ဆိုင်းဘုတ်မရှိသော၊ နှစ်တွေပြောင်းပေမယ့် အပြင်အဆင်မပြောင်းသော၊ လက်ရာ မပြောင်း သော လက်ဖက်ရည်ဆိုင်ကောင်းကောင်းရှိသည်ဟု ညွှန်းသူက ကျွန်တော့်ဖောက်သည် ဆိုက် ကားနဲ့ ရောင်းတဲ့ မိုဘိုင်းမုန့်ဟင်းခါးသည်လေးဖြစ်သည်။ သူအညွှန်းကောင်းတာကြောင့် အလုံ အေးလမ်းနှင့် အောက်ကြည့်မြင့်တိုင်လမ်းထောင့်မှာရှိသည့် လက်ဖက်ရည်ဆိုင်လေးကို တကူး တကရှာဖွေသွားခဲ့ရသည်။
ဆိုင်က ရှေးခေတ် နှစ်ထပ် သစ်သားအိမ်အိုကြီးအောက်ထပ်မှာဖွင့်ထားခြင်းဖြစ်၏။ အိမ်အိုကြီး မှာ တစ်ချိန်က စမ်းချောင်း၊ အလုံ၊ ရေကျော်၊ မြေနီကုန်းတို့မှာတွေ့ရသည့် အိမ်မျိုး။ အိမ်ခန်း လေး ခန်း၊ အပေါ်ထပ်တွေက ကြမ်းခင်း၊ အလယ်မှာ သစ်သားလှေကားနဲ့ ။ ကျွန်တော်ရောက်သွား တော့ ဆိုင်ရှေ့ ပလက် ဖောင်း မှာ ခွေး ခြေပုလေးတွေနဲ့ထိုင်နေသော ဝိုင်းနှစ်ဝိုင်းရှိသည်။ အားလုံးလူကြီးဝိုင်းတွေ၊ လမ်း လေ ျှာက် ပြန်လာသူတွေလား၊ ဒါမှမဟုတ် မွန်းကျပ်နေသော ခိုအိမ်တိုက်ခန်းတွေက ထွက်လာပြီး မြို့ ပြ နံနက်ခင်းကို ဖြတ်သန်းနေသူတွေလား။
ဆိုင်မှာ ဆိုင်းဘုတ်မရှိ။ ဆိုင်မျက်နှာစာမှာ သံဆန်ခါကာထားသည်။ ညာဘက်အခြမ်းက ဖွင့်ထား သည့် တံခါးသစ်သားဘောင်တွင် “ ပါဆယ်ရပြီ” ဟု မြေဖြူနဲ့ရေးထားသည်။ ဆိုင်ထိုင်လို့မရ ပါဆယ်ပဲ ဆွဲလို့ရသည့် ကိုဗစ် ၁၉ ခေတ် မှတ် တမ်းတစ်ခုပေါ့။
ဆိုင်အဝင် ညာဘက်မှာ လက်ဖက်ရည်ဖျော်သည့်ခုံရှိသည်။ ခုံအပေါ်မှာ နံရံကပ်စင်တစ်ခုရှိသည်။ ကျွန်းသားစင်၊ အရောင်အသွေးအရတော့ ဆိုင်စဖွင့်ထဲက ရှိသည့်အနေအထားဟု ထင်ရသည်။ ဆင့်တန်းတွေမှာ ခေတ်ဟောင်းလက်ဖက်ရည်ခွက်တွေ၊ ပန်းကန်တွေ တင်ထားသည်။ ဖောက် ထား သည့် နို့ဆီဘူးရှိသည်။ မလိုင်အိုးရှိသည်။ ညာဘက်က မီးသွေးမီးဖိုတွေပေါ် ရေနွေးအိုး လို့ ယူဆရသည့် ဒန်အိုးတစ်လုံး၊ နွားနို့ကျိုထားသည့် အိုးတစ်လုံးရှိသည်။ မှန်ကာထားသော အကန့် တွေထဲမှာ တိုလီမိုလီပစ္စည်းတွေရှိသည်။ စင်အလယ်တည့်တည့်မှာ တရုတ် ဘာသာဖြင့် ရေးထားသော ပြက္ခဒိန်အဟောင်းတစ်ခုကပ်ထားသည်။
