ဒါန ဘဏ်
ပုဂံ ညောင်ဦးမှာ ဘုရား၊ ပုထိုးစေတီတွေများသလို ဘုန်းကြီးကျောင်းတွေလည်းများတယ်။ အဲဒါ ကြောင့် ပုဂံ ညောင်ဦး ခရီးစဉ်မှာ သံဃာတော်တွေကို ဆွမ်းလှုမယ်လို့ ဆုံးဖြတ်ခဲ့ တယ်။ ညောင်ဦး ကားဂိတ်ကိုရောက်တော့ လာကြိုတဲ့ ကိုဝင်းခိုင်ကို ကျောင်းတိုက် တစ်တိုက်မှာ သွားလှုတာမျိုးမလုပ်ချင်ဘူး၊ ဘယ်ကျောင်းတိုက်၊ ဘယ်သံဃာရယ်လို့ အစွဲ မထားဘဲလှုချင် တယ် လို့ပြောတော့ သူက အရုဏ်ဆွမ်း၊ နေ့ဆွမ်းလှုလို့ရတဲ့နေရာတွေကို ပြောပြတယ်။
သူပြောတဲ့အထဲက ဒါနဘဏ် ဆွမ်းလောင်းအသင်းကို ရွေးလိုက်တယ်။ ဒါနဘဏ် ဆွမ်းလောင်း အသင်းဆိုတာက အတိုခေါ်လိုက်တာပါ။ အမည်အပြည့်အစုံက ဒါနဘဏ် သာသနဟိတ နုဂ္ဂဟ အသင်းဖြစ်ပါတယ်။ ရွေးလိုက်တဲ့အကြောင်းကတော့ ဒါနဘဏ် ဆွမ်းလောင်းအသင်းက ကြွလာ တဲ့ သံဃာတော်များ၊ကိုရင်များကို ဆွမ်း၊ဟင်းအပြည့်အစုံနဲ့ အရုဏ်ဆွမ်းလောင်းတဲ့အတွက် ဖြစ် ပါတယ်။ ကျွန်တော်ကတော့ နေ့ဆွမ်းဆိုရင် လှုတဲ့သူများတယ်။ မပြည့်စုံ တဲ့ကျောင်းတိုက် တွေမှာဆိုရင် အရုဏ်ဆွမ်း အခက်အခဲရှိနိုင်တဲ့အတွက် အရုဏ်ဆွမ်း ပိုလှုသင့်တယ်လို့ ယူဆတယ်။ နောက်ပြီး အရုဏ်တက် ချိန် ဆွမ်းခံကြွလာတဲ့ သံဃာတော်တွေကို ကြည်ညိုပူဇော်ရတဲ့ ကြည်နူးမှုကိုလည်း နှစ်သက်တာလည်းပါပါတယ်။
ဒါနဘဏ်ဆွမ်းလောင်းအသင်းက ညောင်ဦး မဏိစည်သူဈေးအလွန် မှာရှိတယ်။ သူ့ဘေးမှာ ညောင်ဦးကားအသင်းလက်မှတ်ရောင်းတဲ့ရုံးရှိတယ်။ ဒါနဘဏ်ဆွမ်းလောင်းအသင်းကို ၁၉ ၈၇ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပြီး မနက်တိုင်း သံဃာတော်တွေကို အရုဏ် ဆွမ်းလောင်းခဲ့တယ်။ အလှုရှင်မရှိရင် အသင်းငွေပဒေသာပင်ကနေ လှုတယ်။
အသင်းမှာတွေ့ရတဲ့ ၂၀၁၉ ခုနှစ် လစဉ်ဆွမ်းလောင်းလှုကုန်ကျငွေစာရင်းကို ကြည့်လိုက်တော့ ၂၀၁၉ ခုနှစ်မှာ အရုဏ်ဆွမ်းအတွက် အလှုရှင်လှုဒါန်းငွေက သိန်းလေးရာ့လေးဆယ်ကျော်၊ အသင်းပဒေသာပင်က လှုဒါန်းငွေ ၃၁၅ သိန်းကျော်ကုန်ကျတာကိုတွေ့ရတယ်။ တစ်လကို ပ ျှမ်းမ ျှ ဆွမ်းစရိတ် သိန်း ခြောက်ဆယ်ကျော်လောက်ရှိတဲ့သဘောပါ။ အရုဏ်ဆွမ်းခံကြွလာတဲ့ သံဃာအပါးနှစ်ရာ လောက်ရှိတယ်။ ဝါတွင်းဆိုရင် သုံးရာကျော်ရှိတယ်တဲ့။
ဒါနဘဏ်က အလှုရှင်အနေနဲ့ တစ်ရက်စာအတွက် ဘယ် လောက်လှုရမယ်လို့သတ်မှတ် မထားဘူး။ ကိုယ်လှုချင်တဲ့ငွေပမာဏနဲ့ ကျွေးချင်တဲ့ ဟင်းလျာစာရင်းပြောရင်ချက်ပေးတယ်။ ဒါမှမဟုတ် တတ်နိုင်သလောက်လှုဒါန်းရင်လည်း အသင်း က လိုတဲ့ငွေကို ထပ်ဖြည့်ပြီး ချက်ပြုတ် လှုဒါန်းပါတယ်။ တစ်ချို့အလှုရှင်တွေက အရုဏ်ဆွမ်း မလောင်းဘဲ ငွေပဒေသာပင်အတွက် လှုဒါန်းတာ လည်းရှိတယ်။ အသင်းမှာ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၉ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ထာဝရပဒေသာပင်လှုဒါန်းသူ ၄၉ ၇ ဦး အမည် နဲ့ လှုဒါန်းငွေတွေ မှတ်တမ်းတင်ထားတာ လည်းတွေ့ခဲ့ ရတယ်။
ကျွန်တော်က အသားဟင်းတစ်မျိုး၊ အသီး အရွက်ဟင်းတစ်မျိုး နဲ့ အရန်ဟင်းတစ်ခွက်လှုဒါန်းဖို့ အတွက် ခန့်မှန်းပြီးလှုပါတယ်။ ဆွမ်းလောင်းပြီး တဲ့အခါ အသင်းက စာရင်းရှင်းတမ်းနဲ့ ပိုငွေကို ပြန်ပေးတယ်။ စာရင်းရှင်းတမ်းက နံနံပင် ၅၀၀ ဖိုး ဝယ်တာအထိ အပြည့်အစုံလုပ်ပေးထားတာ အတော်စနစ်ကျပါတယ်။
ကျွန်တော်လှုဒါန်းခွင့်ရတာက ဇူလိုင်လ ၃၀ ရက်နေ့၊ မနက်လေးနာရီကျော်ကျော်လောက် အရောက်သွားရပါတယ်။ အဲဒီအချိန်မှာ အသင်းတာဝန်ရှိသူတွေက ဆွမ်းလောင်းဖို့ အတွက် ပြင်နေပြီ၊ ဆွမ်းထမင်းအိုးကြီးနှစ်အိုး၊ အမဲနှပ်ဟင်းတစ်အိုး၊ ခရမ်းသီးချက်တစ်အိုး၊ ရှောက်ချဉ် သုပ်တစ်အိုးပြင်ထားတယ်။
မနက်လေးနာရီခွဲမှာ သံဃာတော်တွေ၊ ကိုရင်တွေ ကြွလာကြတယ်။ တစ်ချို့က တစ်ပါးတည်း၊ တစ်ချို့က နှစ်ပါး၊ သုံးပါး၊ နည်နည်းလှမ်းတဲ့ကျောင်းတွေကတော့ ဒကာတွေစီစဉ်ပေးတဲ့ လိုက် ထရပ်လေးတွေနဲ့ ကြွလာကြတယ်။ ရွှေကူမိဘမဲ့ ပရဟိတကျောင်းကတော့ ဆယ်ဘီးကားကြီး နဲ့ ကြွလာကြတယ်။ ကိုရင်လေးတွေ အပါးခြောက်ဆယ်လောက်ရှိမယ်။ သပိတ်မနိုင့်တနိုင်နဲ့ ကိုရင် လေးတွေထဲမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ရာဒေသတွေက ကိုရင်လေးတွေလည်း ပါ တယ်။ ရင်နင့်စွာနဲ့ ကြည်နူးရတဲ့မြင်ကွင်းပေါ့။
ငါးနာရီကျော်တော့ အရုဏ်ဆွမ်းလောင်းလို့ ပြီးသွားတယ်။ အသင်းက တာဝန်ရှိသူတွေကို ကျေး ဇူးတင်ကြောင်းပြောပြီးပြန်ခဲ့တယ်။ လုပ်ငန်းတစ်ခုကို နေ့စဉ်ဝတ်မပျက်ဆောင်ရွက်နိုင်ဖို့ ဆို တာ မလွယ်ပါဘူး။ ဒီလို စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်တွေရှိနေတဲ့အတွက် ရဟန်းသံဃာတွေ ဆွမ်းကွမ်း မပူ ပင်၊ မကြောင့်ကြ ရတာဖြစ်ပါတယ်။
ဆွမ်းလောင်းရတာ အားလုံးအဆင်ပြေပေမယ့် စိတ်ထဲမှာ တစ်ခုကျန်နေတယ်။ ဆွမ်းလောင်းနေ ချိန်မှာ အမဲနှပ်ဟင်းနဲ့ ခရမ်းသီးချက် အနံ့က လူကို ကလူ၏သို့၊ မြှူ၏သို့၊ လုပ်နေတာ ဆွမ်းလောင်း ပြီး တဲ့အချိန်ထိ မပျောက်ဘူး။ ဒါနဲ့ ဟိုတယ်အပြန်လမ်းမှာ ကိုဇော်ကြီးရာ၊ အမဲသားနှပ်နဲ့ ခရမ်းသီးချက်က မွှေးလိုက်တာဗျာ၊ စားချင်လိုက်တာလို့ ပြောမိတယ်။ ကိုဇော်ကြီးက ပြီးရင် အလှုရှင်တွေကို ကျွေး တယ်။ စောသေးတာနဲ့ ဆရာမစားဘူးထင်လို့ ဆိုပြီး ပြန်ပြောတယ်။ သူ့ဖြေသံကြားတော့ ကိုယ့်နဖူးကိုယ်ရိုက်ပြီး ကိုဇော် ကြီးရာ ၊အဲဒီမှာမစားလည်း ချိုင့်လေးနဲ့ထည့်ယူလာပြီး ထမင်းကြော်လေးနဲ့များစားလိုက်ရရင် ဆိုပြီး ငိုသံပါနဲ့ ပြောမိတယ်။
“တပ်မက်မှု ‘တဏှာ’ အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်ရ၏” ဆိုတာအမှန်ပဲ။ အဲဒီ နေ့တစ်နေ့လုံး အမဲနှပ်နဲ့ ခရမ်းသီးချက်ကိုပဲ သတိရနေမိတယ်။