သပြေရိပ်
ပုဂံ ကျောက်ပန်းတောင်း ကားလမ်းဘေးက ထန်းရည်တဲကြီးတွေ နာမည်ကြီးပေမယ့် တစ်ခေါက်မှ မရောက်ဖြစ်ဘူး။ ဒီတစ်ခေါက်တော့ သွားဖြစ်အောင်သွားမယ်လို့ဆုံးဖြတ်ခဲ့ တယ်။ ကျွန်တော့်လမ်းညွှန်သူ ကိုဇော်ကြီးကတော့ စိတ်ပါလက်ပါမရှိလှဘူး။ ဒါပေမယ့် ကောင်းရင် လည်း ရေးမယ်၊မကောင်းရင်လည်း မကောင်းတဲ့အကြောင်းရေးမယ်ဆိုပြီးရောက်သွားခဲ့တယ်။
ပုဂံဒေသမှ စားသောက်ဆိုင်များ ( ၁၁ သြ ၂၀၁၈) ပို့စ်မှာ အညာလက်ဆောင် နဲ့ ပိုင်ထန်းတဲ ဆိုင်နှစ်ဆိုင်ကို ညွှန်းထားတော့ ပိုင် ထန်းတဲကို သွားဖို့ရွေးခဲ့တယ်။ အဲဒီလမ်းတစ်လေ ျှာက် မှာ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ထန်းရည်ဆိုင်ကြီးတွေအများကြီးရှိတယ်။ အညွှန်းအရ ပိုင် ထန်းရည်တဲ က ဘူးသီးကြော်ကောင်းတယ်ဆိုလို့ ရွေးခဲ့တာပါ။
ပိုင်ထန်းတဲက တစ်ချို့ဆိုင်တွေလို နှစ်ထပ်တွေ၊ လင့်စင်တွေမတွေ့ဘူး။ (နောက်ထဲမှာ ရှိ/မရှိ တော့ မသိဘူး။ ) ရှေ့ပိုင်းကတော့ တဲတန်းလျားကြီးတွေပါပဲ။ ကိုဗစ် ၁၉ ကူးစက်မှု ကာကွယ်ရေးအတွက် အကာတွေလုပ်ထားတာလည်းတွေ့တယ်။
ပိုင် ထန်းတဲမှာ ထန်းရည်၊ ကြက်ကြော်၊ အကြော်သုပ်နဲ့ ထမင်းဆီဆမ်း စားတယ်။ အတိုချုပ် ပြောရရင် ကြက်ကပဲ အသက်ကြီးသလား၊ နှစ်ပြန်ကြော်၊ သုံးပြန်ကြော် ဖြစ်နေလို့လားမသိဘူး၊ ကြက်ကြော်က အတော်မာတယ်။ အကြော်သုပ်ကောင်းတယ်။ ထမင်း ဆီဆမ်းကတော့ သာမန်ပဲ။ အရေးကြီးဆုံး ထန်းရည်။ စဉ့်အိုးလေးထဲထည့်၊ ထန်းစေ့မှုတ်လေး နဲ့ ခပ်သောက်ဖို့လုပ်ထားတဲ့ အစီအစဉ်လေးက ကောင်းပါတယ်။ ဒါပေမယ့် ထန်းရည်ကတော့ ကျွန်တော့်အကြိုက်မဟုတ်ဘူး။ ပြင်းပြင်း ရှရှလေးဖြစ်အောင် ပြုပြင်ထားတယ်လို့ခံစားရတယ်။
အမှန်ကတော့ ထန်းရည်ဆိုတာ ထန်းသမားတဲ မှာ ထန်းသမားစိတ်ကြိုက်အပင်ကချထားတဲ့ ထန်းရည်၊ အမြှုုပ်တွေ၊ အမှိုက်တွေကို ထန်းစစ်လေးနဲ့ စစ်ပြီး သောက်ရတဲ့ ထန်းရည် ကမှ ကောင်း တာ။ အမြည်းဆိုရင်လည်း ပဲလှော်၊ ပဲခြမ်းကြော်သုတ်၊ ပုဇွန်ခြောက်နဲ့ ကြက်သွန်ဖြူ၊ ဖြစ်နိုင်ရင် ထန်းသမားချက်လို့ခေါ်တဲ့ အမဲအရိုး၊အရွတ်၊ အကြောတွေကို ကြက်သွန်ဖြူ/နီ၊ ငရုတ်သီး၊ဆီနည်းနည်း၊ မြေအိုးနဲ့ ချက်တဲ့ဟင်း နဲ့မှ အတွဲအဖက် ညီတာပါလေ။ ကော်မာရှယ်ထန်းရည်၊ ကော်မာရှယ်အမြည်းကတော့ ဒိုးဆလံပဲ။
