ကျွန်တော့်အဖွားနဲ့ အမေက ရေစကြိုက အညာသူတွေ ဆိုတော့ ကျွန်တော်က အညာမှာ ကြီးပြင်းတာမဟုတ် ပေမယ့် ငယ်ငယ်လေးထဲက အညာ ဟင်း တွေနဲ့ ရင်းနှီးခဲ့ရတယ်။ အဲဒီဟင်းတွေက အသား၊ငါးတွေ၊ အဆာပလာတွေ နဲ့ ဖွယ်ဖွယ်ရာရာမဟုတ်ပါဘူး။ အညာမှာ ကိုယ့်အိမ်ဝိုင်းထဲ၊ ကိုင်းထဲ၊ ယာထဲ မှာ ၊ ခရိုးတစ်လေ ျှာက်မှာ တွေ့နိုင်တဲ့ ဟင်း သီး ဟင်းရွက်တွေနဲ့ချက်တာပါပဲ။ ဆီတောင်မှ ပြက်သိကာ လေးထည့်တာ။ အမေ့ဟင်းတွေရဲ့ ဂုဏ်ပုဒ်က ရိုးရှင်းမှုနဲ့ လတ်ဆတ်မှုပဲ။
မဟုတ်တရုတ်ဟင်း
ကျွန်တော်အကြိုက်ဆုံးဟင်း ၊ အမေ့အိမ်ရောက်တိုင်း ချက်ခိုင်းတဲ့ဟင်း။ ကျွန်တော်ငယ်ငယ်က အဖွားတို့အိမ်မှာ ရေစကြိုနယ်၊ ဂွေးဂုဏ်ရွာသူ ဒေါ်ငြိမ်းဆိုတာရှိတယ်။ သူက ရန်ကုန်ရောက်လာ တော့ အောက်ပြေအောက်ရွာက ဟင်းတွေကို မကြိုက်ဘူး။ အဲဒီတော့ အဖွားခြံထဲက ဟင်းရွက် စုံ တွေကို ခူးပြီး တစ်ယောက်စာလေးချက်တယ်။ သူ့ဟင်းက မွှေးတော့ အိမ်ကလူတွေက ဒေါ် ငြိမ်း ဘာတွေချက်နေလဲလို့မေးရင် “ အို ဘာဟင်းမှ မဟုတ်ပါဘူး။ မဟုတ်တရုတ်တွေပါ တော်” လို့ဖြေတယ်။
နှစ်ခါ၊ သုံးခါလောက်ချက်တဲ့အခါကျတော့ ဟင်းနံ့ရဲ့ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်တော့တဲ့ အဖွား တို့က “ တော့် မဟုတ်တရုတ်ဟင်းပဲ ကျွေးစမ်းပါဦး“ ဆိုပြီး ချက်ခိုင်းသတဲ့။ အဲဒီအချိန်ကစပြီး မဟုတ်တရုတ်ဟင်းဟာ ကျွန်တော်တို့မိသားစုရဲ့ အထူးဟင်းလျာစာရင်း ဝင်သွားတော့တာပဲ။
မဟုတ်တရုတ်ဟင်းချက်မယ်ဆိုရင် ငါးပိလက်မတစ်ဆစ်လောက်၊ ကြက်သွန်ဖြူ ဓားပြားရိုက်၊ ဆား နည်းနည်းထည့်ပြီ ပွက်ပွက်ဆူအောင်တည်၊ အဲဒီအချိန်မှာ ဗူး၊ ဖရုံ၊ ကင်းပုံရွက်၊ ဆူးပုတ်လေး၊ ဒန့် ဒလွန်၊ အောင်မဲညို၊ ကြက်သဟင်းရွက်၊ ကြာဟင်းရွက်၊ ပြည်ပန်းညို စတဲ့ ဟင်းရွက်စုံကို ခူူးပြီး သင်ထား၊ ဟင်းရည်ဆူပြီဆိုမှ အရွက်တွေကို ထည့်၊ ပြီးရင် ဆီကို ပါတယ်ဆိုရုံလေး ထည့်။
ဒေါ်ငြိမ်းကတော့ “ ဝေ့” တယ်လို့သုံးတယ်။ ဆီပုလင်းအဝကို လက်နဲ့ပိတ်ပြီး အိုးပေါ်မှာ ဝေ့ လိုက်တဲ့အခါ ခေါင်းမူးသွားတဲ့ ဆီတစ်စက် ၊ နှစ်စက် အိုးထဲကို ပြုတ်ကျသွားတာကို ဆိုလို တာ ပေါ့။ အရွက်တွေနည်းနည်းနွမ်းပြီဆိုရင် ငရုတ်သီးခြောက်ကို ရေဆေး၊ အညှာချွေ၊ ခါးချိုးထည့်။ ပြီးရင် ငရုတ်သီးဆားထောင်း နဲ့ မဟုတ်တရုတ်ဟင်းပူပူနဲ့ ရှုးရှုးရဲှရဲှ စားလို့ရပြီ။
ဒီဟင်းက လယ်ထဲ၊ ယာထဲ ၊ ကိုင်းထဲက အပြန်လမ်းမှာ ဟင်းရွက်တွေခူးလာ၊ အိမ်ရောက်တာနဲ့ ချက်၊ ပူပူ နွေးနွေးချက်ခြင်းစားတဲ့ လယ်သမားဟင်းပဲပေါ့။ အရွက်တွေကတော့ ရနိုင်တဲ့အပေါ် မူတည်ပြီးထည့်တာပါပဲ။ မပါမဖြစ် ပါရတာကတော ဆူးပုတ်ကလေး လို့ခေါ်တဲ့ အညာဆူးပုတ် ။ သူက အရွက်သေးတယ်၊နူးညံ့တယ်၊ ဆူးပုတ်ကြီးလို အနံ့မပြင်းဘူး။
အမေကတော့ လတ်လတ်ဆတ်ဆတ်စားလို့ရအောင် ခြံထဲမှာ ဆူးပုတ်ကလေး၊ ပြည်ပန်းညို၊အောင်မဲညို၊ ကြက်သဟင်း ဆိုတဲ့ အပင်တွေ စိုက်ထားတယ်။
အမဲသားထန်းသမားချက်
ထန်းသမားဆိုတော့ ဆင်းရဲတာကိုး၊ ဒီတော့ အမဲပေါ်တဲ့အခါ အသားမဝယ်နိုင်တော့ ဈေးပေါတဲ့ အရိုးနုတွေ၊ အရွတ်တွေ၊ အကြောတွေ၊ မပျော်ဆီလို့ခေါ်တဲ့ အဆီခဲတွေကို ဝယ်၊ ဂျင်း၊ ကြက်သွန်ဖြူ/နီ များများကိုထောင်း၊ ငရုတ်သီးခြောက် ၊ ဒါမှမဟုတ် အစိမ်းကိုထောင်း၊ စပါးလင်ရှိရင်ထည့်၊ ပြီးရင် ဆီနည်းနည်းထည့်ပြီး အားလုံးကို ရောနယ်၊ မြေအိုးနဲ့ နှပ်ပြီးချက်၊ အရည် များများ နဲ့ ဟင်းရည်လည်းသောက်၊ အဖတ်လည်းစားလို့ရတဲ့ဟင်းပေါ့။ ထန်းရည်ရောင်းတဲ့အခါ အမြည်း အဖြစ်လည်းတွဲရောင်းတယ်။
ဒီဟင်းက စားဖို့အတွက်ရော၊ မြည်းဖို့အတွက်ရော တကယ်ကောင်းတဲ့ဟင်း။ အရက်နဲ့ မြည်းမယ် ဆိုရင်တော့ ဝီစကီလို အကောင်းစားအရက်တွေနဲ့မကိုက်ဘူး။ ဟင်းက ကြမ်းကြမ်း၊ ဟင်းရည်က စပ်စပ်၊ ဟိုးအရင်က အစိုးရ အရက်ဖြူဆိုင်တွေရှေ့က အမြည်းဆိုင်တွေမှာရောင်းတဲ့ ကြက်ရိုး ဂေါ်ရင်ဂျီချက်လိုမျိုးဆိုတော့ ဘီအီး အခုတော့ ဇေ နဲ့ဆိုရင် ပိုလိုက်တယ်၊ မဟုတ်ရင်လည်း ရမ် နဲ့ ပေါ့။
ရန်ကုန်မှာချက်စားတဲ့အခါ တစ်ခါတစ်လေ အရောင်တင်မှုန့်ထည့်တာရှိတယ်။ ဒါပေမယ့် ထန်းသမား ချက်စစ်စစ်က အရောင်တင်မှုန့်မပါဘူး။
ခရမ်းသီးငရုတ်သီးချက်
ကိုင်းခရမ်းသီးကို အတုံးလေးတွေတုံး ငါးပိ၊ နနွင်းမှုန့်၊ ဆား စိမ့်ဝင်သွားအောင်နယ်။ ငရုတ်သီး စိမ်းထည့်၊ ကြက်သွန်ဖြူ၊ နီ ထည့် ဆီနည်းနည်းထည့်ပြီး လုံးချက်ချက်တဲ့ဟင်း။ သူ့ချည်း ပဲတော့မကောင်းဘူး ၊ စပ်စပ်လေးချက်ပြီး ဝက်သားဟင်းနဲ့ တွဲလိုက်ရင်တော့ ဘာပြောကောင်း မလဲ။
ကျွန်းထဲဟင်း
အမေတို့ ငယ်ငယ်က ဧရာဝတီမြစ်ထဲက မြေနုကျွန်းတွေကို သွားလည်တဲ့အခါ စားရတဲ့ဟင်း ပေါ့။ ဧည့်သည်ရောက်မှ ခရမ်းသီးကို အခွံခွာ၊ လေးစိတ်စိတ်၊ ပဲတောင်ရှည်တွေကိုချိုးထည့်၊ ကြက် သွန်နီပါးပါးလှီးထည့်၊ ငံပြာရည်ထည့်။ ဆီလေးပြသိကာထည့်၊ မီးအေးအေးနဲ့ ခရမ်းသီးတွေ နူးအိ ကြေသွားတဲ့အထိမွှေ၊ ခရမ်းသီးနူးပြီဆိုမှ ကိုင်းထဲက ဘူးညွှန့်၊ဖရုံညွှန့်တို့ထည့်။ နံနံပင် ရှိရင် နံနံပင်အုပ်။ ကျွန်းထဲမှာစားရလို့ ကျွန်းထဲဟင်းလို့ခေါ်တဲ့ဟင်းတစ်ခွက်ရပြီ။
ဒါပေမယ့် ဒီဟင်းက အချိုချက်ဆိုတော့ ခရမ်းချဉ်သီးထောင်းနဲ့မှတွဲမှ စားလို့ကောင်းတာ။
ခရမ်းချဉ်သီးထောင်း
ဒီခရမ်းချဉ်သီးထောင်းက ရန်ကုန်ဈေးတွေမှာတွေ့ရတဲ့ ခရမ်းချဉ်သီးအလုံးကြီးကြီး လှလှ မျိုး မဟုတ်ဘူး။ အလုံးသေးသေး၊ အညာဘက်မှာ အပင်လိုက်နှုတ်ပြီး ဝါးတန်းပစ် ၊ နှစ်လုံးပေါက် ထားလေ့ရှိတဲ့ ခရမ်းချဉ်သီးမျိုးကိုသုံးတာပါ။ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ကြက်သွန်ဖြူ တွေကို သီတံနဲ့မီးပြ၊ ငါးပိကို စလောင်းဖုံးမှာကပ် မီးဖုတ်ပြီး ထောင်းရတဲ့ ခရမ်းချဉ်သီးထောင်း။
ရန်ကုန်မှာတော့ အဲဒီလို ခရမ်းချဉ်သီးလည်းမရနိုင်၊ ထင်းမီးနဲ့လည်းမချက်နိုင်တော့ အမေက ခရမ်းချဉ် သီး၊ ငရုတ်သီး၊ ကြက်သွန်ဖြူတွေကို ဒယ်အိုးထဲမှာ ထည့်လှော်ပြီးထောင်းတယ်။ ပြီးတော့ အဖြစ်ပါပဲလေ။ မတူပါဘူးလို့ ညည်းတယ်။
ကျွန်တော်သိတဲ့ အညာဟင်းက အများကြီးမရှိပါဘူး။ ပြီးတော့ဒီဟင်းတွေက ဟင်းကောင်း၊ ဧည့်ခံဟင်းတွေ လည်းမဟုတ်ပါဘူး။ ဒါပေမယ့် အမေ့ဇာတိမြေက ကျေးလက်ဟင်း၊ အမေ့မေတ္တာဟင်းတွေဆိုတော့ ဘယ်လောက်စားစား မဝဘူး။ ဘယ်တော့မှ လည်း မေ့မှာမဟုတ်ဘူး။