ပုဂံ အလှ နဲ့ ဘ၀ (၁၃)

ရွှေဥသြ

ရွှေစည်းခုံစေတီတော်စောင်းတန်းလေးဘက်ကို လှည့်ပတ်ကြည့်ရင်း ခြံဝင်းအဝမှာ ရွှေဥသြ ပုန်းရည်ကြီးလို့ရေးထားတဲ့ဆိုင်းဘုတ်တစ်ခုတွေ့တယ်။ ခြံထဲမှ စွတ်ကျယ် ချိုင်းပြတ်၊ မျက် မှန်နဲ့ ကိုယ်လုံးပြည့်ပြည့်လူတစ်ယောက်တွေ့တယ်။ သူ့နောက်ဘက်က ဂိုဒေါင်လို အဆောက်အအုံ ထဲ မှာ မီးဖိုတွေ၊ ဒယ်အိုးတွေနဲ့ ပုန်းရည်ကြီးကျိုနေတာကို လှမ်းမြင်နေရတယ်။

အလုပ်ရုံထဲ ဝင်ကြည့်လို့ရလားဆိုပြီးခွင့်တောင်းတော့ ခွင့်ပြုပါတယ်။ မေးသမ ျှလည်း ဖြေပေး ပါတယ်။ သူ့နာမည်က ကိုအောင်ဇော်မင်းတဲ့။ လက်ရှိ ဦးစီးလုပ်ကိုင်နေတဲ့သူပေါ့။ ဒီလုပ်ငန်း က ၁၉ ၆၄ ခုနှစ်မှာ မိဘတွေက စလုပ်ခဲ့တာ။ တကယ်တော့ အဖေ့ဘက်က မိဘတွေက ယွန်းထည် လုပ်ငန်းလုပ်တာ၊ အမေ့ဘက်က မိဘတွေက ပန်းထိမ်လုပ်ငန်းလုပ်တာ။ သားသမီးတွေကို အိမ် ထောင်ချပေးပြီးတဲ့အခါ လုပ်ငန်းတစ်ခုလုပ်ဆိုပြီး ပုန်းရည်ကြီးလုပ်ငန်းကို ထူထောင် ပေး ခဲ့တယ်။ ကိုအောင်ဇော်မင်းက ဒုတိယမျိုးဆက်ပေါ့။

အလုပ်ရုံရဲ့ အနောက်ဘက်မှာ ပဲသန့်စင်စက်တစ်လုံးတွေ့တယ်။ အရင်ကတော့ အမျိုးသမီး လုပ်သားတွေက ဆန်ကာနဲ့ ပဲသန့်စင်တာကို လုပ်တယ်။ အခုတော့ လုပ်သားရှားလာတယ်။ ပဲ သန့်မယ့်အစား ဟိုတယ်မှာ၊ စားသောက်ဆိုင်မှာ အလုပ်လုပ်တာက ပိုဝင်ငွေကောင်းတာကိုး။ ဒီလို နဲ့ လုပ်သားတွေနေရာမှာ စက်တွေအစားထိုးရတာပဲ။

ပဲသန့်စင်စက်ရှေ့မှာ ရေဆေးခုံတစ်ခုတွေ့တယ်။ သန့်စင်ပြီးတဲ့ပဲတွေကို အမှိုက်တွေ ၊ ဖုန် တွေစင်သွားအောင် ရေနဲ့ နှစ်ထပ်သုံးထပ်ဆေးရတယ်။ အဲဒီဘေးမှာ ပဲလှန်းဖို့ လုပ် ထားတဲ့ကွက်လပ်တစ်ခုရှိတယ်။ ရေဆေးခုံဘေးမှာ ဝါးတောင်းတွေထပ်ထားတယ်။