ပုဂံ-ကျောက်ပန်းတောင်းလမ်းဘေးက ဆိုင်ကြီးတွေကတော့ ဓာတ်ပုံရိုက်ဖို့ နဲ့ ပုဂံမှာ ထန်းရည် သောက်ခဲ့တယ်လို့ ပြောစရာကျန်ဖို့အတွက်ပဲ သင့်တော်တယ်လို့ခံစားရတယ်။ နောက်တစ်ကြိမ်သွားဖို့အစီအစဉ်မရှိတော့ဘူး။ ကိုဇော်ကြီးတော့ နောက်တစ်ခါလာရင် ရွာ ထန်းတဲတွေပို့ပေးမယ်လို့ပြောတာပဲ။
ပုဂံ-ကျောက်ပန်းတောင်းလမ်းမှာ ကောင်းတယ်လို့ညွှန်းချင်တာကတော့ ဝက်အူတောင့်ကြော်ပဲ။ ကျွန်တော်တို့ မြင်ဖူးနေကျ ဝက်အူချောင်းပုံစံမဟုတ်ဘူး။ အလုံးလေးတွေ။ တောင်ဇင်းရွာမှာ ဝက်အူတောင့်ကြော်ရမည်၊ ဝက်သားခြောက်ကြော်ရမည်ဆိုတဲ့ဆိုင်အတော်များများရှိတယ်။ တကယ်ကောင်းတဲ့ဆိုင်ကတော့ သပြေရိပ် ဆိုတဲ့ဆိုင်ပဲ။
ဆိုင်ကပုဂံဘက်ကလာရင် ဗျတ္တပန်းဆက်လမ်းခွဲကျော်ပြီးရင် ဘယ်ဘက်အခြမ်းမှာ ရှိတယ်။ ကားလမ်း အတိုင်းလာရင် “သပြေရိပ် ဝက်အူတောင့်ကြော် ရမည် ” ဆိုတဲ့ ဆိုင်းဘုတ်အပြာလေး ကို အရင် မြင်ရမယ်။ ပြီးရင်ဆိုင်ပဲ။ ဆိုင်က ကြီးကြီး မဟုတ်ဘူး။ အိမ်ရှေ့မှာ အဖီထိုးထားတဲ့ ဆိုင်လေးပါ။ ဆိုင်ခုံဘေးမှာ “သပြေရိပ် အကြော်စုံ၊ သုပ်စုံ၊ မုန့်ဟင်းခါး၊ ကျောက်ပွင့်သုပ်” ဆိုပြီး ရေးထားတဲ့ သုံးထပ်သားပြားအဟောင်းတစ်ချပ်ရှိတယ်။ သစ်ပင်မှာ “ဝက်အူတောင့်ရပြီ” ဆိုတဲ့ ဆိုင်းဘုတ် အဟောင်းတစ်ခုရှိတယ်။ ပလတ်စတစ်စားပွဲပု၊ ခုံပု သုံးဝိုင်းခင်းထားတယ်။
ဒီဒေသက ဝက်အူတောင့်က တရုတ်တွေဆီကနည်းယူပြီးလုပ်တာမဟုတ်ဘူး။ ဟိုးတုန်းက ရွာမှာ ဝက်ပေါ်ရောင်းလို့ အသားတွေကျန်တဲ့အခါ ဝက်အူထဲမှာ ထည့် ကြော်ပြီး သိမ်းထားရာကနေ ဝက်အူတောင့်ဖြစ်လာတာလို့ဆိုတယ်။
သပြေရိပ်ဆိုင်က နှစ်နှစ်ဆယ်ကျော်ပြီ။ လက်ရှိတော့ အဖေ ဦးလှသိန်းနဲ့ သမီး ဒေါ်တင်မိုးခိုင်တို့ နှစ်ယောက်လုပ်နေတယ်။ ဝက်အူတောင့်လုပ်တာ၊ ကြော်တာက အိမ်ရှေ့မှာဆိုတော့ ဆိုင်မှာ ထိုင်နေရင်းလည်းမြင်ရတယ်၊ အထဲဝင်ကြည့်လို့လည်းရတယ်။
ကျွန်တော်ရောက်သွားတော့ ဒီနေ့အတွက် ဝက်အူတောင့်တွေကြော်နေတာလည်းတွေ့တယ်။ ပြင် ဆင်နေတာလည်း တွေ့တယ်။ ဝက်အူ တောင့် လုပ်တဲ့အခါ အခေါက်ကို ဖယ်ပစ်ရတယ်။ အဆီနဲ့ အသားကို ပေါက်(တောက်တောက် စင်း) တယ်။ ပေါက်ထားတဲ့ အသားကို ဆား၊ ကြက်သွန်ဖြူ၊ အချိုမှုန့်နဲ့နယ်တယ်။ ဂျင်းနဲ့ ကြက်သွန် နီ ပါလို့မရဘူး။ သိုးတတ်တယ်လို့ ဆိုတယ်။ ဖယ်ပစ်လိုက်တဲ့အခေါက်တွေကို ပြန်ရောင်းလို့ရတယ်။
