အရှုံးမပေး (၆)

Jean Van de Velde ၂၉ မေ ၁၉ ၆၆ ခုနှစ်မှာမွေးတယ်။ အဖေက အောင်မြင်တဲ့ အလယ် အလတ်အဆင့် စီးပွားရေးလုပ်ငန်းရှင်။ ဗန်ဒီဗဲလ်က ညီအကို ငါးယောက်မှာ အငယ်ဆုံး။ သူ အသက် ငါးနှစ်မှာ မိသားစု ပင်လယ်ကမ်းခြေကို အပန်းဖြေခရီးထွက်ကြတယ်။ ဒါပေမယ့် ဗန်ဒီဗဲလ် က ပင်လယ်ကမ်းခြေမှာဆော့ရတာမပျော်ဘူး။

သူက တည်းခိုအိမ်ရှေ့က ဂေါက်ကွင်းထဲမှာ လူကြီးတွေ ကစားနေတာကို စိတ်ဝင်စား တယ်။ သူတို့ အိမ်ရှေ့တည့်တည့်မှာ ကျင်းအမှတ် ၆ ရှိတော့ ပြူတင်းပေါက်ကနေ ထိုင်ကြည့် တယ်။ အဲဒီကပြန်လာတော့ ဂေါက်သီးသင်ချင်တယ်လို့ပူဆာတယ်။ အဖေနဲ့ အမေက ရိုးရိုးဆော့ချင် တယ်ပဲထင်တယ်။ ဒါ့ကြောင့်ကလေးတွေ ကျင်းစိမ်တန်းဆော့တဲ့နေရာကို ပို့ပေးတယ်။ ကျောင်း ပိတ်ရက်တိုင်းတစ်နေကုန်တစ်နေခမ်းဆော့တာကိုလိုက်ပို့ရတော့ အဖေက စိတ်ပျက်ပြီး ဂေါက် ကလပ်ကို ပို့လိုက်တယ်။ အဲဒီအချိန်မှာ သူ့အသက်က ခြောက်နှစ်။ ဂေါက်စသင်တဲ့ အချိန်က ၁၉ ၇၂ ခုနှစ် ဇူလိုင်လ။

အဲဒီအချိန်က အခုလို ကလေးတွေအတွက် ဂေါက်သင်တန်းဆိုတာမရှိသေးဘူး။ ဆရာက သူ့ ဂေါက်တံအဟောင်းတွေကို ကလေးရိုက်လို့ရအောင် ပြင်ပေးရတယ်။ အဲဒီအချိန်က စပြီး သူ့သူငယ်ချင်းတွေ ဘောလုံးကန်၊ ရေကူူးလုပ်နေချိန်မှာ သူက ဂေါက်ကွင်းထဲမှာ။

၁၉ ၈၅ မှာ ပြင်သစ် အငယ်တန်းချန်ပီယံဖြစ်တယ်။ အဲဒီအချိန်မှာ တက္ကသိုလ်လည်း ဆက်တက်ရတော့မယ်။ အမေရိကန်မှာ ပညာသင်နိုင်မယ့်အခွင့်အရေးလည်းရှိတယ်။ ပြင်သစ် နိုင်ငံမှာ သင်မယ်ဆိုလည်း ရတယ်။

ဒါပေမယ့် သူက ပရော်ဖက်ရှင်နယ် ဂေါက်ကစားသမားဘဝကို ရွေးလိုက်တယ်။ အဲဒီအချိန်မှာ ပြင်သစ်မှာ အများစုက ဂေါက် ကို အားကစားလို့မမြင်ဘူး။ သူဌေးတွေ ဇိမ်ခံတဲ့ ကစားနည်းလို့ပဲ မြင်တယ်။ သူ့အဖေကတောင် သူ့ရွေးချယ်မှုကို ဘဝင်မကျဘူး။

၁၉ ၈၇ ခုနှစ်မှာ ပရောဖက်ရှင်နယ်ကစားသမားဖြစ်တယ်။ သူ့ကို ပြင်သစ်ဂေါက်သီး လောက က သိပေမယ့် နိုင်ငံတကာက မသိသေးဘူး။ အသက် ၂၆ နှစ် ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ ငါး နှစ် အရောက်မှာ မာစတာပွဲတွေ စရိုက်တယ်။ ၁၉ ၉ ၃ ခုနှစ် အီတလီအိုးပင်းမှာ ဗိုလ်စွဲတယ်။ ဥရောပ ပတ်လည်ပြိုင်ပွဲတွေမှာ ပြင်သစ်ကစားသမားချန်ပီယံဖြစ်ခဲ့တာ ၁၉ ၆၉ ခုနှစ်ကနောက်ဆုံး ပဲ။ ၂၄ နှစ်ကြာမှ ဗန်ဒီဗဲလ် ချန်ပီယံပြန်ဖြစ်တယ်။ ပြင်သစ်ဂေါက်သီးလောကအတွက်စိတ်လှုပ်ရှား စရာပေါ့။

