ကျောက်တန်းကနေ ဇွဲဘာကမ်းခြေကို သွားတဲ့အခါ ကျောက်တန်းမြို့က ထွက်ပြီး မိနစ် နှစ်ဆယ် လောက်မှာ ပိလခတ် ဟိန္ဒူဘုရားကျောင်းရှိတယ်။ ဒီဘုရားကျောင်းကို ၁၈၆၀ မှာ ဦးကူးမူး ဆာမိ ဆိုတဲ့ အိန္ဒိယနွယ်ဖွား လယ်သမားကြီးက အိပ်မက်အရ တည်ဆောက်ခဲ့တယ်လို့ ဆိုတယ်။ ဒီ ဘုရားကျောင်းက ဟိန္ဒူနတ်ဘုရားတွေထဲက မဟာမူနိ(စ်) ဝါရရ် ကို ကိုးကွယ်တာ။
မဟာမူနိ(စ်) ကို ကိုးကွယ်တယ်ဆိုတော့ ဦးကူးမူး ဆာမိ မိဘတွေက တမီလ်နာဒူး ပြည်နယ်မြောက်ပိုင်းက လာတာဖြစ်နိုင်တယ်။ ကျွန်တော်သီရိလင်္ကာမှာ ခရီးသွားတဲ့အချိန်က တမီလ်လူမျိုးတွေ အခြေချ နေထိုင်တဲ့ဒေသမှာ ဒီလိုဘုရားကျောင်းတွေ အတော် များများတွေ့ခဲ့ရတယ်။ ကျောက်တန်း မြို့နယ်ထဲမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်နေတဲ့ ဟိန္ဒူဘာသာဝင်တော်တော်များများတွေ့ခဲ့ရတယ်။ ၂၀၁၉ ထွေအုပ်စာရင်းအရတော့ ကျောက်တန်းမြို့နယ်အတွင်းမှ ဟိန္ဒူဘာသာကိုးကွယ်သူ ၃၂၆၄ ဦး ရှိတယ်လို့ဆိုတယ်။
ဒီဘုရားကျောင်းက မြန်မာနိုင်ငံမှာ သက်တမ်းအရင့်ဆုံး ဟိန္ဒူဘုရားကျောင်းတွေထဲမှာ ပါတယ်။ ဆုတောင်းပြည့်တယ်လို့ နာမည်ကြီးတဲ့အတွက် ဟိန္ဒူဘာသာဝင်တွေအပြင် ဗုဒ္ဓဘာသာဝင် တွေ လည်း လာဆုတောင်းကြတယ်။ ဘုရားပွဲက နှစ်စဉ်မတ်လမှာကျင်းပတယ်။
ဒီဘုရားကျောင်းမှာ ဘုရားဖူးတွေကို နေ့စဉ်ထမင်းကျွေးတယ်။ အဲဒီအစဉ်အလာက ဒုတိယ ကမ္ဘာ စစ်ကာလမှာ ပိလခတ်ကိုရောက်လာတဲ့ စစ်ပြေးဒုက္ခသည်တွေကို ကျွေးမွေးစောင့်ရှောက်ရာကနေ စတင်ခဲ့တယ်လို့ ဘုရားကျောင်းတာဝန်ခံတစ်ယောက်က ရှင်းပြတယ်။
ပြီးခဲ့တဲ့ မေလမှာ ပိလခတ် ဘုရားကျောင်းမှာ ထမင်းချက်အဖြစ် လုပ်ကိုင်သွားသူ တစ်ဦး (လူနာ အမှတ် ၁၆၁) မှာ ကိုဗစ်ရောဂါပိုးတွေ့တဲ့အတွက် Lock Down လုပ်ခံခဲ့ရသေးတယ်။ အခုလည်း ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးအစီအစဉ်အရ ဘုရားကျောင်းပိတ်ထားရတယ်။ ဘုရားကျောင်း နောက်က ဂေါပကရုံးကတော့ဖွင့်ထားတယ်။ ဒါပေမယ့် ဘုရားကျောင်းသမိုင်းကို တိတိကျကျ ပြော နိုင်တဲ့ သူက လယ်ထဲ ဆင်းနေလို့ မတွေ့ခဲ့ရဘူး။
အရောင်အသွေးစုံလင်တဲ့ ရုပ်တုတွေနဲ့ ဟိန္ဒိူဘုရားကျောင်းတွေက ဟိန္ဒူဘာသာနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံရှင်းပြနိုင်တဲ့သူတစ်ဦးနဲ့ လေ့လာရရင်တော့ ပိုကောင်း တယ်။ မင်းလှ ဟိန္ဒူဘုရားကျောင်းကို ရောက်ခဲ့ချိန်က အဲဒီလို ရှင်းပြနိုင်တဲ့ ဂေါပကလူကြီး တစ်ယောက်ကို တွေ့ခဲ့ရတယ်။
ကျောက်တန်းဘက်ကို ခရီးသွားမယ်ဆိုရင် ပိလခတ် ဟိန္ဒူဘုရားကျောင်းကလည်း လည်ပတ် သင့်တဲ့နေရာတစ်ခုပါ။ ကိုဗစ် ကပ်ဘေးကျော်သွားရင်တော့ ပိလခတ်ကို တစ်ခေါက်ပြန် သွား ရ မယ်။