ဘဝဈေး
ခရီးသွားတဲ့အခါ မြို့တစ်မြို့ကို ရောက်ရင် အဲဒီမြို့ရဲ့ မနက်ဈေးကို သွားနိုင် ဖို့ ကြိုးစား သင့်တယ်။ မနက်ဈေးဟာ လူစုံတယ်၊ ရင်ခုန်ဖို့ကောင်းတယ်။ ဈေးသည်၊ ဈေးဝယ်တွေကို ကြည့် ပြီး ဒေသရဲ့လူမှုစီးပွားအခြေအနေကို ခန့်မှန်းနိုင်တယ်။ ဒေသအစားအစာလေးတွေ မြင် ရတယ်။ စားနိုင်တယ်။
ဒါ့ကြောင့် ညောင်ဦးရောက်ခိုက် ဘုန်းဇင်ဈေးကို အရောက်သွားခဲ့တယ်။ ဘုန်းဇင်ဈေးက မဏိ စည်သူဈေးကြီးဘေးက ကွက်လပ်မှာရောင်းတာပါ။ ၁၉ ၉ ၀ ပြည့်လွန်နှစ်တွေမှာ မဏိစည်သူ ဈေး ကို ပြန်လည်ပြုပြင်တော့ ဒီကွက်လပ်မှာ ယာယီဈေးဖွင့်ခဲ့တယ်။ မဏိစည်သူဈေးပြီးသွားတော့ ဒီနေရာမှာ အခွန်လွတ်ဈေးအဖြစ်နဲ့ ကျန်ခဲ့တာလို့ဆိုတယ်။
ဒီဈေးမှာ ဈေးကောက်နှစ်ရာကျပ်ပဲပေးရတယ်။ ဆိုင်ခန်းခမရှိဘူး။ ဈေုးရုံထဲမှာ ခင်းရောင်းတဲ့ သူတွေရှိသလို ဈေးရုံဘေး ကွက်လပ်မှာလည်း ခင်းရောင်းကြတယ်။ ဈေးအပြင် ကွက်လပ် မှာ တော့ ကားတွေ၊ ဆိုင်ကယ်တွေ အပြည့်ပဲ။ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေက ပခုက္ကူဘက်ကမ်း လက်ပံကျွန်း၊ ဂူကျွန်း၊ ဇီးကျွန်း စတဲ့ကျွန်းရွာတွေ၊ တုရင်တောင်ခြေဘက် ရွာတွေကလာတယ်။ ဂေါ်ဖီ၊ ခါကျဲဥ၊ ဆလပ် ၊ မျစ်ချဉ် လို ပစ္စည်းတွေ က ကျောက်ပန်းတောင်း ကတဆင့် လာတယ်။ အောင်ပန်းက တိုက်ရိုက်ဆင်းလာ တယ်ဆိုတဲ့ ဂေါ်ဖီထုပ်ကားတစ်စီး လည်းတွေ့တယ်။ ငှက်ပျောသီးတွေ၊ ငှက်ပျောအူတွေက ပုပ္ပားဘက်ကလာတယ်။ ကားကွင်းထဲမှာ ပစ္စည်းလာပို့တဲ့ ကား တွေ၊ တစ်ဆင့် ရောင်းဖို့ လာဝယ်သူတွေ၊ ဈေးရုံထဲက အော်ဒါမှာထား သူတွေဆီကို ပို့ မယ့် သူတွေနဲ့ ပျားပန်းခတ်လှုပ်ရှားနေကြတယ်။
အကြမ်းဖျင်းအားဖြင့် ကားကွင်းထဲက ကားတွေကို ကုန်သည်တစ်ယောက် ထဲက ကားတစ်စီးစာသယ်လာတဲ့ကား၊ ရွာအလိုက်ဈေးသည်နဲ့ကုန်တွေစုတင်လာတဲ့ကား နဲ့ မင်းနန်သူဈေး၊ ပုဂံမြို့သစ်ဈေး တို့လို ပတ်ဝန်းကျင်ဈေးတွေက ဈေးသည်တွေစုပြီး ဘုန်းဇင် ဈေးမှာ လာဝယ်တဲ့ကားဆိုပြီး သုံးမျိုးခွဲလို့ရတယ်။
ကွင်းထဲမှာ ပစ္စည်းချနေတဲ့ ကားတွေရှိသလို၊ ပစ္စည်းတင်နေတဲ့ကားလည်း ရှိတယ်။ စာအုပ်တစ်အုပ်နဲ့ အမျိုးသမီးတစ်ယောက်က ငရုတ်သီး ထုပ်တွေကို ပုံပြီး စာအုပ်ထဲက စာရင်းနဲ့တိုက်လို့ ဘယ်သူ၊ဘယ်လောက်ဆိုပြီးခွဲပေးနေ တယ်။ ဈေးသည်တစ်ချို့က ဝယ်ပြီး ပစ္စည်းတွေကို ခေါင်းပေါ်ရွက်ပြီး ဈေးရုံထဲကို အပြေးသွားနေကြ တယ်။ အမကြီးတစ်ယောက် ကတော့ ဖရုံသီးနှစ်လုံးကို ခေါင်းပေါ်ရွက်၊ လက်ထဲမှာ ဘယ်တစ်လုံး၊ ညာတစ်လုံး ကိုင်ပြီး သွား နေတယ်။ တစ်ချို့ကတော့ ပစ္စည်များလို့ တွန်းလှည်းနဲ့တင်သယ်ကြတယ်။ တစ်ချို့ကလည်း ကားအနားမှာ စုဝေးပြီး ကိုယ့်ပစ္စည်းရဖို့စောင့်နေကြတယ်။ တစ်ချို့ကတော့ ဝယ်ပြီး ပစ္စည်း တွေ ကို ကားပေါ်တင်ဖို့စောင့်နေတယ်။ ခေါင်မိုးပေါ်က ယာဉ်နောက်လိုက်က အထုပ်တွေကို နေရာ ချ ရင်းအလုပ်ရှုပ်နေတယ်။
လိုက်ထရပ်တစ်စီးနောက်ခန်းမှာ အမေက ပဲတောင့်ရှည်တွေကို ခွဲရောင်းပေးနေ တယ်။ ကလေးပေါက်စလေးက ဖုန်းကို ပွတ်နေတယ်။ ပဲတောင့်ရှည်တွေက ပြည်ဘက်ကနေ ကျောက် ပန်းတောင်းကို ပို့၊ ကျောက်ပန်းတောင်းကမှတဆင့် ဘုန်းဇင်ဈေးကိုလာရောင်းတာ။ ပဲတောင့်ရှည်တွေကို ဒစ်ဂျစ်တယ်ချိန်ခွင်ပေါ်တင်ပြီး အချိန်နဲ့ရောင်းတယ်။ ဒီဈေးကို ပစ္စည်းပို့တဲ့ ကားတွေမှာ ဒစ်ဂျစ်တယ် ချိန်ခွင် လေးတွေ ကိုယ်စီနဲ့။ ဒစ်ဂျစ်တယ်ခေတ်ပဲ။
ခြောက်နာရီကျော်တော့ မင်းနန်သူ ဈေး၊ ပုဂံမြို့သစ်ဈေးတွေနဲ့ ပတ်ဝန်းကျင်ဈေးတွေမှာ ပြန်ရောင်းမယ့်သူတွေက လည်း လိုက်ထရပ်တွေ၊ ထွေလာဂျီတွေမှာ လူတွေ၊ ကုန်တွေတင်ပြီး အပြေးအလွှားပြန်နေကြတယ်။ သူ တို့က အစောဆုံးလာပြီး အစောဆုံးပြန်တဲ့သူတွေပဲ။
ပတ်ဝန်းကျင်ရွာတွေနဲ့ ရပ်ကွက်ထဲကို လှည့်ရောင်းမယ့်ဈေးသည်တွေကတော့ ထွေလာဂျီ ပေါ် မှာ ၊ဆိုင်ကယ်ပေါ်မှာ အထုပ်လေးတွေ ချိတ်နေကြတယ်။ ပြီးတာနဲ့ သူတို့လည်း ခရီးဆက် ပြီ။
ဟိုတယ်၊ စားသောက်ဆိုင်တွေက ကားတွေလည်းရောက်လာကြပြီ။ တစ်ချို့က တိုက်ရိုက် ဝယ်တယ်။ တစ်ချို့က ဈေးရုံထဲက ဈေးသည်တွေဆီမှာ စိတ်ကြိုက်ရွေးဝယ်တယ်။ နိုင်ငံခြား သား ခရီးသွားတွေမရှိတော့ ရှမ်းပြည်က လာတဲ့ ဟင်းသီးဟင်းရွက်တွေ ၊အသီးအနှံတွေရောင်းအားကျ တယ်၊ နိုင်ငံခြားသားဧည့်သည်တွေကျရင် ဟိုတယ်တွေ၊စားသောက်ဆိုင်တွေက ဂေါ်ရခါးသီး၊ ခါကျဲဥ၊ ဆလပ်ရွက်၊ ပန်းဂေါ်ဖီတွေ အဝယ်များတယ်တဲ့။
ဘုန်းဇင်ဈေးကို ရောက်သွားတဲ့နေ့က ဇူလိုင် ၂၈ ဆိုတော့ ဘုရား ၁၇ ဆူကို ဝင်ခွင့်ပိတ်မယ့် သတင်း မသိကြသေးဘူး။ အားလုံးက ရုံးပိတ်ရက်လေးရက်မှာ ဧည့်သည်များမယ်၊ စားသောက် ဆိုင်တွေအလုပ်ဖြစ်မယ်၊ ဟိုတယ်တွေအခန်းပြည့်မယ်၊ ဒါဆိုရင် ဈေးရောင်းကောင်းမယ် ဆိုပြီး ပျော်နေကြတယ်။