၁၉ ၉ ၉ ခုနှစ် ဗြိတိသ ျှ အိုးပင်းဝင်ပြိုင်တယ်။ နိုင်ငံတကာဂေါက်ပြိုင်ပွဲတွေထဲမှာ နာမည် အကြီးဆုံးပြိုင်ပွဲပေါ့။ ပရော်ဖက်ရှင်နယ်လောကမှာ သူ့ရဲ့ အဆင့်က ၁၅၂ ဆိုတော့ ဗန်ဒီဗဲလ် ကို ဘယ်သူမှ ထည့်မတွက်ဘူး။

ပြိုင်ပွဲ ပထမနေ့ ၇၅ ချက် ရိုက်တယ်။ အကောင်းကြီးမဟုတ်သေးဘူး။ အကောင်းဆုံးလူက ၇၁ ချက်ရိုက်ထားတယ်။ သူက အဆင့် ၂၄ မှာပဲရှိတယ်။ မေ ျှာ်လင့်ချက်မရှိပါဘူး။

ဒုတိယနေ့ က ရာသီဥတုဆိုးတယ်။ နာမည်ကြီးတွေ ပျက်နေတဲ့အချိန်မှာ သူက ၆၈ ချက်ရိုက်နိုင်တယ်။ နံပါတ် ၁ နေရာရောက်သွားတယ်။ လူတွေက ချက်ခြင်းစိတ်ဝင်စား လာကြတယ်။ ဗန်ဒီဗဲလ် ဆိုတာ ဘယ်သူလဲပေါ့။ ပထမနေ့မှာ သူ့ကို သတင်းမေးတဲ့ သတင်းထောက်လေးယောက်ပဲရှိတယ်။ ဒုတိယနေ့ပြီးတော့ လူဝိုင်းနေပြီ။ ပြင်သစ်က သတင်းထောက်တွေ စကော့တလန်ကိုလိုက်လာကြတယ်။ တတိယနေ့ စတော့ သူ့ကို သတင်းယူတဲ့သူ နှစ်ရာလောက်ဖြစ်လာတယ်။

တတိယနေ့ လည်း အချက် ၇၀ ရိုက်တယ်။ ရာသီဥတုဆိုးပြီး လေထန်နေတဲ့အတွက် ကျန်တဲ့ ပြိုင်ပွဲဝင်တွေက သတိထားပြီးရိုက်နေတဲ့အချိန်မှာ သူကရဲရဲတင်းတင်းပဲ ရိုက်တယ်။ ဖိအားမရှိတဲ့ ပုံစံနဲ့ ကစားတဲ့ သူ့ကို ပရိသတ်က သဘောကျတယ်။ သတင်းစာမျက်နှာဖုံး တွေ၊ ရုပ်သံသတင်းတွေမှာလည်း သူ့အကြောင်းပဲ။

နောက်ဆုံးနေ့ ။ ဗန်ဒီဗဲလ် ချန်ပီယံဖြစ်ဖို့သေချာသလောက်ဖြစ်နေပြီ။ ဒုတိယလူထက်ငါးချက် အကြောရထားတယ်။ ပြင်သစ်တစ်နိုင်ငံလုံးကလည်း စိတ်လှုပ်ရှားနေကြတယ်။ ဂေါက်ကစား နည်းကို မသိတဲ့သူတွေ၊ ဗြိတိသ ျှ အိုးပင်းဆိုတာကို မကြားဖူးတဲ့သူတွေတောင် ရုပ်မြင်သံ ကြား စက်ရှေ့ကိုရောက်နေကြတယ်။ ၁၉ ၉ ၈ ခုနှစ် ကမ္ဘာ့ဖလားဘော်လုံးပြိုင်ပွဲမှာ ပြင်သစ် ချန်ပီယံ ဖြစ်ထားတာကလည်း ပူပူနွေးနွေးဆိုတော့ နောက်ထပ် ပြင်သစ်တွေရဲ့ အောင်ပွဲကို မြင် ချင်နေကြတယ်။

ဗန်ဒီဗဲလ်ဟာညက ကောင်းကောင်းအိပ်မပျော်ခဲ့ဘူး။ ဒါပေမယ့် အခြေအနေကောင်းသေး တယ်။ နောက်ဆုံး ကျင်းအမှတ် ၁၈ ကိုရောက်တော့ ဒုတိယနေရာက လူထက် သုံးချက်သာ နေသေး တယ်။ ဒီတော့ သတ်မှတ်ရိုက်ချက်လေးချက်ထက် နှစ်ချက်ပိုပြီး ခြောက်ချက်ရိုက်ရင်တောင် ချန်ပီယံဖြစ် ပြီ။ အရင်နေ့တွေက ဒီကျင်းကို တစ်ချက်လျော့ရိုက်ခဲ့တဲ့အတွက် စိတ်ပူစရာမရှိဘူး။

