တစ်ခါတစ်လေ တကယ်ဖြစ်ပျက်ခဲ့တဲ့ အရာတွေက စိတ်ကူးယဉ်ဝတ္ထုထက်ကို ဆန်းကြယ်နေ တတ်တယ်။ အံ့အားသင့်ဖို့ကောင်းတယ်။
ချစ်သူနှစ်ယောက်ဟာ ၁၉ ၆၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ တရားရုံးမှာ လက်မှတ်ထိုး တယ်။ ဧည့်ခံပွဲကိုတော့ ဇူလိုင်လ ၈ ရက်နေ့ သူတို့ နှစ်ယောက်ငှားထားတဲ့ လှည်းတန်းက အိမ်လေးမှာ လုပ်မယ်လို့ စီစဉ်ထားတယ်။ သူက ဗကသ၊တကသ အမှုဆောင်၊ ကျောင်းသားခေါင်းဆောင်ဆိုေ တာ့ ကျောင်းသားသူငယ်ချင်းတွေရဲ့ လက်ဖွဲ့ပစ္စည်း တွေကို ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အဦမှာ ခဏထား တယ်။ ဧည့်ခံပွဲနေ့ရောက်မှ သူတို့အိမ်လေးကို ရွှေ့မယ်ပေါ့။
ဒါပေမယ့် သူတို့လက်မှတ်ထိုးတဲ့အချိန်မှာ ရန်ကုန်တက္ကသိုလ်ထဲမှာ အဆောင်စည်းကမ်းအသစ် တွေနဲ့ပတ်သက်ပြီး ကျောင်းသားတွေ ဆန္ဒပြမှုစတင်နေပြီ။ ဒါ့ကြောင့် ကျောင်းသားခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့သူကလည်း ပူပူနွေးနွေးဇနီးလေးဆီကို မပြန်နိုင်ဘူး။ သမဂ္ဂအဆောက်အအုံ မှာ ပဲ နေရတယ်။
ဇူလိုင် ၇ ရက်နေ့ နေ့လယ် နှစ်နာရီလောက်ကျတော့ သမဂ္ဂအဆောက်အဦ မှာ အစည်း အဝေးလုပ်နေတဲ့ သမဂ္ဂခေါင်းဆောင်တွေကို ဖမ်းတယ်။ တစ်ချို့အဖမ်းခံရတယ်။ သူနဲ့ ခေါင်းဆောင် တစ်ချို့က ဆရာတွေ အိမ်ဘက်ကို ခြံစည်းရိုးကျော်ထွက်ပြီး တိမ်းရှောင် လိုက်ကြတယ်။
အဲဒီညက မင်္ဂလာဦးအိမ်ခန်းလေးဆီကို သူမပြန်နိုင်ဘူး။ သူနဲ့နောက်ခေါင်းဆောင်တစ်ယောက် တံတားဖြူနားက စိတ်ချရတဲ့ မိတ်ဆွေတစ်ယောက် အိမ်မှာ ခိုနေရတယ်။ မနက်လင်း အားကြီးမှာ သမဂ္ဂအဆောက်အအုံကို မိုင်းခွဲဖျက်ဆီး လိုက်တဲ့ ပေါက်ကွဲသံကြီးကြားလိုက် ရတယ်။ အဲဒီနေ့မနက်က ခံစားချက်ကို ဘယ်တော့မှ မမေ့နိုင်ဘူး။ ( နှစ်ပေါင်းငါးဆယ်ကျော် ကြာမှ ပြန် ပြောချိန်မှတောင် စကားကိုရပ်ထားပြီး မျက်ရည်တွေကျနေခဲ့တယ်။ )
ဇူလိုင်လ ၈ ရက်နေ့ လုပ်မယ့် ဧည့်ခံပွဲလည်း မလုပ်နိုင်တော့ဘူး။ သူလည်း အိမ်မပြန်နိုင်တော့ ဘူး။ နှစ်ပတ်လောက်နေမှ အဆင့်ဆင့်ချိန်းဆိုပြီး ဇနီးဖြစ်သူနဲ့ တွေ့ခွင့်ရတယ်။ သမဂ္ဂ လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဇနီးဖြစ်သူကလည်း သူ့ကို နောက်ဆံမတင်းဖို့ အားပေးခဲ့တယ်။
အဲဒီနောက်တော့ မြေပေါ် တစ် လှည့်၊ မြေအောက်တစ်လှည့်နဲ့ ပါတီ ( ဗမာပြည်ကွန်မြူနစ်ပါတီ ) ကပေးတဲ့တာဝန်တွေကို ထမ်း ဆောင်ခဲ့တယ်။ မြစ်ဝကျွန်းပေါ်ဘက်မှာ လက်နက်ကိုင် တိုက်ပွဲလည်း ဝင်ခဲ့တယ်။
တော်လှန်ရေးကောင်စီခေတ်၊ လမ်းစဉ်ပါတီခေတ်၊ နဝတ/ နယက ခေတ် အဆက်ဆက်မှာ ထောင်အကြိမ်ကြိမ်ကျခဲ့တယ်။ တစ်ကြိမ်မှာ သူ၊ သူ့ဇနီး နဲ့ သားဖြစ်သူ သုံးယောက်လုံး အဖမ်းခံရတော့ ရှစ်တန်းကျောင်းသူ သမီးလေးတစ်ယောက်ပဲ အပြင် မှာ ကျန်ခဲ့တယ်။ဒါပေမယ့် ဘယ်အရာကမှ သူ့ယိုင်လဲသွားအောင်မလုပ်နိုင်ခဲ့ဘူး။ သူ့ယုံကြည်ချက် ကို ပြောင်းလဲသွားအောင် မစွမ်းဆောင်နိုင်ဘူး။ သူဟာဘာမှ မရှိဘူး၊ ယုံကြည်ချက်တစ်ခုပဲ ချမ်းသာ တယ်ဆိုတဲ့သူမျိုး။
နိုင်ငံရေးအယူအဆမတူပေမယ့် သူ့သမိုင်းကို လေးစားလို့ ၂၀၁၈ ဇွန်လ ၁၈ ရက်နဲ့ ၁၉ ရက်မှာ နှုတ်ပြောသမိုင်း မှတ်တမ်းရယူပြီး စင်္ကာပူနိုင်ငံအခြေစိုက် အရှေ့တောင်အာရှ လေ့လာရေးဌာန ( ISEAS) စာကြည့် တိုက် မှာ ထား ပေးခဲ့တယ်။ သူ့အင်တာဗျူးက ၇ နာရီနီးပါးကြာပြီး လုံးကောက်စာမျက်နှာ ၁၉ ၀ ရှိတယ်။
ဒီနေ့တော့ ကျန်းမာရေးအားနည်းလာလို့ ဆေးရုံတက်ရောက်ကုသခံနေရတဲ့ သူ့ကို သွားရောက် ဂါရ၀ ပြုခဲ့ရတယ်။ အသက်အရွယ်ကြောင့် အချို့အချက်တွေကို မေ့လာတတ်တာကလွဲရင် စိတ် ရော၊ရုပ်ပါ ခိုင်ခိုင်မာမာရှိနေဆဲပဲ။
အချို့အချက်တွေကို မေ့တတ်တယ်ဆိုတာကလည်း မကြာသေးမီက အဖြစ်အပျက်တွေကိုပဲ မေ့ တာ။ သူ့နိုင်ငံရေးဖြတ်သန်းမှုကာလက အဖြစ်အပျက်တွေကို တော့ မမေ့ဘူး။ အထူး သဖြင့် ကျောင်းသားခေါင်းဆောင် ဘဝ၊ ကွန်မြူနစ်ပါတီလက်နက်ကိုင်တိုက်ပွဲ ဝင် ကာလ၊ နဝတလက်ထက် နိုင်ငံရေးလှုပ်ရှားမှုဘ၀ က အဖြစ်အပျက်တွေကို တိတိကျကျ ပြန်ပြောနိုင်သေးတယ်။ အဲဒါကလည်း ယုံကြည်မှုဘယ်လောက်ခိုင်မာ ခဲ့ တယ်ဆိုတာရဲ့ သာဓကပဲ။
တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မနက် ရန်ကုန်တက္ကသိုလ်ထဲကို ကိစ္စတစ်ခုနဲ့ရောက်သွားတော့ သမဂ္ဂ အဆောက်အဦရှိခဲ့တဲ့နေရာမှာ ဗကသ အလံတွေထူထားတာတွေ့ခဲ့ရတယ်။ ပြီးတော့ ဒီနေ့က သူတို့ဇနီးမောင်နှံ လက်ထပ်တဲ့နေ့။ ဒီနေ့ကို မှတ်မိလားဆိုတော့ မှတ်မိတယ်။ ပြီးတော့ သဘက် ခါ ဆိုရင် ၇ ဇူလိုင် လို့ပြောပြီး စိတ်မကောင်းဖြစ်နေတယ်။ ၇ ဇူလိုင်ဟာ တစ်ချို့မမေ့နိုင်တဲ့ နေ့၊ တစ်ချို့က အတင်းမေ့ပစ်နေတဲ့နေ့၊ တစ်ချို့က မသိချင်ယောင်ဆောင်နေတဲ့နေ့။
မုန်တိုင်းဘယ်လောက်ထန်ထန်၊ လှိုင်းဘယ်လောက်ကြီးကြီး ကျောက်ဆောင်တွေက ပြိုလဲ မသွား ဘူး။ အခန်း အမှတ် ၂၁၅ က အဘ ဦးလှရွှေဟာလည်း ကျောက်ဆောင်လို ပုဂ္ဂိုလ်မျိုးပဲ။ ဘယ် နေရာ ဖြစ်ဖြစ်ရှင်သန်နိုင်တဲ့ မြက်ပင် တွေပေါတဲ့ခေတ်မှာ ရှားပါးလူသားပေါ့။ ဒါပေမယ့် ခေတ် ကိုက မြက်ခင်းကို ရေလောင်းပြီး ကျောက်ဆောင်တွေကို မိုင်းခွဲလမ်းခင်းတဲ့အချိန် ဖြစ်နေတာ ဝမ်း နည်းစရာပဲ။
ကျောက်ဆောင် ၂၁၅ က တော့ မြက်ပင်တွေအကြောင်းစိတ်ဝင်စားပုံမရဘူး။ ကျောက်ဆောင် အဖြစ်ကို ပဲ ဂုဏ်ယူနေတယ်။ တကယ်တော့လည်း မြက်ပင်ဆိုတာ ကျောက်ဆောင်အခြေမှာ ပဲ ပေါက်ရတာပါ။