သံတဲကမ်းခြေဆိုတာ ဇွဲဘာ ကုန်းတန်းကနေ မိနစ်နှစ်ဆယ်လောက်ပဲမောင်းရတယ်။ ကွန်ကရစ်လမ်း ခင်းထားတာမကြာသေးဘူး။ မနှစ်ကမှ ပြီးသွားတာ။ သံတဲ ရွာထဲကို ဝင်လိုက်တာနဲ့ အမှိုက်တွေကို စနစ် တကျစွန့်ပစ်ဖို့ သတိပေးထားတဲ့စာတွေတွေ့ရတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန လူထု ဗဟိုပြု စီမံကိန်းနဲ့ပတ်သက်တဲ့ ပိုစတာတွေတွေ့တယ်။ ဒီစီမံကိန်းအရ သံတဲ ရွာတွင်း လမ်းတွေ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၁၇ ခုနှစ်မှာ ဆောင်ရွက်တယ်ဆိုတဲ့ ကျောက်တိုင် တစ်ခု တွေ့တယ်။
သံတဲ ကမ်းခြေရဲ့ ထူခြားချက်ကတော့ ကမ်းခြေမှာ ရှိတဲ့ အုတ်တိုင်ကြီးတစ်ခုပဲ။ အရင်ကတော့ အဲဒီ အုတ်တိုင်ကြီးကို အစွဲပြုပြီး ကျောက်တိုင်ကမ်းခြေလို့ခေါ်ကြတယ်။ ဒီအုတ်တိုင်ကြီးနဲ့ ပတ်သက်ပြီး တစ်ချို့က ငဇင်ကာ သံလျင်ကို သိမ်းပြီးတဲ့နောက် သူပိုင်တဲ့ နယ်နမိတ်အပိုင်း အခြားကို နယ်ခြားမှတ်တိုင်အဖြစ် စိုက်ခဲ့တာလို့ဆိုတယ်။
တစ်ချို့ကတော့ အင်္ဂလိပ်ကိုလိုနီခေတ်က သံတဲမှာ လက်ရှိတွေ့နေရတဲ့ မီးပြတိုက်ကို မဆောက် ခင်မှာ ဒီအုတ်တိုင်ကနေ မီးပြခဲ့တာလို့ဆိုတယ်။ ဒီအုတ်တိုင်ကြီးနဲ့ပတ်သက်ပြီး တဘောင်လိုလို ပြောတဲ့စကားလည်းရှိတယ်။ အဲဒါကတော့ “ဒီအုတ်တိုင်ကြီးစောင်းနေတာ။ သူ့ အလိုလို ပြန်တည့်သွားလိမ့်မယ်၊ အဲဒီအချိန်ကျရင် သံတဲရွာက ကြက်ပျံမကျစည်ကားလိမ့်မယ်ဆို”တဲ့ စကားပဲ။
ကမ်းခြေမှာ ငါးဖမ်းပိုက်ဖာနေတဲ့ အမျိုးသမီးအုပ်စုထဲက အသက်ခြောက်ဆယ်ကျော် အမျိုးသမီး ကြီးကတော့ ဒီတဘောင်ကို ယုံယုံကြည်ကြည်နဲ့ ပြောပြတယ်။ သူငယ်ငယ်က ဒီတိုင်ကြီးက စောင်းနေတာ၊ ဒီအပေါ်ကို ဆိတ်တွေတက်လို့ရတယ်။အဲဒီကနေ တစ် ဖြေးဖြေးပြန် ထောင်လာတာ အခုတော့ လုံးဝမတ်သွားပြီ။ အဲဒီလိုဖြစ်ပြီးတာနဲ့ သံတဲကို ကားလမ်း ပေါက်၊ အပန်းဖြေစခန်းလုပ်မယ်ဆိုပြီး ဖြစ်လာတယ်။ ရန်ကုန်က သူဌေးတွေတောင်မြေကွက်တွေ လာဝယ်နေပြီလို့ ဆိုတယ်။
ဇွဲဘာကမ်းခြေမှာ တွေ့ခဲ့သူတစ်ယောက်ကလည်း အဲဒီတဘောင် အကြောင်းပြောပြခဲ့တယ်။ အဲဒီအုတ်တိုင်ကြီးတည့်သွားတာနဲ့ သံတဲမြေ တစ်စလောင်း ( စလောင်း ဖုံးတစ်ချပ်စာ) ငွေ တစ်သောင်းဆိုပြီး စာဆိုရှိတယ်တဲ့။ သံတဲ ကမ်းခြေမှာစိုက်ထားတဲ့ “ အိမ်ခြံမြေ ကျူးကျော် မဆောက်ရ၊ တရားမဝင်မြေအရောင်းအဝယ်စာချုပ်ချုပ်ဆို ရောင်းချခြင်းမပြုရ” ဆိုတဲ့ ဆိုင်း ဘုတ်ကလည်း သူပြောတဲ့စကားကိုထောက်ခံနေသလိုပဲ။
ဒါပေမယ့် အောက်ခြေမှာ အုတ်မြစ်ချဆောက်ထားတဲ့ အုတ်တိုင်ကြီးတစ်ခုဟာ အလိုလို ထောင် မတ်လာတယ်ဆိုတာမဖြစ်နိုင်ဘူး။ ဆက်စုံစမ်းကြည့်တော့ သံတဲရွာထဲက လူကြီး တစ်ယောက်ကတော့ အရင်က သံတဲ ကမ်းခြေက အခုလို ပြန့်မနေဘူး။ အုတ်တိုင်ကြီးက မြေကြီးထဲမှာ မြုပ်နေတာ။ ဒါ့ကြောင့် ဆိတ်တွေက အလွယ်တကူတက်လို့ရတယ်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ ရေတိုက်စားတော့ ကမ်းပါးတွေပြိုပြီး အုတ်တိုင်ကြီးက ဖြေးဖြေးချင်း ပြန်ပေါ်လာတာ။ ၂၀၀၈ နောက်ပိုင်းရောက်တော့ အခုမြင်ရတဲ့ပုံစံဖြစ်သွားတာ။ ပြန်ထောင် လာတယ်ဆိုတာက တဖြည်းဖြည်းနဲ့ စကားတွေ ကားလာတာပါလို့ ဆိုတယ်။ သူပြော တာ ယုတ္တိရှိတယ်။
သံတဲကမ်းခြေကို ခရီးသွားလုပ်ငန်းအတွက် ပြင်ဆင်ခဲ့တာ ဒီနှစ်မှစတာပါ။ စပြီး မကြာခင်မှာပဲ ကိုဗစ် ၁၉ ဖြစ်လာလို့ အရှိန်ရပ်သွားခဲ့တယ်။ အရင်ကတော့ သင်္ကြန်ဆိုရင် ကျောက်တန်း ၊ ခရမ်း သုံးခွ နဲ့ ဒေသခံတွေပဲပျော်တဲ့နေရာပေါ့။ သံတဲကမ်းခြေက ဇွဲဘာကမ်းခြေထက်ပိုကျယ်တယ်။ မြေ ပြန့်တယ်။ အပန်းဖြေစခန်းလုပ်ဖို့ အခြေအနေပိုကောင်းတယ်။
သံတဲကမ်းခြေဖွံ့ဖြိုးရေးအတွက် အဓိက မောင်းနှင် အား ကတော့ ကျောက်တန်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးလို့ ဆိုတယ်။ ငါးဖမ်းပိုက် ဖာနေတဲ့အမျိုးသမီးကြီး တွေကတော့ အခုရွေးကောက်ပွဲမှာ လသာ မြို့နယ်က ဝင်ပြိုင်တဲ့ ဒေါ် အေးမြမြမျိုးကို သတိရနေပုံပဲ။ ဆရာမကို ကျောက်တန်းမှာ ပြန်အရွေးခံစေချင်တာလို့ ပြောတယ်။
သံတဲကမ်းခြေမှာနောက်ထပ် ထင်ရှားတဲ့သင်္ကေတကတော့ ကမ်းပေါ်တင်ထားတဲ့ သစ်သား လှေ ပျက်ကြီးပဲ။ ဒီလှေကြီးက ၂၀၁၈ ခုနှစ်မှာ စစ်တွေမြို့ ဒုက္ခသည်စခန်းတွေက ထွက်ပြေးပြီး မလေးရှားကို သွားဖို့ကြိုးစားတဲ့ လှေစီးပြေးဒုက္ခသည်တွေရဲ့လှေဖြစ်ပါတယ်။ ပင်လယ်ပြင် မှာ တစ်လနီးပါးကြာပြီးမှ ဆီပြတ်ပြီး သံတဲသောင်ပြင်ကို လာတင်တာ။ လှေပေါ် မှာ အမျိုးသား၊ အမျိုးသမီး၊ ကလေး တစ်ရာကျော်ပါတယ်လို့ ဆိုတယ်။ ပုံမှန် လူသုံးဆယ် လောက်ပဲ တင်မယ့် လှေပေါ်မှာ လူတစ်ရာကျော် လိုက်ပါပြီး ပင်လယ်ပြင်ကို စွန့်စွန့်စားစား ဖြတ်ကျော် ဖို့ ကြိုးစားတာဟာ အကြောင်းမဲ့တော့မဟုတ်ဘူး။ အဲဒီအကြောင်းအရင်းတွေကို မဖြေရှင်းနိုင်သရွေ့ ဒီလိုလှေပေါင်းများစွာတွေ့နေရဦးမှာပါ။ သံတဲ ကမ်းခြေက လှေပျက်ကြီးက လာတဲ့သူတွေကို ဒီလိုပဲ ကြည့်နေ တော့မှာလား လို့ မေးနေသလိုပဲ။
ဇွဲဘာ ကမ်းခြေ၊ သံတဲကမ်းခြေ ဒေသတွေက ရန်ကုန်နဲ့ နေ့ချင်းပြန်သွားလို့ရတယ်။ ကျောက် တန်းမြို့နယ်ထဲမှာရှေးဟောင်း ဂဝံယဉ်ကျေးမှုထွန်းကားခဲ့တဲ့နေရာတွေအများကြီးရှိတယ်။ ဒါ့ကြောင့် ခရီးသွားလုပ်ငန်းဖွံဖြိုးနိုင်မယ့် အခြေအနေကောင်းတွေရှိတယ်။
ဒါပေမယ့် အဲဒီဒေသတွေက ၂၀၁၄ ခုနှစ် ကျောက်တန်း- တံတားမြို့လမ်း ဝဲကြီးကျေးရွာ မှာ မှော်ဝန်းချောင်းကူးတံတားမဆောက်ခင်အထိ လမ်းပန်းဆက်သွယ်ရေးခက်ခဲတယ်။ ကားလမ်း တိုက်ရိုက်မပေါက်ဘူး။ ကားနဲ့သွားချင်ရင် သုံးခွဘက်က လှည့်သွားရတယ်။
တံတားဆောက်ပြီးတော့ ကျောက်တန်းကနေ တံတားမြို့၊ ကျောက်တန်းကနေ ဇွဲဘာကမ်းခြေ၊ သံတဲကမ်းခြေတွေကို တိုက်ရိုက်သွားလို့ရပြီ။ ဒါပေမယ့် ခရီးဝေးသေးတယ်။ တကယ်လို့ ကျောက်တန်း တစ်ဖက်ကမ်း ပန်းတော ကူးတို့ဆိပ်နေရာမှာ မှော်ဝန်းချောင်းဖြတ်တံတား တစ်ခု ထပ်ဆောက်နိုင်ရင် ကျောက်တန်းရေလယ်ဘုရား နဲ့ ပင်လယ်ကမ်းခြေက ခရီးသွား လုပ်ငန်းနေရာတွေဆက်စပ်သွားမယ်။ ရန်ကုန်ကနေ ကမ်းခြေတွေကို အချိန်တိုတို နဲ့ရောက်နိုင် မယ်။ အဲဒါဆိုရင် တဘောင်ထဲက အတိုင်း သံတဲမြေ တစ်စလောင်း ငွေတစ်သောင်း ခေတ် ကို ရောက်မှာသေချာတယ်။
သံတဲကမ်းခြေက ပြန်လာတော့ အုတ်တိုင်ကြီးက မေ ျှာ်လင့်ချက်တွေ၊ လှေ ပျက်ကြီးက အတွေးတွေ ပေးလိုက်တယ်။
ႀကိဳက္ယ္ဆရာ
LikeLike