ဈေးထဲမှာတော့ ရွာတွေကလာရောင်းတဲ့သူတွေ၊ ဒေသခံဈေးသည်တွေနဲ့ အပြည့်ပဲ။ လတ် လတ်ဆတ်ဆတ်ဟင်းသီးဟင်းရွက်တွေ အပုံလိုက် အပုံလိုက်ရောင်းနေတာကို ကြည့်လိုက် ရင် စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေရဲ့ ဝယ်လိုအားကို ခန့်မှန်းလို့ရတယ်။ ဒါတောင် ကိုဗစ် ကာလ ဖြစ်နေလို့၊ ခရီးသွားရာသီဆိုရင် ဘယ်လောက်စည်ကား၊ ရောင်းဝယ်အားကောင်းနေမလဲဆိုတာ မှန်းသာကြည့်ပေတော့။
တစ်ချို့ဈေးသည်တွေကတော့ မနက်အစောကြီး ထွက်လာရလို့ထင်တယ်။ ဈေးထဲ ရောက်မှာ ထမင်းလေး၊ မုန့်ဟင်းခါးသုပ်လေး ဘာလေးဝယ်စားနေကြတယ်။ ရွာတွေကလာတဲ့ ဈေးသည်တွေက ဈေးကားနဲ့ လိုက်လာ၊ နေမြင့်ရင်ဈေးကားနဲ့ရွာပြန်ပေါ့။ တောင်းတွေ၊ ဆန်ကောတွေရောင်းတဲ့အဒေါ်ကြီး ကတော့ ညီမဝမ်းကွဲအိမ်မှာ နေ ပြီး ကုန်အောင်ရောင်းမယ်။ နှစ်ရက်သုံးရက်နေမှပြန်မယ်တဲ့။ နဂါးမောက်သီးသည်အဒေါ်ကြီးကတော့ ဈေးကွက်အခြေ အနေ ကြောင့် ထင်ပါရဲ့၊ မျက်နှာမသာမယာနဲ့။
ဆရာဇော်ဂျီက “ ပုဂံဈေးသည် လူအမျိုးမျိုး၊ လူအစားစားတို့ ကျက်စားရာ နေရာပေတည်း။ ရယ်သံ၊ ငို သံ၊ ညည်းသံတို့ အုတ်အုတ်ကျက်ကျက် မြည်ဟည်းသော နေရာပေတည်း။ အသွားအလာ အပြေးအလွှားတို့ဖြင့် လှုပ်ရှားနေကြသော နေရာပေတည်း။” လို့ ပုဂံဈေး ကို ရေးဖွဲ့ခဲ့သလိုပဲ ဘုန်းဇင်ဈေးဟာလည်း အုတ်အုတ်ကျက်ကျက် ပြေးလွှားလှုပ်ရှားနေကြ တယ်။
ဒါပေမယ့် ဘုန်းဇင်ဈေးသူဈေးသားတစ်ချို့မှာလည်း စိုးရိမ်မှုတွေရှိနေတယ်။ ဒီ အခွန်လွတ်ဈေး လေးက မဏိစည်သူဈေးကြီး ပြုပြင်တော့ ဈေး သည်တွေအဆင်ပြေအောင် ဘုန်းဇင်းကျောင်း ဆရာတော်က ကျောင်းဝင်းထဲမှာ ဖွင့်ခွင့်ပြုထားတာ အခုထိပဲ။ အခုတော့ ရွှေဉာဏ်တော် စူးရောက်တဲ့ ပုဂ္ဂိုလ်တစ်ချို့က ဒီနေရာမှာ ပျံကျဈေး မရှိသင့်ဘူး။ သင့်တော်တဲ့နေရာမှာ ခေတ် မီ ဈေးတစ်ခုဆောက်ပြီး ရွှေ့ပြောင်းထားရမယ်လို့ အကြံပေးနေကြတယ်တဲ့။
ခေတ်မီဈေးဆောက်ရင် ဆိုင်ခန်းခတွေ၊ အခြားအခွန်အခတွေပါလာတော့မယ်။ ဒါဆိုရင် ဒီနေရာ ဈေးသည်လေးတွေ တတ်နိုင်ပါ့မလား။ရွှေ ဉာဏ်တော်စူးရောက်သူတွေက ခရီးသွားမြို့တော်ကြီးမှာ ခေတ်မီ ကုန်စိမ်းဈေးကြီး ဘာညာ ဆိုပြီး စိတ်ကူးယဉ်နေပေမယ့် ပျံကျ ဈေးသည်လေးတွေကတော့ ရင်ပူနေရပြီ။
နန်းမြင့်မေ ျှာ်စင်ပေါ်က စိတ်ကူးနဲ့ ညောင်ပင်ကအောက် လက်တွေ့ဘဝတွေ အလှမ်းကွာ ခဲ့တာ ခေတ်အဆက်ဆက်ပါပဲ။ ဟိုးအမြင့်ပေါ်က ငုံ့ကြည့်တော့သေး သေးလေး၊ မြေပြင်ကလူ အတွက်ကတော့ တောင်ကြီးပေါ့။