“ဟိုဘက်ခြံထဲက ကြက်ဖ နဲ့
ကျုပ်ကြက်မ နဲ့ ညား
သူတို့ချစ်ခြင်းရဲ့
ချစ်သက်သေ
အိမ်မှာ ဥ တစ်လုံးကျ”
အရိုး က ကြက်ဥ တစ်လုံးအကြောင်းကို “ ဥ ” ဆို ပြီး ရေးဖွဲ့သီဆိုတော့ ကြက်ဥ အကြောင်းများ သီချင်းလုပ်စရာလား လို့တွေးခဲ့ဖူးတယ်။
ကိုဗစ် ကာလမှာ မဖြစ်မနေ မှ အပြင်ထွက်ရတယ်၊ အပြင်ထွက်တဲ့သူကလည်း အိမ်မှာ ဘာလိုလဲ၊ ဘာကိစ္စလုပ်ဖို့ရှိလဲ မေးသွားပြီး ကိစ္စအားလုံးကို ပြတ်အောင်လုပ်ခဲ့ရတယ်။ လူတစ်ယောက် ကိစ္စ တစ်ခု နဲ့ အိမ်ရှိ လူကုန် အပြင်ထွက်နေလို့ကောင်းတဲ့ခေတ်မဟုတ်တော့ဘူး။
ဒီနေ့ ကိစ္စတစ်ခုနဲ့ အပြင်သွားရမယ်ဆိုတော့ ကြက်ဥ မှာတယ်။ ကြက်ဥ ဝယ်ခဲ့ ဆိုတဲ့ စကားလုံး ကို “ ရအောင်ဝယ်ခဲ့” ဆိုတဲ့ စကားနဲ့ နောက်ဆက်တွဲ ထပ်ဆောင်းလိုက်တော့ ကြက်ဥ ဝယ်တာ ဘာခက်လို့လဲ တွေးမိတယ်။ စီးတီးမတ်ဆိုင်တွေ၊ အိုရှင်းဆိုင်တွေမှာ အကြီး၊ အသေး၊ မွေးမြူရေး ကြက်ဥ၊ တောကြက်ဥ တံဆိပ်မျိုးစုံ ၊ စုံမှ စုံ။
ဒါပေမယ့် ကိုယ်ထင်ထားသမ ျှ တက်တက်စင်အောင်လွဲတာပဲ။ ဝယ်နေကျ အိုရှင်း ကြက်ဥ ထားတဲ့ စင်က ဟာလာ ဟင်းလင်း၊ အရောင်းဝန်ထမ်းလေးကို မေးလိုက်တော့ ကြက်ဥ ပြတ်နေတယ်တဲ့။ နေ့လယ် လောက်တော့ ရောက်မယ်ထင်တယ်တဲ့။ နောက် စီတီးမတ် ဆိုင် တစ်ဆိုင်ကို သွားတယ်။ အဖြေက အတူတူပဲ။ ဒီတော့မှ အိမ်က မှာလိုက်တဲ့ “ ရအောင် ဝယ်ခဲ့” ဆိုတဲ့ စကားကို နည်းနည်း သဘောပေါက်လာတယ်။
ဒီလိုနဲ့ ဝယ်နေကျ ရပ်ကွက်ဈေးကိုပြေးတယ်။ ဘယ်နေရာကြည့်ကြည့် ဘဲဥပဲ ရှိတယ်။ ကြက်ဥ မေး ရင် ဟင့်အင်းပဲ။ တစ်ဆိုင်မှာ ကြက်ဥ လေးငါးဆယ်လုံး ခင်းထားတာတွေ့လို့ အပြေး သွားလိုက်တော့ ငွေရှင်းနေတဲ့အမျိုးသမီးတစ်ယောက်က ကျွန်မယူထားတာတဲ့ ။ သေရော။
နောက်ဆုံး အဟာရ တန်ဖိုးကတော့ အတူတူပဲ ဆိုပြီး ဘဲဥ ဆယ်လုံး ဝယ် တယ်။ တစ်လုံး တစ်ရာ့ခြောက်ဆယ်။ ကုန်စုံဆိုင်က အမကြီးက အရင်က ဘဲဥက ကြက်ဥ ထက် ဈေးကြီးတယ်။ အခုတော့ ကြက်ဥက ဈေးပိုကြီးသွားပြီ ၁၈၀၊ ၂၀၀ ဒါတောင် ဝယ်မရဘူး လို့ ပြောတယ်။ နောက်ပြီး ကြက်သွန်ဖြူတွေကို ပြရင်း အရင်က တရုတ် က ဝင်တဲ့ ကြက်သွန်ဖြူ က ဈေးပေါတယ်။ ပြည်တွင်းကြက်သွန်ဖြူကဈေးကြီးတယ်။ အခုတော့ တရုပ်လမ်းပိတ်လို့ တရုတ် ကြက်သွန်ဖြူက အပေါ်ရောက်သွားပြီလို့ ရှင်းပြတယ်။
ကမောက်ကမ အဖြစ်တွေကို တွေးပြီး ကားမောင်းထွက်ခဲ့တယ်။ နှစ်ဘလောက်ကျော်တော့ လမ်းဘေးမှာ လူငယ်လေးနှစ်ယောက် ကြက်ဥထုတ် နှစ်ထုတ်ဆွဲပြီး သွားနေတာမြင်လိုက် တယ်။ ကားချက်ခြင်းရပ်ပြီး ဘယ်က ဝယ်ခဲ့သလဲ လို့ မေးကြည့်လိုက်တော့ ဈေးအကျော် လမ်းကြား ထဲ မှာ ရောင်းတာ ၊ ဆိုင်မဟုတ်ဘူး၊ ပိတ်ထားတဲ့ ဆေးဆိုင်ဘေး လှေကားရင်းမှာရောင်းတာတဲ့။
သူတို့လမ်းညွှန်တဲ့နေရာကို သွားရင် ကားတစ်ပတ်ပြန်မောင်းရမယ်။ ဒီလောက်အထိ အချိန်မဆွဲ နိုင်ဘူး။ ကားရပ်ပြီး ကုန်းကြောင်းခရီးနှင်တယ်။ တွေ့တယ်။ အမျိုးသမီးတစ်ယောက် စားပွဲလေး ခင်းပြီးရောင်းနေတာ။ ဆယ်လုံးအထုတ် သုံးထုတ်ကျန်သေးတယ်။ တစ်လုံးတစ်ရာ့ရှစ်ဆယ်တဲ့။ ဈေးမဆစ်နိုင်ဘူး။ အကုန်ယူလိုက်တယ်။
ကြက်ဥ အထုတ်ကို လက်မှာဆွဲ၊ ရင်ကော့ပြီးကားဆီပြန်လာခဲ့တယ်။ တကယ်တော့ ဒီနေ့ ကြက်ဥ ဝယ်မရရင်လည်း အိမ်မှာ ဘာပြဿနာမှ မရှိပါဘူး။ သို့သော် ကြက် ဥ ကို လွယ်လွယ်နဲ့ ဝယ်မရတဲ့အခါ ငါ့အိမ်မှာလည်း အရေး အကြောင်းဆို စားဖို့အတွက် ကြက် ဥ တော့ ရှိမှဖြစ်မယ် ဆိုတဲ့အတွေးဝင်လာပြီး ကြက်ဥရှာပုံတော်ဖွင့်ခဲ့ရတာပဲ။
ကြက်ဥတွေ ဝယ်သူများလို့ ပစ္စည်းပြတ်နေပြီလို့ ပြောရင် အချို့ အချို့သော လူကြီးမင်းများ၊ ပညာရှိကြီးများကတော့ ပူတတ်ရန်ကော၊ အပိုတွေ၊ တကယ် လိုတာက ဘာ ၊ ညာ ဆိုပြီး အပြစ်တင်မှာသေချာတယ်။
ကိုဗစ် ပထမလှိုင်း ဖြစ် တော့ ဖွံ့ဖြိုးတိုးတက်ပါတယ်ဆိုတဲ့ အနောက်နိုင်ငံကြီးတွေမှာ ရေအိမ်သုံးစက္ကူတွေ ရောင်း မလောက်ဖြစ်ပြီး ဆိုင်တွေပေါ်မှာ ပစ္စည်းပြတ်တဲ့အထိ ဖြစ်ခဲ့တယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စိတ် ပညာရှင်တွေက ကပ်ရောဂါဘေးနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ ဆီကနေ သတင်းအချက်အလက်တွေ အပြည့် အစုံ မရဘူး၊ ဒါမှမဟုတ် တာဝန်ရှိတဲ့အဖွဲ့အစည်းတွေအပေါ် ယုံကြည်အားကိုးမှုမရှိဘူးဆိုရင် လူတွေက ကောင်းမယ်ထင်တာတွေလိုက်လုပ်ရင်း နဲ့ ရေအိမ် သုံး စက္ကူလိပ်တွေ ရာချီပြီး ဝယ်ယူစုဆောင်းတဲ့အဖြစ်မျိုးတွေ ဖြစ်တာပဲလို့ ရှင်းပြကြတယ်။
အရိုး ကတော့
ကြက်ဥတစ်လုံးက
စတဲ့အစ
နှစ်အိမ်တောင်
ပြာဖြစ်ကြ
လို့ သီဖွဲ့ခဲ့တယ်။
ကြက်ဥ တစ်လုံး ဆိုပေမယ့် လေ ျှာ့တွက်လို့တော့မရဘူး။