လူ့ဘဝမှာ ရှောင်လွှဲလို့မရ မဖြစ်မနေလုပ်ရတဲ့ကိစ္စတွေထဲမှာ ဆံပင်ညှပ်ခြင်း လည်း ပါသည်။
ဘဝမှ ပထမဆုံး မှတ်မှတ်ရရ ဖြစ်တဲ့ ဆံသဆိုင်ကတော့ လှည်းတန်းက “ ဝင်းဆံသ” ဖြစ်သည်။ အဲဒီအချိန်က မိဘတွေက နယ်မှာ၊ ကျွန်တော်က အဖိုး၊အဖွားနှင့်နေရသည်။ အဖိုး၊အဖွားအိမ်က ၇ မိုင်မှာ၊ ဆံပင်ညှပ်ဖို့ဆိုရင် လမ်းထဲက တစ်စီးတည်းသောကားဖြစ်သည့် အော်စတင်ကားမည်း လေး နဲ့ အကြုံလိုက်ချင်လိုက်၊ ဒါမှမဟုတ် လမ်းထိပ်က နံပါတ် ကိုး ကားကို စီးရသည်။
ဝင်း ဆံသ ဆိုင်မှာ ဆံပင်ညှပ်ရင်း သတိထားမိတာက ဆံသဆရာတွေ ဗဟုသုတစုံတာ၊ စကားပြောကောင်း တာပဲဖြစ်သည်။ ဆံသဆရာသည် ဆံပင်ညှပ်ရုံသက်သက်မဟုတ် ဆံပင် ညှပ်ခံနေသူ စိတ်ဝင် စား သည့်အကြောင်းအရာတွေကိုလည်း ဖွယ်ဖွယ်ရာရာ ပြောပြနိုင်ရမည်။ ဖောက်သည် ပြောသမ ျှ နားထောင်ရင်း စကားထောက်ပေးနိုင်ရမည်။
နောက်တော့ ဖခင်တာဝန်ကျရာတပ်ရင်းရှိသည့် ချင်းတွင်းမြစ်ဖျားက မြို့လေးကို လိုက်သွားရသည်။ တပ်ရင်းမှာတော့ ဝင်းဆံသ ဆိုင်လို ဆုံလည်ကုလားထိုင်တွေ၊ ကြည့်မှန် ကြီးတွေမရှိ။ ဆိုင်မှာဆိုလ ျှင် သစ်သားထိုင်ခုံအမြင့် မှာ၊ အိမ်လာညှပ်သည့်အခါ ရိုးရိုးကုလား ထိုင်မှာ ထိုင်ညှပ် ရသည်။ အဲဒီအချိန်က ဆံပင်ညှပ်တဲ့ ရဲဘော်ကြီးက ဦးတင်အောင်။ အဲဒီမြို့လေး မှာ ဆံပင်ညှပ်ဆိုင်ရှိပေမယ့် တပ်ရင်းက လူငယ်၊ လူကြီးမှန်သမ ျှကတော့ တပ်ရင်းထဲမှပဲ ညှပ်ကြ သည်။ လက်ရာကလည်း ပုံသေနေတော့ တပ်ရင်းက ကလေးအားလုံး လို လို ဆံပင်ပုံစံက တစ်ဖြတ်တည်းနီးပါး တူနေကြသည်။
အဖေ ရန်ကုန်ပြန်ပြောင်းရသည့်အခါ ဒဂုံမြို့နယ်မှာနေရသည့်အတွက် ဝင်းဆံသ ဆိုင်ကို မရောက်ဖြစ်တော့၊ အဖေနှင့်အတူ မင်းမနိုင်က ဗြူတီဆံသဆိုင်ကို ရောက် သွားသည်။ အဖေ ပုံမှန်ညှပ်သည့် ဦးလေးကြီးက အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး ( နာမည်က ဦးကျော်အေး လားမသိ ) ။ သူက လက်ရာကောင်းသလို စကားပြောလည်းကောင်းသည့်အတွက် ဖောက်သည်များသည်။ အဲဒီခေတ်ကတော့ ဆံပင်ညှပ်သူတွေကလည်း ဆိုင်စွဲ၊ ပုဂ္ဂိုလ်စွဲ နှင့်၊ ညှပ်နေကျ ဆံသဆရာ မအားလ ျှင် အားသည့်အချိန်ထိစောင့်သည်။ အဖေဆိုလ ျှင် သူ့ဆံပင် ညှပ်ဆရာ ကွယ်လွန် တော့ မိတ်ဆွေရင်း တစ်ယောက် ကွယ်လွန်သလို ဝမ်းနည်းခြင်း ကြီးစွာနဲ့ လိုက်ပါပို့ဆောင်ခဲ့ သည်။
စစ်တက္ကသိုလ်ဗိုလ်လောင်းဖြစ်တော့ ဗိုလ်လောင်းဆံသဆိုင်နဲ့ ဖူးစာဆုံသည်။ ဗိုလ်လောင်းဆံသ ဆိုင်တာဝန်ခံ ကိုသန်းက ဗိုလ်လောင်းတွေကို စိတ်ရှည်သည်။ တပ်ပြင်ထွက်ခွင့်ရချိန်တွင် မြို့ထဲကဆိုင် တွေမှာ ညှပ်လို့ရပေမယ့် ညှပ်တဲ့သူအတော်နည်းသည်။ ဗိုလ်လောင်းဆိုရင် ဗိုလ်လောင်းဆံသဆိုင်မှာ ညှပ်သင့်သည်ဆိုသည့် အစွဲ ကြောင့်ဖြစ်မည်၊ ဗိုလ်လောင်း အတော် များများက ဗိုလ်လောင်းဆံသဆိုင်မှာပဲ ညှပ် ကြသည်။
ကျောင်းဆင်းပြီး တာဝန်ကျရာတပ်ရင်းရောက်တော့ ရဲဘော်လက်ရာနဲ့ပြန်တွေ့သည်။ တပ်ခွဲ ၊ တပ်စု တိုင်းမှာ စက်ကပ်ကြေးတစ်လက်၊ ခွကပ်ကြေးတစ်လက်၊ ဓားတစ်ချောင်း ၊ ဘီးကြီး တစ်ချောင်းတော့ရှိရသည်။ ဆံသဆရာကတော့ အရပ်သားဘဝထဲက ဆံသဆရာလုပ်လာသူတွေ ထက် တပ်ရင်းမှာ အချင်းချင်း လက်တည့်စမ်းရာကနေ ဆံသ ဆရာ အဖြစ်အသိအမှတ်ပြုခံရသူ တွေများသည်။ ဒီလိုနဲ့တပ်မတော်မှာ တာဝန် ထမ်းဆောင်ခဲ့သည့်ကာလတစ်လေ ျှာက် ညှပ်ရတဲ့ အနေအထားသာပြောင်းသွားသည်၊ ရဲဘော် လက်ရာနဲ့တော့မလွတ်ခဲ့။ မြို့ကြီး ပြကြီးမှာ နေရရင်တောင် ကိုယ့်တပ်ရင်းတပ်ဖွဲ့ဆိုင်မှာပဲ ညှပ် ဖြစ်သည်။ ကိုယ့်လူနဲ့ ကိုယ်ညှပ် ရတာ ပိုပြီးသက်တောင့်သက်သာရှိသည်ဟုခံစားရသည်။ လက်ရာမကောင်းရင်တောင် ကိုယ့်ရဲဘော်တွေ ညှပ်တာဆိုပြီး ဖြေသိမ့်နိုင်သည်။
နယ်ဘက်တာဝန်ပြောင်းရွှေ့ထမ်းဆောင်ရတော့ နေပြည်တော်ရောက်လာသည်။ နေပြည်တော် အစပိုင်းကာလမှာ ဆံပင်ညှပ်ဖို့အတွက် ပျဉ်းမနားအထိ သွားခဲ့ရသည်။ မြို့မဈေးဖွင့်တော့ မြို့မ ဈေးမှာ ဆံပင်ညှပ်သည်။ ကျွန်တော့်ညှပ်တဲ့ဆိုင်က မိတ္ထီလာဒေသ ကျေးရွာလေးက ညီအကို တွေ၊ အကိုကြီးက ပျဉ်းမနားက ဆံပင်ညှပ်ဆိုင်တစ်ဆိုင်မှာ လက်ခစားနဲ့စပြီး အလုပ်လုပ်သည်။ နည်းနည်းအဆင်ပြေတော့ ညီတွေပါခေါ်ပြီး ဆံပင်ညှပ်သင်ပေးသည်။ မြို့မဈေးဖွင့်တော့ ဆိုင်ခန်းငှားပြီး ကိုယ်ပိုင်ဆိုင် ဖွင့် သည်။ နောက်တော့ ဆိုင်ခန်းနှစ်ခန်းဖြစ်ပြီး ဆံသဆရာ တွေ ပါ ထပ်ဖြည့်ခဲ့သည်။ ရိုးသား ပြီးကြိုးစားတဲ့ညီအကိုတွေ။