ပုဂံ ညောင်ဦးမှာတော့ ပုန်းရည်ကြီးကို ပဲပိစပ်နဲ့ပဲလုပ်တယ်။ အညာတစ်ချို့ဒေသတွေ မှာ တော့ ပဲလွန်း၊ ပဲကတ္တီပါတို့နဲ့လည်းချက်တယ်လို့ပြောတယ်။ ပုဂံ ညောင်ဦးဒေသမှာ ပုန်းရည်ကြီး ကို ဈေးကွက်တင်နိုင်အောင်စနစ်တကျလုပ်ခဲ့တာက ဇီးကွက်ပုန်းရည်ကြီး၊ ဦးချစ်ထွေးတဲ့ ။ ပုန်းရည်ကြီးလုပ်ငန်းအများဆုံးရှိတာက ငသရောက်ကျေးရွာအုပ်စု ဆည်ရွာ ဖြစ်ပြီး တစ်ရွာ လုံး နီးပါး ပုန်းရည်ကြီးလုပ်ငန်းလုပ်တယ်။

ပုန်းရည်ကြီးကို ပဲပိစပ်က လုပ်တယ်လို့ပြောတော့ ပဲပိစပ်နဲ့ ပဲပုပ် လွဲနေတဲ့အကြောင်းကိုလည်း ပြောမှဖြစ်မယ်။ Soya Bean ဆိုတာက ပဲပုပ်ပါ။ ပဲနို့ လုပ်တာ၊ စားသုံးဆီလုပ်တာဟာ ပဲပုပ် က လုပ်တာဖြစ်ပါတယ်။ ပဲပိစပ် ဆိုတာ အင်္ဂလိပ်လို Horse gram ဖြစ်ပါတယ်။ ပဲပိစပ်ကနေ ဆီကြိတ်တာ၊ ပဲနို့ထုတ်တာ မလုပ်ပါဘူး။ ဒါပေမယ့် သတင်းတစ်ချို့မှာ၊ ကြော်ငြာတစ်ချို့မှာ ပဲပိစပ်က လုပ်တယ် ဆိုပြီး ရေးနေတာတွေ့ရပါတယ်။ ပုဂံက စားသောက်ဆိုင်တစ်ချို့ရဲ့ ဟင်းလျာစာရင်းမှာ တောင် ပုန်းရည်ကြီးကို Soya Beans Paste လို့ရေးထားပါတယ်။ နောက်ဆုံး ဟိုတယ်/ခရီး ဝန်ကြီးဌာန ဝက်ဆိုက် https://tourism.gov.mm/mm/bagan/ မှတောင် ပုဂံအကြောင်းရေးတဲ့အခါ ပုန်းရည်ကြီးကို Soya Beans Paste ဆိုပြီး ဓာတ်ပုံနဲ့တင်ထား သေး တယ်။

အလုပ်ရုံထဲမှာ မီးဖိုနှစ်ဖိုရှိတယ်။ ပထမဖိုမှာက ထင်းမီးသုံးပြီး ဒန်အိုးကြီးတွေနဲ့ ပဲပြုတ်နေတယ်။ တစ်အိုး ကို ပဲတစ်တင်းထည့်ရတယ်။ ပဲနူးသွားတဲ့ အခါ အပေါ်ရည်ကို ပုန်းရည်ကြီးချက်တယ်။ ကျန်တဲ့အနှစ်တွေကို ဖယ်ပစ်လိုက်ရတယ်။ ဒါက တော့ မိရိုးဖလာလုပ်နည်းပေါ့။ ဒါပေမယ့် အနှစ်ကို ပါရောပြီး ပုန်းရည်ကြီးချက်တဲ့သူလည်း ရှိတာပေါ့။ အဲဒီလိုလုပ်ရင်တော့ ပုန်းရည်ကြီးပိုထွက်တယ်။ ပဲတစ်တင်းပြုတ်ရည်ကို ချက်လို့ ၇ ပိဿာရတယ်ဆိုရင် အနှစ်ပါရောချက်ရင် အချိန်နှစ်ဆယ်ကျော်လောက်ထွက်တယ်လို့ ဆိုတယ်။ ဒါပေမယ့် ပုန်းရည်ကြီးရဲ့ နူးညံ့မှုက ကွာသွားတယ်။ အရောင်ပိုမည်းပြီး အသားက မာမာခဲခဲ ဖြစ် နေတယ်တဲ့။