ဘယ်ဘက်မှာ ပေါက်စီထည့်ထားသည့်ပေါင်းအိုးတစ်ခု၊ ပြီးတော့ နံပြားဖို၊ ဂျုံနယ်သည့် စားပွဲတစ်လုံး၊ စားပွဲပေါ်မှာ ပိတ်ပါးစနဲ့အုပ်ထားသည့် ဂံျုလုံးတွေ။ နံပြားဖို ဘက်က နံရံမှာ လည်း နောက်ထပ် သစ်သားစင်တစ်ခုရှိသည်။ ဆင့်တန်းတွေမှာ ဒယ်အိုးတစ်လုံး၊ ဆန်ခါခုံး တစ်ခု၊ နို့ဆီခွက်အဟောင်းတွေနဲ့ ခမောက်အဟောင်းတစ်ခုရှိသည်။
ဆိုင်အဝင်တည့်တည့်မှာ မှန်ဘီဒိုတစ်ခု။ ပေါင်မုန့်ထုတ်တွေရှိသည်။ အမျိုးအမည်မသိတဲ့ မုန့်တစ်ချို့ရှိသည်။ မှန်ဘီဒိုပေါ်က ပလတ်စတစ်ဘူးကြီးတွေထဲမှာ ကော်ဖီမစ်အထုတ်တွေ ရှိ သည်။ ဆိုင်ခန်းထဲမှာ ရှိတဲ့ ပရိဘောဂအားလုံးက လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က တွေ့ရတဲ့ ပရိဘောဂတွေဖြစ်သည်။ စားပွဲတွေက ကျွန်းသားထူထူ လေးထောင့်စားပွဲတွေ၊ ကုလားထိုင်တွေ၊ ခွေးခြေပုတွေကလည်း ထိုနည်းလည်းကောင်း၊ မျက်နှာကြက်မှာ ဖြေးဖြေးလေးလည်ပတ်နေတဲ့ ပန်ကာ၊ နံရံပေါ်က အမည်းရောင်ပန်ကာထိန်းခလုတ်နဲ့ မီးခလုတ်တွေ၊ ဘီဒိုအဟောင်းတွေ အားလုံးက အတိတ်ရဲ့ အမှတ်အသားတွေ။ အခန်းအလယ်မှာရှိတဲ့ ကျောက်စားပွဲဝိုင်းက လည်း ရှေးဟောင်းပစ္စည်းစုဆောင်းသူတွေမျက်စိကျမယ့် စားပွဲ။
ဆိုင်မှာ အကူဝန်ထမ်းမတွေ့ရ။ ငါးဆယ်ကျော်၊ ခြောက်ဆယ်တန်း ဟု ခန့်မှန်းရသည့် တရုတ် အမျိုးသားနှစ်ဦး၊အမျိုးသမီးနှစ်ဦးပဲရှိသည်။ သူတို့ အလုပ်လုပ်ပုံကလည်း ဖြေးဖြေး ညင်ညင် သာသာ၊ “ထိုင်ချီ” လှုပ်ရှားမှုနဲ့ တူသည်။ တစ်ယောက်နဲ့ တစ်ယောက် ဘာလုပ် ပါလို့လည်း ပြောစရာမလို။ သံပတ်နာရီစက်တွေကို သူ့ဟာနဲ့သူ အချိတ်အဆက်မိနေသည်။ အားလုံးက အလုပ်အားလုံးကို ကျွမ်းကျင်နေသည့်ပုံ၊ သူ့အလုပ်၊ ကိုယ့်အလုပ်ခွဲခြားနေတာမျိုး မမြင်ရ။ လက်ဖက်ရည်ဖျော်တာ၊ နံပြားရိုက်တာ တစ်ယောက်မရှိ၊ တစ်ယောက်ကဝင်လုပ်နိုင် သည်။ ဝင်လုပ်လို့ရသည်။ ဘယ်သူ၊ ဘယ်ဝါ လက်ဖက်ရည် ဘယ်နှစ်ခွက် ၊ နံပြား ဘယ်နှစ် ချပ် ဆိုပြီး အော်ခေါ်နေဖို့မလို။
ကျွန်တော်ရောက်သွားတော့ ဆိုင်ထဲမှာ နှစ်ဝိုင်းရှိသည်။ သက်ကြီးပိုင်းအရွယ် ဇနီးမောင်နှံတွေ။ တစ်ဝိုင်းကတော့ စကားမပြော။ လက်ဖက်ရည်ကို စည်းစိမ်ခံသောက်နေသည်။ ဘီဒိုနားက နှစ် ယောက်ကတော့ တိုးတိုးလေးပြောနေသည်။ အိမ်အကြောင်းလား၊ အလုပ်အကြောင်းလား၊ ပျိုရွယ်စဉ်က ဦးချစ်ဆိုင်ထိုင်ခဲ့တဲ့ အချိန်တွေအကြောင်းလား။
မိတ်ဆွေ မုန့်ဟင်းခါးဆရာလေးက ဒီဆိုင်က နံပြား နဲ့မလိုင်ကို စားဖြစ်အောင်စားပါဟု မှာလိုက်သည်။ သူ ပြောတာဟုတ်လောက်သည်။ အပြင်ဝိုင်း၊ အထဲဝိုင်း အားလုံးမှာ နံပြားတွေ့သည်။ နံပြား ပါဆယ်မှာသူလည်း ဆိုင်ဝမှာစောင့်နေသည်။ ဆိုင်ထဲမှာ နံပြားနဲ့တွဲစားဖို့ မလိုင် တစ်မျိုးပဲတွေ့သည်။ ပဲ နံ၊ ထောနံတွေရှိပုံမရ။
ကျဆိမ့်တစ်ခွက်၊ နံပြားတစ်ချပ်၊မလိုင်တစ်ပွဲမှာလိုက်သည်။ နှုတ်ခမ်းထူထူ ခွက်နဲ့ထည့်ထား သော လက်ဖက်ရည်တစ်ခွက်၊ ပလတ်စတစ်ပန်းကန်ပြားနဲ့ နံပြား၊ ဒန်ရေနွေးကြမ်းအိုးတစ်လုံးရောက် လာသည်။ လက်ဖက်ရည်မသောက်၊နံပြားမစားမီ ဒီအခင်းအကျင်းကို မြင်တာနဲ့ နှလုံးသားတွေ အရည်ပျော်သွားခဲ့ပြီ။ ဒါဟာ လက်ဖက်ရည်ကို စတင်စွဲမက်ချိန်၊ လက်ဖက်ရည်ဆိုင်ထိုင်ရတဲ့ အရသာကို စွဲလမ်းသွားချိန်က အပြင်အဆင်ပဲ။ မေးကြည့်တော့ ဒီနေရာမှာ ဆိုင်ဖွင့်တာ နှစ်ခြောက် ဆယ်ကျော်ပြီတဲ့။ အဖေ ဖြစ်သူက စခဲ့သည်။ အခုတော့ မောင်နှမတွေဆက်လုပ်နေသည်။
လက်ဖက်ရည်ကို မြည်းလိုက်တော့ အကျရည် အတော်ကောင်းသည်။ အတော်ပြင်းသည်။ အကျရည်ကို သေသေချာချာနှပ်ထားတဲ့ပုံပဲ။ တစ်ချို့ကတော့ လက်ဖက်ရည်ကျကျ မကြိုက်။ ကျွန်တော်ကတော့ လက်ဖက်ရည် ပေါ့ပေါ့အခွက်နှစ်ဆယ်ထက် လက်ဖက်ရည် ကျကျ တစ်ခွက် ကိုပဲသောက်မယ်ဆိုတဲ့ ဂျော့အော်ဝဲလ် ရဲ့ အဆိုအမိန့်ကို ယုံကြည်သူဖြစ်သည်။
နံပြား ကတော့ ကိုင်လိုက်ရင်ကြွေကျတော့မယ့် နံပါး မျိုးမဟုတ်။ ထူထူ ပျဉ်းတွဲတွဲ နံထူ လည်းမဟုတ်။ အတော်နူးညံ့သည့် ဂျုံနဲ့လုပ်ထားမှန်းသိသာတဲ့ နံပြား။ ဒါ့ကြောင့် တရုတ်လက်ဖက်ရည်ဆိုင်မှာ ပေါက်စီမစားဘဲ နံပြားကို မှာစားနေကြတာဖြစ်မည်။
သီချင်းသံမဆူ၊ အော်သံ၊ငြင်းခုန်သံမကြားရသည့် လက်ဖက်ရည်ဆိုင်လေးရဲ့ထောင့်သည် ငြိမ်သက်အေးချမ်းလှ၏။ မိတ်ရင်းဆွေရင်းတစ်ယောက်နဲ့ လက်ဖက်ရည်အရသာခံရုံ သက်သက် လက်ဖက်ရည်ဆိုင်ထိုင်တဲ့ အရသာကို မရခဲ့တာကြာခဲ့ပြီပဲ။ စားဖွယ်စုံ အမည်တတ်ထားသည့် လက်ဖက်ရည်ဆိုင်ကြီးတွေပေါ်လာချိန်မှစပြီး လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုပျက်စီးသွားပြီ ဟု ယုံကြည်နေသူများတွင်ကျွန်တော်လည်း ပါသည်။
အလုပ်ကိစ္စအတွက်လက်ဖက်ရည်ဆိုင်မှာဆုံဖို့ခေါ်သူများကို ကျွန်တော်မုန်းသည်။ လက် ဖက်ရည်ဆိုင်သည် လက်ဖက်ရည်တစ်ငုံစာကို လ ျှာပေါ်တွင် အရသာခံပြီးမှ ဖြေးဖြေးလေး သောက် အတွေးနယ်ချဲ့ရသောနေရာဖြစ်သည်။ ခေါင်းပူ၊ ရင်ပူ ရမည့် အကြောင်းအရာ တွေ ပြောရမည့်နေရာမဟုတ်။ အလုပ်ကိစ္စပြောချင်လ ျှင် ခေတ်မီ ကော်ဖီ ဆိုင်တစ်ဆိုင်မှာထိုင်ပါ။ ဘယ်ဆိုင်မှာသောက်သောက် အရသာထပ်တူနီးပါးဖြစ်နေသည့် ဖော်မြူ လာကော်ဖီ တစ်ခွက်ရမည်။ ကော်ဖီကို အရသာခံဖို့မလို၊ သင်ပြောချင်တာပြောလို့ရသည်။
စိတ်တူကိုယ်တူ မိတ်ဆွေမပါဘူးဆိုလ ျှင် အက်ဆေး စာအုပ်သည် လက်ဖက်ရည်ဆိုင်အတွက် အကောင်းဆုံးအဖော်ဖြစ်သည်။ လက်ဖက်ရည်ပူပူလေးကြောင့်အတွေးတွေကွန့်မြူးပြီး အက်ဆေး ကို အရသာခံလို့ရသလို လက်ဖက်ရည်တွေအေးစက်သွားသည်အထိ အက်ဆေးထဲမှာ နစ်မြော နေလို့ရသည်။
လက်ဖက်ရည်သက်သက် သီးသန့်သောက်ချင်လို့ ၊အရသာခံချင်လို့ လက်ဖက်ရည်ဆိုင် ထိုင်သည် ဟု ယုံကြည်သူကို ရှေးဟောင်းလူသား၊ ခေတ်နောက်ပြန်ဆွဲသူဟု အပြစ်မတင် သင့်။ လောက တွင် အချစ်ပဲလိုသည်၊ ဘာမှမလိုဟု ယုံကြည်သူများရှိလ ျှင် လက်ဖက်ရည် ဆိုင် သည် လက်ဖက်ရည်သောက်ဖို့ဖြစ်သည်၊ ဘာမှမလိုဟု ယုံကြည်စွဲလမ်းသူလည်းရှိသင့်သည် မဟုတ်ပါလား။
ဒီဆိုင်နေရာလေးက လမ်းမတော်ဖိုးတုတ်ဇာတ်လမ်းရဲ့ တစ်နေရာမှာပါတယ်လို့ ထင်မိတယ် အဘ ခင်ဗျ
LikeLike