နေပြည်တော်မှာ ဈေးဝယ်စင်တာကြီးတွေပေါ်လာတော့ ရန်ကုန်မြို့က နာမည်ကြီးဆိုင်တွေ ရောက်လာသည်။ သန့်သန့်ရှင်းရှင်း၊ အေးအေးမြမြ၊ လှလှပပ၊ မွှေးမွှေးကြိုင်ကြိုင်။ ဆံပင် ညှပ်မလား၊ ခေါင်းလေ ျှာ်မလား၊ ခြေသည်းလက်သည်းညှပ်မလား။ မြို့မဈေးက ဆိုင်ခန်း ကျဉ်းကျဉ်းဆိုင်လေး နောက်မှာ ကျန်ခဲ့ပြီ။
ဒီလိုနဲ့ မြို့ပြ ဆံပင်ညှပ်ခြင်းဆိုတာ စိတ်အပန်းဖြေခြင်း၊ ဈေးဝယ်ခြင်း၊ ဆံပင်ညှပ်ခြင်း နှင့် ကော်ဖီ ဆိုင်ထိုင်ခြင်းကို ပူးတွဲလုပ်ဆောင်ရာ ကိစ္စဖြစ်လာခဲ့သည်။ နေရာ ကျယ် ကျယ်၊ ခမ်းခမ်းနားနား၊ သန့်သန့်ရှင်းရှင်း၊ အေးအေးချမ်းချမ်းရှိသည့် ဆံသဆိုင်ကိုပဲရွေးချယ်ဖြစ်သည်။ ဆံသ ဆရာက အဓိက မဟုတ်တော့၊ နေရာက အဓိက ဖြစ်လာသည်။ ဒီဆိုင်မှ ဒီဆိုင်ဆိုတာထက် ကိုယ်အဆင် ပြေမည့်အချိန်၊ ကိုယ်အဆင်ပြေမည့်နေရာမှာ ညှပ်တာမျိုးဖြစ်လာသည်။
ကိုဗစ် ၁၉ ကပ်ဘေးရောက်လာတော့ ဆံပင်ညှပ်ရတာ ပြဿနာတစ်ခုဖြစ်လာသည်။
ကိုဗစ် ဒုတိယလှိုင်းနှင့်အတူ တံခါးပိတ်ခံလိုက်ရသည့်ဆိုင်တွေထဲတွင် ဆံသဆိုင်တွေလည်း ပါ သွားသည်။ တစ်လကျော်လောက်တော့ ဆံပင်မညှပ်ပဲတောင့်ခံသေးသည်။ အိမ်မှာ ကိုယ့်အစီ အစဉ်နဲ့ ကိုယ်ညှပ်ဖို့ လည်း စဉ်းစားသည်။ ပုံပျက်ဖို့က များနေတော့လက်လျော့လိုက်သည်။
အိမ်ခေါ်ညှပ်ဖို့ စဉ်းစားတော့လည်း ကျွန်တော့်တို့ အိမ်ရာက ပြင်ပလူဝင်ထွက်ခွင့်ကို ကန့်သတ်ထားတော့မဖြစ်နိုင်။ နောက်ဆုံး မြို့ထဲမှာ ဆံပင်ညှပ် ဆိုင် ရှာပုံတော်ထွက်ရသည်။ ဗိုလ်တထောင်၊ ပုဇွန်တောင် ကိုယ်သိတဲ့ဆိုင်မှန် သမ ျှ တံခါးပိတ်ထားသည်။ နောက်ဆုံး ၄၉ လမ်း လပ်ကီးဆဲဗင်းရှေ့ သစ်ပင်ရိပ်အောက်မှာ ခုံတစ်လုံး နှင့်ဆံသဆရာကို ရှာတွေ့သည်။ ဆံသဆရာတစ်ယောက်တည်းမဟုတ်၊ ဇနီးဖြစ်သူလည်း ပါသည်။
လမ်းဘေးမှာ ညှပ်တယ်ဆိုပေမယ့် သပ်သပ်ရပ်ရပ်ရှိသည်။ လက်သန့်ဆေးရည်ပေးထား သည်။ Mask အသစ်တပ်ပြီး ညှပ်ပေးသည်။ ဆံသကရိယာတွေကို အရက်ပျံနှင့်ဆေးသည်။ ဆံဆရာက ဒီလမ်းထဲကဆံပင်ညှပ်ဆိုင်မှာ အလုပ်လုပ်သူဖြစ်သည်။ ရေကျော်ထဲမှာ အခန်းငှားနေသည်။ ကိုဗစ်ပထမလှိုင်းထဲက ဆံပင်ညှပ်သူတွေနည်းလာသည့်ဒဏ်ကို ဆံသဆရာတွေ ခံစားရသည်။ သူ တို့အလုပ်လုပ်တာက တစ်ခေါင်းကို ရာခိုင်နှုန်းဖြင့် ပိုင်ရှင်နှင့်ခွဲယူသည့် စနစ်ဖြစ်ရာ ဆံပင်ညှပ် သူနည်းတော့ ဝင်ငွေကျလာသည်။ ဒုတိယလှိုင်းမှာ ဆိုင်ပိတ်ထားလိုက်တော့ ဝင်ငွေ လုံးလုံးမရှိ တော့။ သို့သော် အခန်းခ က ရပ်မနေ၊ လကုန်ရင်ပေးရမည်။ ဒီလိုနဲ့ သဘာ၀ သစ်ရိပ် အောက်မှာ ခုံတစ်လုံးနှင့် ဆံပင်ညှပ်တဲ့ဘဝကိုရောက်ခဲ့ရသည်။ ဆိုင်ရှင်ကလည်း အခြေအနေ ကို သဘော ပေါက်သည့်အတွက် လုပ်ခွင့်ပေးသည်။
သူ့ဇနီးဖြစ်သူက မင်္ဂလာဈေးနားက ပရိဘောဂဆိုင်မှာအလုပ်လုပ်သည်။ တရုတ်က ဝင်လာတဲ့ အလွယ်တကူဖြုတ်တတ်နိုင်တဲ့ ပရိဘောဂပစ္စည်းတွေ ရောင်းသည်။ သူတို့ဆိုင် ဖောက်သည် တွေထဲမှာ ရခိုင်ပြည်နယ်က အများဆုံး။ ရခိုင် ပြည်နယ်မှာ တိုက်ပွဲ တွေပြင်းထန်လာတော့ အရောင်းအဝယ်ပါးသွားသည်။ ကိုဗစ်ဖြစ်တော့ ဆိုင် ပိတ်ထား ရသည့် ဘဝကို ရောက်သွားသည်။ ဒီလိုနဲ့ ခင်ပွန်းရဲ့ သဘာဝသစ်ရိပ်ဆံပင်ညှပ်ဆိုင် လေးမှာ ကူညီဖြစ် သွားသည်။ တကယ်တော့ ဘာမှ ထိထိရောက်ရောက်လုပ်စရာမရှိ။ အိမ် မှာ နေရင်း တွေဝေ၊ စိတ်ပူနေရတာထက် ဒီနေရာမှာတစ်ခုခုလာလုပ်နေရတာက စိတ်သက်သာ သည်ဆိုပြီး လိုက်လာခြင်းဖြစ်သည်။
သစ်ပင်ရိပ်မှာ ဆံပင်ညှပ်ရင်း ဆံသဆရာက ဆံသလောကအကြောင်း၊ အိမ် ငှားတွေရဲ့ သောက၊ ကိုဗစ် အရေး စသည်ဖြင့် အေးအေးဆေးဆေးပြောပြနေသည်။ ဇနီးဖြစ်သူက တစ်ချက်တစ်ချက် စကားထောက်ပေးသည်။ ဆံပင်ညှပ်ရင်း အေးအေးလူလူ စကား မပြောရတာ ကြာပြီဆိုတော့ ဆံပင်ညှပ်ပြီးသွားမှာပင် စိုးရိမ်မိသည်။ ဆံပင်ညှပ်ပြီးသွားတော့ လက်ဆေး၊ ကိုယ် ယူ လာခဲ့သည့် Mask ကိုပြန်တပ် ၊ ဆံသဆရာကို နှုတ်ဆက်ပြီး ပြန်လာခဲ့ သည်။
ညှဉ်းသိုးသိုး မသေမသပ်ဖြစ်နေသော ဆံပင်ကို ညှပ်လိုက်ရသည့် အတွက် စိတ်လက်ပေါ့ပါးသွား သည်။ မြို့ပြဆံပင်ညှပ်ခြင်းမှာပျော်မွေ့နေတာကြာတော့ ဆံပင်ညှပ်ဖို့ အတွက် လက်ရာကောင်း တဲ့ ဆံသ ဆရာ တစ်ယောက်၊ စက်ကပ်ကြေးတစ်ခု၊ကပ်ကြေးတစ်ချောင်း၊ ဘီးတစ်ချောင်းသာ လို သည်ဆိုတာကို မေ့နေခဲ့တာကြာပြီ။
ဒါပေမယ့် ကိုဗစ်ကပ်ဘေးလွန်သွားရင် ဆံသဆရာနဲ့ အေးအေးလူလူ စကားပြောရသည့် ဆိုင်သေးသေးတွေကို ရှာဖွေဆံပင်ညှပ်မလားလို့ မေးရင်တော့ ဖြေဖို့ခက်ပါသည်။ ကျွန်တော်တို့ တစ်တွေ လူ ထက် နေရာကို ကြည့်ပြီး ဆံပင် ညှပ်တာ ကြာခဲ့ပြီလေ။