်နိုင်အောင် အကူအညီပေးနိုင်ရင် အားလုံးအတွက်အကျိုးရှိမှာပဲလို့ တွေးမိတယ်။ ကိုယ်လုပ်နိုင်တာကတော့ သင်တောရိုးက အပြန် အမှိုက်ပုံးအဖြစ် သုံးဖို့အတွက်တာယာပုံးတစ်ပုံးဝယ်ခဲ့တာပဲ။
ဖတ်လို့သိပ်ကောင်းပါတယ်ဉီးရဲ ငယ်ငယ်ကဗားကရာဘက်ရောက်ရင် တာယာပစ္စည်းဆိုင်တွေမြင်ခဲ့ဖူးပါတယ် ကျွန်တော်ဘာလီရောက်တုန်းက ကုန်တိုက်မှာ ကားတာယာ ကျွတ်အဟောင်းတွေကနေ လက်ကိုင်အိတ် ပိုက်ဆံအိတ်တွေ အဖြစ်အဆင့်မြင့််မြင့်ထုတ်လုပ်ထားတာ တွေ့ခဲ့ဖူးပါတယ်
LikeLiked by 1 person