ဒီနေ့ပြုတ်နေတဲ့ ပဲတွေက မနက်ဖြန်မှ ချက်ရမှာ။ ပဲရည်ကို တစ်ညသိပ်ပြီးမှ မီးကျည်းနဲ့ နှပ်ထားပြီးမှ ချက်၊ သမားရိုးကျ နည်း။ အဲဒီလိုထားမှ ပုန်းရည်ကြီးက ညို့လာတယ်၊ ပုန်းရည် ကြီးဖြစ်တဲ့အခါ အသား အိတယ်တဲ့ ။ အချိန်မစောင့်နိုင်တဲ့သူတွေကတော့ ဒီနေ့ပြုတ်၊ ဒီနေ့ ချက် တာပဲ။ ဒါပေမယ့် အရည်အသွေးကျတော့ ကွာသွားတယ်။

ကျွန်တော်ကြည့်နေချိန်မှာပဲ ဖိုသမားတစ်ယောက်က ပဲပြုတ်ရည်တွေကို ခပ်ကြည့်လိုက်၊ပဲအနှစ် တွေကို ယူကြည့်လိုက်၊ရေထည့်သင့်ထည့်လိုက်လုပ်နေတာကို တွေ့ရတယ်။ ပဲ အနူးအနပ်ကို စစ်နေတာ။ သူလိုချင်တဲ့ အနေအထားရောက်ရင် ပဲအနှစ်တွေကို ဆန်ကာနဲ့ စစ်ပြီးဖယ်လိုက် မယ်။ ပြီးရင် ပဲပြုတ်ရည်ကို မီးကျည်းခဲနဲ့နှပ်တော့မယ်။

ဒီနေရာမှာ ဘယ်နှစ်နာရီပြုတ်ရင် ရပြီဆိုတာမျိုးဖော်မြူလာမရှိဘူး။ ပဲကလည်း ကုန်းပဲ၊ ကျွန်း ပဲ ဆိုပြီး ကွဲသေးတယ်။ ကျွန်းပဲဆိုတာက ရေစကြို၊ မြောင် ၊ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ဆုံ ကျွန်း တွေဘက် ထွက်တာ၊ နူးညံ့တယ်။ ကုန်းပဲက အခုတော့ ပျဉ်းမနား၊ဧလာဘက်က ထွက် တယ်။ ကုန်းပဲက ရင့် (မာ) တယ်။ ပဲကို တစ်နှစ်စာဝယ်လှောင်ထားတယ်။ ကုန်းပဲ၊ ကျွန်းပဲ ခွဲ ထားရတယ်။ ပဲအမျိုးအစားပေါ်မူတည်ပြီး ပြုတ်ရတဲ့အချိန်ကွာတယ်။ ဒါ့အပြင် ထင်းကလည်း အသားမာ၊ အသားပွ မျိုးစုံပါလာတာဆိုတော့ အသားပေါ်မူတည်ပြီး မီးအပြင်း၊ အပျော့က မတူ ဘူး။ ဒီတော့ အချိန်ကျမကျဆိုတာကို အတွေ့အကြုံပေါ်မူတည်ပြီး အာရုံငါးပါးနဲ့ ခံစား ဆုံးဖြတ်ရတယ်။