ဒါပေမယ့် ပထမတစ်ချက် ဘေးထွက်သွားတယ် ကံကောင်းလို့ ရေမြောင်းထဲမကျတာ။ ဒုတိယအချက် ရိုက်ချက်ကောင်းတယ်။ ဒါပေမယ့် ပရိသတ်နဲ့စည်းခြားထားတဲ့ သံတန်းထိပြီးနောက်ပြန်လွင့်လာတယ်။ မြက်တောထဲကျသွားတယ်။ သံတန်းကို ချိန်ပြီး အချက်တစ်ရာရိုက်ရင်တောင် တစ်ချက်ထိဖို့ မဖြစ်နိုင်ဘူး။ အခုတော့ ရေထဲမိုးထဲ အခြေ အနေမှာ တည့်တည့်သွားမှန်တယ်။ ကံကောင်းခြင်းက သူ့ဘက်မှမရှိတော့ဘူး။

ဘောလုံးကျတဲ့နေရာက ကျင်းနဲ့ ၆၃ ကိုက်ကွာတယ်။ အလယ်မှာ ရေမြောင်းတစ်ခုရှိတယ်။ ဒါကို ကျော် အောင်ရိုက်နိုင်မယ်လို့ လူတိုင်းက ထင်တယ်။ ဒါပေမယ့် တတိယရိုက်ချက်က မြောင်းထဲ တည့်တည့် ကျတယ်။ ရုပ်မြင်သံကြားကြေညာသူတွေက ဗန်ဒီဗဲလ်ဟာ ၁၈ ကျင်းစထွက်ထဲက အလွဲလွဲအချော်ချော်ဖြစ်နေပြီလို့ မှတ်ချက်ပေးကြတယ်။

ဗန်ဒီဗဲလ် ဖိနပ်ချွတ်၊ ဘောင်းဘီကိုလိပ်ပြီး မြောင်းထဲဆင်းအခြေအနေကြည့်တယ်။ ။ နောင်တော့ ရေမြောင်းထဲမှာ စိတ်ပျက်လက်ပျက်နဲ့ ဘောလုံးကို ငုံ့ကြည့်နေတဲ့ ဓာတ်ပုံက ၁၉ ၉ ၉ အိုးပင်းအရှုံးရဲ့ သင်္ကေတ ဖြစ်သွားတယ်။

မြောင်းကထွက်အောင်ရိုက်ဖို့အတော်ခက်တယ်။ မြောင်းက ခြောက်ပေလောက်နက်ပြီး ကျဉ်းကျဉ်းလေး။ ဒါ့ကြောင့်တစ်ချက်ပေးပြီး ကုန်းပေါ်ကနေရိုက်တယ်။ ငါးချက်မြောက် ရိုက်ချက် ကလည်း ဘန်ကာထဲရောက်သွားတယ်။

ဒုတိယနေရာကလူ ကလည်း ဘန်ကာထဲမှာပဲ။ ဒါပေမယ့် သူက နှစ်ချက်ပဲရှိသေးတယ်။ တတိယအချက်ရိုက်တယ်။ ကျင်းဝင်သွားတယ်။

ဗန်ဒီဗဲလ် အလှည့်။ ခြောက်ချက်မြောက်ရိုက်ချက်။ ဒီတစ်ချက်ဝင်ရင် ချန်ပီယံဖြစ်မယ်။ ဒါပေမယ့် မဝင်ဘူး။ ကျင်းနဲ့ ဆယ်ပေလောက်အကွာမြက်ခင်းပေါ်ကို ရောက်တယ်။ နောက်တစ်ချက်မှ ဝင်တယ်။

ဒီအချိန်မှာ ထိပ်ဆုံးနေရာ သုံးယောက် ရိုက်ချက်တွေ တူသွားတဲ့အတွက် နောက်တစ်ကျင်း ပြန်ရိုက် ရတယ်။

ဗန်ဒီဗဲလ်ကို ရေစိုနေတဲ့အဝတ်အစားတွေလဲခွင့်ပေးတယ်။ ဗန်ဒီဗဲလ်ဟာ အဝတ်လဲခန်းထဲမှာ လေးဆယ့်ငါးမိနစ် လောက် ထိုင်နေမိတယ်။ အပြင်မထွက်ရဲတော့ဘူး။ ယုံကြည်မှု ပျောက်နေတယ်။ ဘာတွေဖြစ်ကုန် သလဲကိုယ့်ကိုကိုယ်ပြန်မေးမိတယ်။ အဖြေမတွေ့ဘူး။