ပြီးရင် ဝက်အူကို သန့်စင်ရတယ်။ ဝက်အူကတော့ ဒိုင်တွေက ဆိုင်အတွက် အမြဲချန်ထား ပေးတယ်။ ဝယ်လာတာလည်း နှစ်တွေမနည်းတော့ဘူးလေ။ သန့်စင်သွားတဲ့ ဝက်အူထဲကို ကတော့ နဲ့ အသားတွေ အစာသွပ်ရတယ်။ ပြီး ရင် ပြောင်းဖူးမ ျှင်လေးနဲ့ အထုံးလေးတွေ ဖြစ် အောင်ချည်တယ်။ အားလုံးပြီးသွားပြီဆိုရင် ဒယ်အိုးထဲထည့်ကြော်လိုက် တာပဲ။ ချက်ခြင်းလုပ်၊ ချက်ခြင်းကြော်တာဆိုတော့ ယမ်းစိမ်းတွေ၊ အရောင်ဆိုးဆေးတွေလည်း သုံးဖို့မလိုဘူး ။
ဝက်အူတောင့်ကြော်က ဒီအတိုင်းထားရင် သုံးရက်ခံတယ်။ ရေခဲသေတ္တာထဲမှာထားပြီး စားခါနီးမှ နည်းနည်းလေးပြန်နွေးစားမယ်ဆိုရင်တော့အကြာကြီးထားလို့ရတယ်။ ဆိုင်မှာ ထိုင်စားမယ်ဆိုရင် မန်ကျည်းအချဉ်ရေလေးနဲ့တို့စားရင် ရှယ်ပါပဲ။ ဖောက်သည်အများစုကတော့ ဝယ်သွားတာများ တယ်။ ဆိုင်ထိုင်မစားဘူး။
ဝက်အူတောင့်ကြော်ကိုရောင်းတော့ တစ်ထုံး( တစ်လုံး) ကို နှစ်ရာ။ တစ်ရာနဲ့ရောင်းတဲ့ဆိုင်တွေ လည်းရှိတယ်။ အဲဒါကျတော့ အသားကောင်းမပါဘူး။ အဆီများများ၊ အသားစနည်းနည်းပဲပါ တယ်။ အဲဒီဝက်အူတောင့်တွေကို ကြော်တဲ့အခါ ကျက်အောင်ကျော်လို့မရဘူး။ အဆီများတဲ့ အတွက် ကျက်အောင်ကြော်လိုက်ရင် ကျုံ့ပြီးသေးသေးလေးဖြစ်သွားတတ်တယ်။ ကျွန်တော် ကတော့ ဝက်သားကို ကျက်အောင်ကြော်မထားဘူးဆိုရင် ကျန်းမာရေးပြဿနာရှိနိုင်တယ် လို့ထင်တာပဲ။ တစ်ရာတန် စားမယ်ဆိုရင်တော့ ဆင်ဆင်ခြင်ခြင်စားပေါ့။
ဒီဆိုင်က တစ်နေ့ကို ဝက်သားငါးပိဿာပဲလုပ်တယ်။ တစ်နေ့စာ တစ်နေ့ ကုန်တယ်။ သင်္ကြန်ရုံးပိတ်ရက်ရှည်ဆိုရင်တော့ တစ်နေ့ ကို ဆယ့်ငါးပိဿာလောက်လုပ်တယ်။ ကျန်တဲ့အချိန်ကတော့ ပုံမှန်ငါးပိဿာထက်လည်းပိုမလုပ် ဘူး။ အလုပ်သမားလည်း မထားဘူး။ ဆိုင်လည်း ထပ်ချဲ့ဖို့ ရည်ရွယ်ချက်မရှိဘူးတဲ့။ အိမ်မှာ ထိုင်ရောင်းတာဆိုတော့ နာမည် ပျက်လို့မရဘူး၊ ခြေနိုင် လက်နိင်ပဲကောင်းပါတယ် လို့ဆို တယ်။ ရောင့်ရဲနိုင်တာ လား၊ ရှေးရိုးစဉ်လာ စီးပွားရေးအယူအဆပဲလား။
ကျွန်တော်ကတော့ ထိုင်လည်းစားခဲ့တယ်။ ကြိုက်လို့ အိမ်မှာစားဖို့လည်းဝယ်ခဲ့တယ်။
ဝက်အူချောင်း လတ်လတ်ဆတ်ဆတ် ဆိုတာ သပြေရိပ် ဝက်အူတောင့်ကြော် နဲ့မှာ ကြုံဖူးတော့ တယ်။ တကယ့်ဓာတုဆေးဝါးကင်းစင် သဘာ၀ ဝက်အူတောင့်ပဲ။ ကိုယ်စားမယ့် ဝက်အူတောင့် လုပ်တာ ကို မျက်မြင်ကြည့်ပြီးစားရတာလောက် ကောင်းတာဘယ်ရှိပါ့မလဲ။
ပြောင်းဖူးဖက်ကနေ အမ ျှင်လေးတွေထုတ်ပြီး ချည်နေတာ။
နောက်ဘက်မှာ ဝက်အူတောင့်ကြော်နေတာကို မြင်နိုင်ပါတယ်။