ဒုတိယမီးဖိုမှာတော့ ဒယ်အိုးတွေနဲ့ ပုန်းရည်ကြီးကျိုနေတယ်။ ဒီဖိုမှာတော့ ထင်းမီး မသုံးဘူး။ မြေပဲခွံလောင်စာနဲ့ သုံးတယ်။ ဒီအဆင့်မှာက ရေခန်းအောင်ကျိုရတယ်။ ရေခန်း ပြီး ပုန်းရည်ကြီးအသားကျပြီဆိုတာနဲ့ မီးကို ရပ်လိုက်ရတယ်၊ မြေပဲခွံက လောင်စာဝင်တဲ့အပေါက်ပိတ် မီးဖြတ်လိုက်တာနဲ့ ချက်ခြင်းမီးသေသွားတယ်။ မီးခဲကျန်တာမရှိဘူး။ ထင်းသုံးလို့ရှိရင် မီးအရှိန်မသေတဲ့အတွက် ပုန်းရည်ကြီးခပ်တဲ့အချိန်မှာ ချိုးကပ်တတ်တယ်တဲ့။

မီးဖိုနှစ်ခုကြားမှာ စဉ့်အိုးသုံးလုံးရှိတယ်။ အဲဒါတွေက ပဲပြုတ်ရည်ကိုပဲ အချဉ်ဖောက်ထားတာ။ ပုန်းရည်ကြီးကျိုတဲ့အခါ အဲဒီအချဉ်ထည့်ပေးရတယ်။ အဲဒီသဘာဝအချဉ်ထည့်ကျိုမှ ပုံးရည်ကြီး အသားကောင်းတယ်။ အထားခံတယ်။ အချဉ်ထည့်တဲ့လက်ဆပေါ် မူတည်ပြီးတော့ ပုန်းရည်ကြီး အဆိမ့်၊ အချဉ်ကွဲပြားသွားတယ်။ ပုန်းရည်ကြီးတံဆိပ်တစ်ခုနဲ့တစ်ခု အရသာမတူဘူး။ တစ်ချို့ က အဆိမ့်ဘက်ကဲတယ်။ တစ်ချို့က အချဉ်ကဲတယ်။ ကိုယ့်တံဆိပ်မူပိုင်အရသာမပြောင်းအောင် စပ် တာကလည်း ဖော်မြူလာမရှိဘူး။ ပဲအခြေအနေ၊ အချဉ်ရေအခြေအနေပေါ်မူတည်ပြီး လ ျှာနဲ့ ဆုံး ဖြတ်ရတာ။ ဒါကတော့ လူတိုင်းကို ခိုင်းလို့မရဘူး။ ပိုင်ရှင်ကိုယ်တိုင်လုပ်ရတယ်။ ဒီအလုပ်ရုံ မှာ ဆိုရင်တော့ ကိုအောင်ဇော်မင်းပေါ့။

ဒီလိုပဲ၊ ပုန်းရည်ကြီးကျိုတဲ့အခါ ရေကုန်အောင်ကျိုရတယ်။ ရေကုန်၊ မကုန်ဆိုတာ စမ်းသပ်တဲ့ ကရိယာကတော့ လက်ရယ်၊လ ျှာရယ်ပဲ။ ရေမကုန်ဘူးဆိုရင် အထုပ်ထဲရောက်တဲ့အခါ မှို တက် တတ်တယ်။ ဖိုဆရာက မွှေလိုက်၊ ရေကျန်မကျန်စမ်းလိုက်၊ စိတ်ကြိုက်အနေအထားရောက် ပြီ ဆိုရင် မီးဖြတ်ပြီး ပုန်းရည်ကြီးခပ်ဖို့လုပ်ရတယ်။ မီးဖြတ်တာစောသွားလို့ ရေကျန်တာမျိုးဖြစ် ရင် တစ်မီးလောက်လိုသွားတယ်လို့ပြောလေ့ရှိတယ်။