ပြန်ရိုက်တဲ့အချိန်မှာ ပထမအချက်မှာထဲက ဘေးထွက်သွားတယ်။ အရာရာ မှားနေတုန်းပဲ။ နောက်ဆုံး ဒုတိယနေရာနဲ့ ဇာတ်သိမ်းခဲ့ရတယ်။ ဗြိတိသ ျှ အိုပင်းချန်ပီယံဖြစ်ဖို့ ဆိုတာ ဂေါက်သမားတိုင်းရဲ့ အိပ်မက်ပဲ။ အဲဒီအိပ်မက်ကို လက်တစ်ကမ်းအလိုမှာ ကိုယ့်ဘာ သာ ကိုယ်ဖျက်ဆီးခဲ့တဲ့အတွက် ဝမ်းနည်းတယ်။ ဒေါသဖြစ်တယ်။ နောင်တရတယ်။ ရူးချင်တယ်။

အရင်နေ့တွေက သူရဲကောင်းအဖြစ် ရေးခဲ့ကြတဲ့ သတင်းစာတွေက လှောင်ကြတယ်။ ရှုံ့ချတယ်။ ပြင်သစ်သတင်းစာတွေက အဆိုးဆုံးပေါ့။

သူ့အရှုံးကနေ အမြတ်ထွက်တာက ပြင်သစ်တစ်နိုင်ငံလုံး ဂေါက်ကစားနည်းကို စိတ်ဝင်စား လာတာပဲ။ စက်တင်ဘာကျောင်းပြန်ဖွင့်တော့ အရင်က သင်တန်းသား ဆယ့်လေးငါးယောက်ပဲ ရှိတဲ့ ဂေါက်သင်တန်းတွေမှာ လူငယ်တွေရာချီပြီးရောက်လာကြတယ်။ ဗန်ဒီဗဲလ်က အဲဒီသင် တန်း တွေကိုသွားပြီး လူငယ်တွေကို အားပေးတယ်။ နည်းပြတယ်။

ပြိုင်ပွဲတွေလည်း ဆက်ပြိုင်တယ်။ အောင်ပွဲနဲ့ဝေးနေရာကနေ ၂၀၀၅ ပြင်သစ် အိုးပင်းမှာလည်း ရှေ့ ဦးဆောင်နိုင်တယ်။ နောက်ဆုံးနေ့ရောက်တော့ အရင်လိုပဲ ကျင်းအမှတ် ၁၈ မှာ ရေထဲ ကျတယ်။ ဒုတိယလူနဲ့ ရိုက်ချက်တူသွားပြီး တစ်ကျင်းပြန်ရိုက်ရတယ်။ ရှုံးတယ်။ ၂၀၀၆ ခုနှစ် ပေါ်တူဂီ အိုးပင်းမှာ ချန်ပီယံဖြစ်တယ်။ ဒါပေမယ့် သူ့ရဲ့ အကောင်းဆုံးအချိန်တွေ လွန်ခဲ့ပြီ။ ၂၀၀၈ ခုနှစ်မှ ပရော်ဖက်ရှင်နယ်ဂေါက်သီးသမားဘဝကနေ အနားယူလိုက်တယ်။

၂၀၁၂ ခုနှစ်မှာ ယူနီဆက်ဖ် သံတမန်အဖြစ်ခန့်အပ်ခံရတယ်။ အာဖရိတိုက်က ကလေးတွေ ပညာရေး၊ တစ်ကိုယ်ရေကျန်းမာရေးကိစ္စတွေမှာ ကူညီဆောင်ရွက်တယ်။ ပြင်သစ်မှာ ကလေး တွေကို ဂေါက်နည်းပြလုပ်တယ်။

အခုတော့ ၁၉ ၉ ၉ ခုနှစ် အရှုံးနဲ့ပတ်သက်လို့တော့

“ဂေါက်ကစားနည်းဟာ ဘဝလိုပဲ အရှုံးထဲက နေ သင်ယူစရာတွေအများကြီးရှိပါတယ်။ အရာရာတိုင်းမှာ အကြောင်းရှိပါတယ်။ တစ်ခါတစ်လေ ဘာ့ကြောင့်ဖြစ်တယ်ဆိုတာ ရှာတွေ့ တယ်။ တစ်ခါတစ်လေ ရှာမတွေ့ဘူး။ ဖြစ်ချင်လို့ကို ဖြစ်တာ။ ဒီတော့ အကျိုးဆက်ကို ရင်ဆိုင် ဖို့ပဲရှိတယ်၊ ရှုံးတဲ့အတွက် ဝမ်းနည်းလို့ရပေမယ့် ဘဝပျက်လို့မရဘူး” လို့ပြောတယ်။

မှီငြမ်း ။ Losers, The 72nd Hole by Netflix နှင့် ဝီကီပီးဒီးယားမှ အချက်အလက်များ။

yehtutarticle

Losers

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: