မနက်ငါးနာရီခွဲ ၊ အရင်က အိပ်ယာစောစောထတဲ့ ဆူးလေ ဟာ အိပ်ပုတ်ကြီးနေတယ်။ ခေတ်မီ ဟိုတယ်ကြီးနဲ့ ဈေးဝယ်စင်တာရှေ့က ကားမှတ်တိုင်မှာတော့ စောစောမထလို့မဖြစ်တဲ့၊ အိမ်မှာပဲ နေဖို့ မဖြစ်နိုင်တဲ့ ၊ ခပ်ခွာခွာနေဖို့ မတတ်နိုင်တဲ့ ငါ့ဝမ်းပူဆာ မနေသာ သမားတွေ ပူးကပ်ပြီး ကား စောင့်နေကြတယ်။ အရင်က ခပ်စိပ်စိပ်လာ တ တ်တဲ့ ဘတ်စ်ကားတွေကလည်း အခုတော့ ခပ်ခွာ ခွာပဲလာကြတော့တယ်။
တံတားအောက်ကနေ လူငယ်လေးသုံးယောက် ဖြတ်လေ ျှာက်သွားတယ်။ လုပ်ငန်းခွင်ကို သွား မယ့် သူတွေထင်ပါရဲ့ ။ တစ်ယောက်က လုပ်ငန်းခွင်သုံး ဦးထုပ်ဆောင်းထားတယ်။ ပလက်ဖောင်း၊ ကတ္တရာလမ်းနဲ့ရေအိုင်တွေပေါ်မှာအရောင်ပြန်နေတဲ့ အနီရောင်၊ အဝါရောင်တွေ၊ လူရှင်းနေတဲ့ ကားလမ်းမကြီး၊ ဝမ်းရေးခက်ခက် လူသုံးယောက်။ ဆာရီရယ်ပန်းချီကားတစ်ချပ်။
ရန်ကုန်သားတွေထဲမှာဘယ်သူစည်းကမ်းရှိသလဲ၊ဘယ်သူစည်းကမ်းမဲ့လဲဆိုတာ စစ်ဆေးတဲ့ လူကူး တံတားအောက်မှာ လူတစ်ယောက်အိပ်နေတယ်၊ ဘေးမှာ ရေသန့်ဘူးရယ်၊ ပိုင်ဆိုင်မှုတွေ ထည့် ထားတဲ့ အိပ်တစ်လုံးရယ်ရှိတယ်။ ဗိုင်းရပ်စ်ဟာ သူနဲ့ မဆိုင်ဘူး။ သူ့အနား ဘယ်သူမှ မကပ်ဘူး။ လက်ဆေးဖို့လည်း မလိုဘူး။
တံတားပေါ်မှာလည်းနောက်တစ်ယောက် ပုဆိုးခြုံအိပ်နေတယ်။ ဝတ်ထားတဲ့အကျီ ၤ ကလည်း သန့် သန့်၊ ပုဆိုးကလည်းကောင်းကောင်း၊ ကတ္တီပါဖိနပ်တစ်ဖက်က ခေါင်းအောက်မှာ၊ တစ်ဖက်က ခြေ ရင်းမှာ။ အိမ်ယာမဲ့တော့မဟုတ်လောက်ဘူး။ အကြောင်းကြောင်းကြောင့် အိမ်မပြန်နိုင်သူများလား။
တံတားပေါ်ကို လူငယ်စုံတွဲတက်လာတယ်။ အလုပ်မသွားခင် ဒီနေရာမှာ ဆုံနေကြထင်ပါရဲ့။ တံတားပေါ်က လူစိမ်းတစ်ယောက်ကို မမြင်သလို ဖြတ်ကျော်သွားတယ်။ ကောင်မလေးက ဆံပင် တိုတိုလေးကို လှုပ်ခါရင်း အသံတိုးတိုးလေးနဲ့ ရယ်နေတယ်။ ပြီးတော့ ဆူးလေဘုရားဘက်ကို မျက် နှာမူရင်း လှေကားထစ်တွေမှာထိုင်တယ်။ တစ်ယောက်နဲ့ တစ်ယောက်ပိုနီးသွားတယ်။ အချစ်ဟာ ဗိုင်းရပ်စ်ကို မကြောက်ဘူး။ ခပ်ခွာခွာနေရမယ်ဆိုတာနဲ့ မဆိုင်ဘူး။ မိုးမသောက် မှောင်မိုက် အရိပ်မပြေးမီ နီးနီးလေး နွေးနွေးထွေးထွေး ရင်ခွင်ထဲမှာ။ မနက်မှာ ဆုံရသလို၊ ညနေမှာလည်း ဆုံ ပါရစေ။
အလိုက်သိသိနဲ့ တံတားပေါ်က ဆင်းလာခဲ့တယ်။ မီးသတ်ရှေ့မှာ ခိုစာရောင်းတဲ့အဒေါ်ကြီးရှိ တယ်။ ဝယ်သူပါးတော့ သူလည်း ငုတ်တုပ်၊ ခိုတွေလည်း မီးကြိုးတွေပေါ်မှာ ငုတ်တုပ်။ ခိုစာ ဝယ် ကျွေးလိုက်တယ်။ ခိုတွေဟာ ရောဂါပိုးတွေ ရှိနိုင်တယ်၊ ခိုစာမကျွေးသင့်ဘူး လို့ပြောသူတွေရှိ တယ်။ ဒါပေမယ့် ခို နဲ့ လူအတူတူနေလာတာကြာပြီ။ အနည်းဆုံးတော့ ခိုဟာ လမ်းဘေးခွေးထက် တော့အန္တရာယ်ကင်းမယ်ထင်တာပဲ။ လမ်းဘေးခွေးတွေကို အစာကျွေးမယ့်၊ ဒီကောင်တွေကို သတ် မယ်ဆိုရင် ဆူညံနေအောင် ကန့်ကွက်ပြီး ခွေးကိုက်ပြီဆိုရင် မသိချင်ယောင်ဆောင်နေတတ် တဲ့ ခွေးချစ်သူတွေရှိပေမယ့် ခိုချစ်သူဆိုတာတော့မတွေ့သေးဘူး။
ပန်းခြံဘက်ရောက်တော့ နေထွက်နေပြီ။ ပန်းခြံမှာ လူနည်းနည်းပဲရှိတယ်။ မြို့တော်ခန်းမရှေ့မှာ ခပ်ခွာခွာနေဖို့တိုက်တွန်းထားတဲ့ ပိုစတာကြီးရှိတယ်။ ဆိုက်ကားသမားတစ်ယောက် ခရီးသည် စောင့်နေတယ်။ ပိုစတာကြီးကို မမြင်ချင်ယောင်ဆောင်ပြီး ကားဂိတ်ထဲမှာ စုဝေးထိုင်နေတဲ့ သူ တွေရှိတယ်။ ဝိုင်ဘီအက်စ်မလာဘဲ ကြားကားတစ်စီးရောက်လာတယ်။ လူတွေ တက်တယ်၊ ဆင်းတယ်။ပန်းခြံထဲရောက်တော့ ရှေ့ကလမ်းလေ ျှာက်နေတဲ့လူနှစ်ယောက် ၊ ကမ္ဘာ့အရေး၊ မြန်မာ့ အရေး ခပ်ကျယ်ကျယ်ဆွေးနွေးနေရဲ့။ ကိုဗစ်၊ ရခိုင်၊ အေအေ ၊ အာ ဆာ ၊ စစ်တပ်၊ အင်န်အယ်လ်ဒီ၊ ချနေပြီ၊ ပွဲကြမ်း၊ ဘာလုပ်မလဲ၊ စဉ်းစားကြည့်လေ၊ နိုင်ငံခြားသားတွေ။ တစ်ယောက်က ပင်တိုင် ပြောသူ၊ တစ်ယောက်က စကားထောက်။
သူတို့နောက်ကနေလမ်းခွဲပြီးကျောက်တိုင်ဆီကိုသွားတယ်။ လွတ်လပ်ရေးကျောက်တိုင်၊ မြို့တော် ခန်းမ၊ ဆူးလေစေတီ၊ ခရစ်ယန်ဘုရားရှိခိုးကျောင်း၊ ဗလီ ။ ဒီမြင်ကွင်းဟာ မြန်မာနိုင်ငံရဲ့ ပုံရိပ်လို့ တင်စားပြောတဲ့သူအတော်များတယ်။ ကျောက်တိုင်အခြေက မှာရေးထိုးထားတဲ့ သစ္စာ အဓိဋ္ဌာန် ကိုးချက် ထဲက “ရရှိပြီးသော အမျိုးသားညီညွတ်ရေးကို ကျောက်စိုင်ကျောက်ခဲကဲ့သို့ ခိုင်မြဲအောင် ထိန်းသိမ်းမည်။ငါတို့နိုင်ငံသားဟူသရွေ့ကို ကြီးငယ်နီးဝေးမခြား တသွေးတသားတည်း ပြု၍၊ နည်း များ နိမ့်မြင့် မရှိစေရ ညီတူညီမျှ ပြုမည်။” ဆိုတဲ့ စာသားတွေကို ဖတ်တယ်၊ တွေးတယ်၊ မောတယ်။
ဆူးလေဘုရားလမ်းပေါ်မှာ လူရှင်း၊ ကားရှင်း။ ဘယ်သူရှိရှိ၊မရှိရှိ အမြဲရှိတာကတော့ စည်ပင်လုပ် သားတွေပဲ။ တွန်းလှည်းတစ်စီးနဲ့ အမှိုက်ကျုံးနေတယ်။ လှည်းပတ်လည်မှာ ပလတ်စတစ်ပုံးတွေ၊ အိတ်တွေ တွဲလောင်းချိတ်ထားတယ်။ လက်အိတ်အဝါတစ်ဖက်လည်းတွေ့တယ်။ သန့်ရှင်းရေး ဝန် ထမ်းဟာ နှာခေါင်းစည်းကို မျက်နှာမှာတွဲလောင်းဆွဲထားတယ်။ ပါးစပ်မှာ ဆေးပေါ့လိပ်ခဲထား တယ်။ ဆေးလိပ်ငွေ့ဟာလည်း ဗိုင်းရပ်စ်လိုပဲ ဒုက္ခပေးတတ်တယ်ဆိုတာ သူသိပုံမရဘူး။
ဆူးလေဘုရားက ပိတ်ထားတယ်။ ဒါနဲ့ မဟာဗန္ဓုလလမ်းအတိုင်းသွားတယ်။ ဗိုလ်တထောင် ဘုရား လမ်းကို ချိုးတယ်။ အနော်ရထာပေါ် တက်တယ်။ စားနေကျ ကောက်ညှင်းပေါင်းသည် မတွေ့ တော့ဘူး။ ဝယ်နေကျ ပန်းသည် မမြင် ရတော့ဘူး။ မုန့် ဟင်းခါး (ဘဲဥ) ၈၀၀၊ မုန့်ဟင်းခါး (အကြော်) ၆၀၀၊ မုန့်ဟင်းခါး (အလွတ်) ၅၀၀ ဆိုတဲ့ ပလတ်စတစ်လောင်းထားတဲ့ ဆိုင်းဘုတ် တစ် ခုသစ်ပင်မှာချိတ်ထားတယ်။ဆိုင်ကတော့ဘယ်ရောက်သွားပြီးလဲ မသိနိုင်ဘူး။ စားဖွယ်စုံ လက်ဖက် ရည်ဆိုင်ကြီးတွေလည်း ပိတ် ထားတယ်။ ပါဆယ်ဝယ်လို့ရတဲ့ဆိုင်တစ်ဆိုင်၊ နှစ်ဆိုင်တွေ့တယ်။
ရန်ကုန်သားတွေ အတွက် လက်ဖက်ရည်ဆိုင် ထိုင်တယ်ဆိုတာ လက်ဖက်ရည်သောက်၊ မုန့်စားတာအပြင်ခိုအိမ် လို လှောင်ပိတ်နေတဲ့ တိုက်ခန်းကျဉ်းထဲက လွတ်မြောက်ရ ာ နေရာ တစ်ခု ကို ရှာဖွေတာလည်း ပါတယ်။ အခု တော့ရန်ကုန်သားတွေ ဟာ ဗိုင်းရပ်စ်ကြောင့် လှောင်ချိုင့် စံ ငှက်ငယ်တွေဖြစ်ကုန်ပြီ။ ဘာမှ လုပ်စရာမရှိတဲ့အတူတူ တစ်နေ့ကို လှေကားထစ် ဘယ်နှစ်ထစ် အတက်အဆင်း လုပ်နိုင်မလဲဆိုပြီး စိန် ခေါ်ရင် ကောင်းမလား။
နောက်ဆုံးတော့ ဓာတ်ဆီထည့်ဖို့အတွက် သိမ်ဖြူလမ်းက မက်စ် ဆီဆိုင်ကိုသွားတယ်။ အဝေးက လှမ်းကြည့်တော့ အရင်က ကားတွေ တန်းစီနေရတဲ့ ဆိုင်ရှေ့ မှာ ကားတစ်စီးမှ မတွေ့ဘူး။ မသိ ရင်ဆိုင်ပိတ်ထားသလိုပဲ။
ဆိုင်ထဲရောက်တော့ ဆိုင်ဝန်ထမ်းလေးတွေ စုပြီး အသုပ်တစ်ပွဲ၊ မုန့် ဟင်းခါး တစ်ပွဲ ဆိုပြီး မနက်စာ အတွက်စုမှာနေကြတယ်။ ဒီအနားက ဆိုင်လေးတွေမထွက်တော့လို့ စက်ဘီးနဲ့လိုက်ရှာပြီး ဝယ် ရမယ်တဲ့။ ဆီထည့်တဲ့ဝန်ထမ်းလေးက ဟင်္သာတ ဘက်က။ ရန်ကုန်က လာရင် ရွာပြင်မှာ ၁၄ ရက် နေရမှာဆိုတော့ ဒီနှစ် သင်္ကြန်တော့ မပြန်ဖြစ်တော့ဘူး တဲ့။ ဘာပဲဖြစ်ဖြစ် ဓာတ်ဆီဆိုင်ဆိုတာ ဗိုင်းရပ်စ် ကိုက် တဲ့ အထဲမှာမပါတဲ့ လုပ်ငန်းဆိုတော့ ကျန်တဲ့ဝန်ထမ်းတွေထက်တော့ ကံကောင်း ပါသေးတယ်လေ။
ဆီဆိုင်က ပြန်လာတော့ လမ်းပေါ်မှာ လူတွေ၊ ကားတွေ ကျိုးတိုးကျဲတဲရောက်လာနေပြီ။ ရန်ကုန် ဘယ်တော့မှ မရပ်ပါစေနဲ့ ။ The Day the Earth Stood Still ဆိုတဲ့ ရုပ် ရှင် မကြည့်ချင်ဘူး။