ဒီလုပ်ငန်းစဉ်တစ်ခုလုံးက အတွေ့အကြုံနဲ့ အာရုံငါးပါးခံစားမှုကို အခြေခံပြီးလုပ်ရတာဆိုတော့ နိုင်ငံခြားသားတွေကို ရှင်းပြရတာအတော်ခက်တယ်။ တစ်ခါက ပဲပိစပ်ကနေ စားသောက်ကုန် ထုတ်လုပ်တာတွေကို သုတေသနလုပ်နေတဲ့ နိုင်ငံခြားသူတစ်ယောက် ရွှေဥသြအလုပ်ရုံက လာလေ့လာတဲ့အခါ ဒီမှာလုပ်နေတာတွေကို မြင်ပြီး အတော်အံ့သြသွားတယ်တဲ့။

အလုပ်ရုံဘေးမှာ ပုန်းရည်ကြီးအရောင်းဆိုင်လည်းရှိတယ်။ ပြီးခဲ့တဲ့ သုံးလလောက်ကတော့ ဘုရား ဖူးတွေလည်းမလာ၊ ရန်ကုန်၊ မန္တလေး လို့ ဖောက်သည်များတဲ့မြို့တွေမှာလည်း ဈေးတွေကလည်း ပိတ်ထားဆိုတော့ အမှာ မရှိတဲ့အတွက် ပုန်းရည်ကြီးလုပ်ငန်းတွေလည်းရပ်ထားခဲ့ရတယ်။ အလုပ်သမားတွေကို လစာ မပေးနိုင်ပေမ့ယ် ဆန်၊ ဆီတော့ထောက်ပံ့ပေးရတယ်။ အခုတော့ အမှာနည်းနည်း ရှိလာလို့ အလုပ်ရုံပြန်လည်တာလေးငါးရက်ပဲရှိသေးတယ်။

ပုန်းရည်ကြီးဆိုတာကလည်း မစားမဖြစ် အရာမဟုတ်တော့ ခုလိုအချိန်မှာ တခြားမြို့တွေ က အမှာ နည်းတယ်။ ဘုရားဖူးပဲအားပြုရောင်းနေရမှာ။ ကိုဗစ်ကတော့ ဘယ်သူ့ကိုမှ အလွတ် မပေးဘူး။ ဥပမာ။ ပုံမှန်ဆိုရင် အခုလို နှစ်ဦးပိုင်းအချိန်တွေက အညာမှာ အလှုအတန်းတွေများတဲ့အချိန်၊ အညာအလှုမှာ အဓိက ကျွေး တာက ငါးခြောက်ထောင်းကြော်၊ ဒါမှမဟုတ် ငါးကြင်းပေါင်း။ ကျွေးတာကလည်း အလှကျွေး တာမဟုတ်ဘူးလေ။ ကိုယ့်ရွာရော၊ ရွာနီးချုပ်စပ်ပါ မီးခိုးတိတ်ကျွေးတာဆိုတော့ ငါးခြောက် နဲ့ ငါးကြင်းဝယ်လိုအားကို စဉ်းစားသာကြည့်ပေတော့။ ကိုဗစ်ကြောင့်အလှုတွေ ၊ ဘုရားပွဲတွေမလုပ်ရတော့ ငါးခြောက်လုပ်ငန်း နဲ့ ငါးလုပ်ငန်းတွေ ရောင်းအားကျတာပေါ့။ ကိုဗစ်ကာလမှာ ညောင်ဦး ကမ်းပါးပြိုတာနဲ့ စမ္ဗာနဂိုရ်က နွားမပေါင် ကျိုးတာ ဘာဆိုင်လဲလို့ ပြောလို့မရတော့ဘူး။ အားလုံး တစ်နွယ်ငင် တစ်စင်ပါပဲ။

ပုန်းရည်ကြီးဆိုင် ကောင်တာ အပေါ်မှာ တံဆိပ်လေးတစ်ခုကို ပလတ်စတစ်လောင်းပြီး တွဲ လောင်းဆွဲထားတယ်။ မူလလက်ဟောင်း ရွှေဥသြပုန်းရည်ကြီးတံဆိပ်၊ အဲဒီအချိန်က တော့ ပလတ်တစ်အိတ်ထဲမှာထည့်၊ တံဆိပ်ကပ်ပေးတဲ့ခေတ်ပေါ့။ အခုတော့ ထုတ်ပိုးမှုတွေက ခေတ်မီ လာပြီ။ အဲဒီတံဆိပ်ကို ရန်ကုန်မှာ သွားလုပ် တော့ ပန်းချီဆရာကို အပ်တာ၊ ဘလောက်လုပ်တာ၊ ပုံနှိပ်တာ တစ်လလောက် ကြာ သတဲ့။

အရောင်းကောင်တာနောက်မှာ ရေတွင်းတစ်ခုရှိတယ်။ မိဘတွေလက်ထက် ပုန်းရည်ကြီးလုပ်ငန်း လုပ်တဲ့အချိန်မှာ သုံးခဲ့တဲ့ရေတွင်း၊ အခုတော့ အဝီစိတွင်းရေကို သုံးနေပြီ၊ ရေတွင်းကိုတော့ ဒီအတိုင်းပဲထိမ်းသိမ်းထားတယ်။

ရေတွင်းအပေါ်မှာ ဆိုင်းဘုတ်တစ်ခုရှိတယ်။ အမည်းဘက်များတဲ့အစိမ်းရောင်ရင့်ရင့် နောက်ခံမှာ အဖြူရောင်၊ အဝါရောင်တွေနဲ့ “ သဘာ၀ အဟာရ ဓါတ်မပျက်စီမံထုတ်လုပ်သော ရွှေဥသြ ပုန်းရည်ကြီး၊ ပင်ရင်း ကိုရွှေ၊ မထွန်း သားသမီးများ၊ ငါးမျက်နှာရပ်၊ ညောင်ဦးမြို့” ဆိုတဲ့ ဆိုင်းဘုတ် ရှိတယ်။ ဒီဆိုင်းဘုတ်က နှစ်လေးဆယ်ကျော်ပြီ။ အခုထိ အရောင်စိုတုန်း၊ ဆေးသားခိုင်တုန်း။

ဒီဆိုင်းဘုတ်ကို ရေးတဲ့ ပန်းချီဆရာကြီးက ဦးဘသိုင်းတဲ့။ သူ့ဆီမှာ အလုပ်အပ်ရင် ဘယ်နေ့ လို ချင်တယ်လို့ပြောလို့မရဘူး။ သူစိတ်ကြိုက်ဖြစ်တဲ့အချိန်ရမှာပဲ။ သူရေးရင် ဒီနောက်ခံအရောင်ပဲ သုံးတာများတယ်။ သူ သွပ်ပြားကို သွပ်ရည်ကုန်အောင် မြင်းချေးသုတ်ပြီး တစ်ပတ်လောက်ထား တယ်။ သွပ်ရည်ကုန်ပြီဆိုမှ ခံဆေးသုတ်တယ်။ ပြီးရင်တစ်ပတ်လောက်ထားတယ်။ မကြိုက် သေးရင် ခံ ဆေးထပ်သုတ်တယ်။ လုပ်ငန်းတစ်ဆင့်ချင်းကို စိတ်ရှည်လက်ရှည်လုပ်တဲ့အတွက် အချိန် ကြာ တယ်။ ဒါပေမယ့် ကြာကြာခံတယ်။

ဒီဆိုင်းဘုတ်ကို မြင်တော့ တစ်ရက် ၊နှစ်ရက် နဲ့အပြီးရေးတဲ့ ခေတ်သစ်ဆိုင်းဘုတ်တွေကို သတိရ တယ်။ စာလုံး ဒီဇိုင်းဆန်းတယ်။ အရောင်လွင်တယ် ၊ အမြန်ရ၊ အမြင်လှတယ်။ ဒါပေမယ့် တစ်နှစ်လောက် နေရင် ဆေးသားကွာမယ်၊အရောင်လွင့်သွားမယ်။

ဆိုင်းဘုတ်တောင်မှ အခြေခိုင်မှ ရေရှည်ခံပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: