အသုပ်စုံ ဝေဒနာ

ကျွန်တော်ရောက်သွားတော့ အသုပ်ဆိုင်လေးက ခင်းတုန်း၊ ကျင်းတုန်း။ ဟင်းရည် အိုး က မီးဖိုပေါ်တင်ကာစ၊ ပလက်ဖောင်းပေါ်က ပလတ်စတစ်စားပွဲပေါ်မှာ ဂေါ်ဖီထုပ်တွေ လှီးချွတ်ပြီး ပုံ ထားတယ်။ အရပ် ခပ်ပျပ်ပျပ်၊ အသားညိုညို၊ အကျီ ၤ အညိုရောင်ရင့်ရင့် နဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်က အထမ်းပေါ်မှာ ခေါက်ဆွဲဖတ်၊ မုန့်ဟင်းခါးဖတ်၊ တို့ဟူး စတဲ့ အမယ် စုံကို နေရာချနေတယ်။ သမီးငယ်လေးတစ်ယောက်က ဝိုင်းကူနေတယ်။ 

သာမန်အားဖြင့်တော့ တိရိစ္ဆာဥယျာဉ်  နဲ့ ကန်တော်ကြီးနားက ဆိုင်တွေမှာ စားလေ့ မရှိပါဘူး။ ဒါပေမယ့် ကိုဗစ် ပထမလှိုင်း နဲ့ အတူ ဒီဆိုင်လေးအတော်များများ ပျောက်သွားခဲ့ပြီး အခုရက် ပိုင်းမှ ပြန်ပေါ်လာတာကြောင့် သူတို့ အကြောင်းနားထောင်ချင်တာနဲ့ ဝင်စားရင်း စကား စမြည် ပြောဖြစ်တယ်။ အစုံသုပ်တစ်ပွဲ၊ အချိုမှုန့်မထည့်နဲ့လို့ မှာပြီးတဲ့နောက် “ အမကြီး ဘယ်ကနေ လာရောင်းလဲ၊ အဆင်ပြေရဲ့လား” လို့ စကားစလိုက်တဲ့အခါ 

ဒီနေရာကို တောင်ဒဂုံ ၅၆ ကနေလာရောင်းတာ၊ မိဘတွေကလည်း ကန်တော်ကြီးထဲမှာ ဈေးရောင်းခဲ့တာ၊ နောင် ကန်တော်ကြီးကို ခြံစည်း ရိုးတွေ ကာပြီး ပန်းခြံလုပ်လိုက်တော့ ဈေးဆိုင်တွေဖယ်ပေးလိုက်ရတယ်။ ဒီလို နဲ့ တိရိစ္ဆာန်ဥယျာဉ် ကို မှီပြီး ပလက်ဖောင်းပေါ်မှာ ဈေးရောင်းရတယ်။ မိဘတွေကွယ်လွန်တော့ ဒီအမွေကို ဆက်ခံခဲ့တယ်။ အခု ခင်ပွန်း မရှိတော့ဘူး။ ကိုယ်ပဲ ဦးဆောင်ပြီး ဒီအလုပ်ကို ဆက်လုပ်နေတာ ပေါ့။

ကိုဗစ်စဖြစ်ပြီး ဘုရားတွေ၊ ပန်းခြံတွေ ပိတ်လိုက်တော့ ဆိုင်လည်း နားလိုက်ရတယ်။ ပြီးခဲ့တဲ့ ရက်တွေက ဒုက္ခရောက်လိုက်တာ၊ခွက်ဆွဲပြီး တောင်းစားတဲ့ ဘ၀ မရောက်တာ ကံကောင်း။

ဆိုင်မရောင်းရတော့ ဆိုင်ကယ်ဘေးတွဲငှားပြီး တောင်ဒဂုံထဲမှာ ကြက်သား လှည့် ရောင်း တယ်၊ စားနိုင် သောက်နိုင် လူတွေအနေများတဲ့ ရပ်ကွက်တွေကို လှည့်ရောင်းရတယ်။  သားက ဆိုင်ကယ် မောင်း၊ ကိုယ်က ကြက်သားခုတ်ထစ်ရောင်းပေါ့။ 

ဆိုင်ကယ်ဘေးတွဲကို တစ်နေ့နှစ်ထောင်နဲ့ ငှားရတယ်။ ဆီက တစ်နေ့ကို ရေသန့်ဘူး တစ်ဘူးခွဲကုန်တယ်။ ကြက်သားက တာမွေ ကြက်ဘဲဈေး ဒိုင်ကနေ ယူတယ်။ ပြန်ရောင်းတော့ အကောင်ပြတ်၊ ဒါမှမဟုတ် တစ်ခြမ်း ရောင်းတယ်။ တကယ်တော့ 

တစ်ခြမ်းဝယ်တဲ့သူ များ ရင် ကိုယ့်အတွက် ခေါင်း၊ ခြေထောက်၊ အသည်း ၊ အမြစ် စားဖို့ ကျန်တဲ့အတွက် တွက်ခြေပို ကိုက် တယ်။ အကောင်လိုက်ယူရင်တော့ အဲဒါတွေ မရတော့ဘူးပေါ့။ ကြက်သားရောင်းတဲ့အချိန် က ဆိုင်ကယ်ဖိုး၊ ဆီဖိုး နှုတ်ပြီး ကိုယ့်အတွက် ရှစ်ထောင်၊ တစ်သောင်းကျန်တော့ မဆိုးဘူးပေါ့။

ဒီလို အဆင်ပြေနေတာလည်း ကြာကြာမခံဘူး။ အာဏာသိမ်းလိုက်တော့ ဆူဆူ ပူပူ နဲ့ ဈေးရောင်းလို့မရတော့ပြန်ဘူး။ ( အဲဒီစကားကို ကြားတော့  ကျွန်တော်က “အာဏာထိန်း” တာမဟုတ်ဘူးလား လို့ စကားတောက်လိုက်တဲ့အခါ  “သိမ်းတာပါ” လို့ ပြန်ပြောတယ်။ သူ့ အဖြေကို ကြားတဲ့အခါ  တောင်နဝင်း ချောင်းယာတဲက   “ အတင်းယူတာဆိုတော့ သိမ်းတာပေါ့” ဆိုတဲ့ စကားကို သတိရမိတယ်။) 

သင်္ကြန်မတိုင်ခင်ကာလတွေကတော့ အဆိုးဆုံးပဲ။ ဘာမှ လုပ်ကိုင်စားသောက်လို့ မရ တော့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းရဲ့ ဝေယျာဝစ္စအဖွဲ့မှာ သွားကူလုပ်ပေးရတယ်။ အဲဒီ က ကျွေးတာစားပြီး နေရတယ်။ 

နောက်ပိုင်း အခြေအနေနည်းနည်းငြိမ်လာပေမယ့် ကြက်သားဈေးတက်သွားသလို ဆီဈေး ကလည်း တက်ဆိုတော့ ကြက်သားပြန် မရောင်းနိုင်တော့ဘူး။ ဒါ့ကြောင့်  ရပ်ကွက်တွေမှာ အဝတ် လေ ျှာ် ၊ထမင်းချက် အိမ်မှု ကိစ္စ ကူလုပ်ပေးတယ်။ ငွေရသလို ဆန်၊ ဟင်းချက်စရာတွေလည်း ရတယ်။ 

အသုပ်ဆိုင်ကတော့ အခု လပြည့်နေ့ကမှ ပြန်ဖွင့်တာ။ ငွေရှိလို့ဖွင့်တာမဟုတ်ဘူး။ ဒီလိုပဲ ချေးငှားပြီး ဖွင့်ရတာပဲ။ တစ်သက်လုံးကလည်း ဒါပဲ လုပ်ခဲ့တာကိုး။ အရင်ကတော့ ဒီပတ်ဝန်းကျင် မှာရောင်းတဲ့ ဈေးသည်တွေကို ငါးကျပ်တိုးနဲ့ ချေးပေးတဲ့သူရှိတယ်။  အခုတော့ ခေတ်မကောင်း၊ အခြေအနေက ဘာဖြစ်မယ်မှန်းမသိတော့သူလည်း  မချေးရဲတော့ဘူး။ 

ဒီတော့ ရနိုင်တဲ့နေရာက  သုံးဆယ်တိုးနဲ့  ချေးရတယ်။ အရင်ကတော့ လူရင်း တွေလိုဖြစ်နေတဲ့အတွက် နှစ် ရက်၊ သုံးရက် ဆိုင်းပြီးမှ ဆပ်လို့ရတယ်။ အခုတော့ နေ့ချင်းပဲ။ လပြည့်နေ့ ဆိုင်ထွက်မယ် ဆိုတော့ တစ်သိန်းချေးရတယ်။ အခါကြီး ရက်ကြီးတွေဆိုရင် အသုပ်တစ်မျိုးတည်း ရောင်း လို့ မရဘူး။ ရေသန့်ဘူး၊ အအေး၊ ကလေးမုန့် အစုံတင်ရတယ်။ ဒါ့ကြောင့် အရင်းများများလိုတယ်။ 

ပြီးခဲ့တဲ့လပြည့်နေ့ တစ်သိန်းကျော် ရောင်းရတယ်။ ဒါ နည်းသွားတာ၊ အရင်က ဒီလို နေ့မျိုးဆိုရင် နှစ်သိန်း၊ နှစ်သိန်းကျော်ရောင်းရတယ်။ လပြည့်နေ့က ရောင်းရတော့ အရင်း ပြန် ဆပ်၊ အမြတ်နဲ့ ဆက်ရောင်းတာပေါ့။ ဒါပေမယ့် လပြည့်ကျော်တစ်ရက်နေ့မှာ မိုးရွာနေတော့ လူမလာဘူး။ ဒီတော့ အရင်းပြုတ်ပြီး ဒီနေ့ဆိုင်ထွက်ဖို့ သုံးသောင်းထပ်ချေးရတယ်။ 

နေ့တိုင်း သုံးသောင်းချေးဖို့တော့မလိုပါဘူး။ ဒီနေ့ဝယ်လိုက်တဲ့ အဆာပလာ၊ အခြောက် အခြမ်းတွေက သုံးလေးရက် ဆက်သုံးလို့ရတာကိုး။ ဒီနေ့ ရောင်းမကောင်းရင်တော့ ထပ်ချေးရ မှာပဲ။ ဒီပတ်ဝန်းကျင်က ဆိုင်တွေဆိုတာ မြို့ထဲက ဆိုင်တွေလိုမဟုတ်ဘူး။ အခါကြီး ရက်ကြီး နဲ့ စနေ၊တနင်္ဂတွေ ရုံးပိတ်ရက်ကို အားပြုရောင်းရတာ။ အခုတော့ လူတွေက ပိုက်ဆံမရှိတာရယ်၊  အပြင်မထွက်ချင်တာရယ်ကြောင့် ဒီ စနေ၊ တနင်္ဂနွေ ရောင်းရပါ့မလားမသိနိုင်ဘူး။ ဒီကြားထဲ တိရိစ္ဆာန်ရုံကလည်း ကလေး ငါးရာ၊ လူကြီး တစ်ထောင်ကနေ ကလေး တစ်ထောင်၊ လူကြီး နှစ်ထောင်ဖြစ်သွားတော့ လူလာတာ နည်းသွားတယ်။  အခု လို ကာလမှာ တော်ရုံ မိသားစု အတွက် ဆို ကလေး ၊လူကြီးအားလုံးအတွက် ဝင်ကြေး  ခုနှစ်ထောင်၊ ရှစ်ထောင် မသုံးချင် တော့ဘူး။ 

လမ်းဘေးမှာ ရောင်းတယ်ဆိုပေမယ့် ကုန်ကျစရိတ်ရှိတာပဲ။ အထမ်းတွေ၊ ခုံတွေ က ဗဟန်း ထဲက အိမ်မှာအပ်တာ တစ်လ နှစ်သောင်းပေးရတယ်။ အရင်က တောင်ဒဂုံကနေ မြို့ ပတ်ရထားစီး၊ ဘူတာကြီးမှာ ဆင်း၊ ဘူတာကြီးကနေ ကန်တော်ကြီးကို လမ်းလေ ျှာက်လာ လို့ရတယ်။ အခု ရထားက အချိန်မမှန်တော့ ကားနှစ်ဆင့်စီးလာရတယ်။ YBS က ဘယ် စီး စီး သုံးရာ ဖြစ်သွားပြီ။ နှစ်ယောက်လာရင် သွား/ပြန် နှစ်ထောင့်လေးရာ၊ သား နဲ့ သုံးယောက်လာ ရင် သုံးထောင့်ခြောက်ရာ၊ မီးသွေးဖိုး၊ ဘာညာရှိတယ်။ မုန့်ဖတ်တွေက မကုန်ရင် နောက်နေ့ထားလို့ ရတာမဟုတ်ဘူး။ စားနိုင်ရင်စား၊ မစားနိုင်ရင် လွှင့်ပစ်ဖို့ပဲရှိတယ်။ 

ဒီ စနေ ၊ တနင်္ဂနွေ ရောင်းမကောင်းရင်တော့ ရပ်ကွက်ထဲမှာ အဝတ်လေ ျှာ်၊ သန့်ရှင်း ရေး ပဲ လိုက်လုပ်ရမှာပဲ။  အချက်အပြုတ်၊ သန့်ရှင်းရေး၊ အဝတ်လေ ျှာ်၊ မီးပူတိုက် အကုန်လုပ်တတ် တယ်။  အိမ်တစ်အိမ်မှာ အိမ်ဖော်အဖြစ် အမြဲတမ်းလုပ်ရရင်ကောင်းမှာ။  

အခုနေ တစ်သိန်းလောက် ထုတ်ပေးပြီး လုပ်စား၊ ဖြေးဖြေးမှ ပြန်ဆပ် လို့ ပေးတဲ့သူရှိရင် ထိုင်ကန်တော့မိမှာပဲ။ တစ်သက်လုံး ဈေးရောင်းလာတာဆိုတော့ ဈေးပဲ ရောင်းချင်တဲ့ စိတ်ရှိတယ်။ 

ကိုယ်က အောက်ဆုံးကလူဆို တော့ နိုင်ငံရေးတွေ ဘာတွေတော့ မပြော တတ် ပါဘူး။ လူတွေ ပျော်ပျော်ရွှင်ရွှင် သွားလာ နေရင်  ကိုယ်လည်းဈေးရောင်းကောင်းတယ်။ ကားသမားတွေ လည်း ငှားရတယ်။ အားလုံးပျော်နေတာပဲ မြင်ချင်တယ်။ ဒါပေမယ့် ကိုယ်လည်း ဘာမှ မတတ် နိုင်ဘူး။ 

အသုပ်စုံသည် အမျိုးသမီး စကားဆုံးသွားမှ အသုပ်စုံ စားဖို့ သတိရတယ်။ စားကြည့် လိုက်တော့ စားနေကြ အသုပ်စုံဆရာလေးရဲ့ လက်ရာကို မမှီပေမယ့် တစ်ပွဲငါးရာတော့ တန် ပါ တယ်။ ဒီဆိုင်လေးကို ကျွန်တော်ရောက်တော့ မနက် ရှစ်နာရီခွဲနေပေမယ့်  ကျွန်တော်က ဈေးဦးပေါက် ဆိုပဲ။ ဘေးနားက အအေးဆိုင် နဲ့ အုန်းရည်ဆိုင်က ဈေးဦးမပေါက်သေးဘူး။ 

အသုပ်စုံသည် အမျိုးသမီးကတော့ ရွှေတိဂုံ ဘုရားဘက်ကို မေ ျှာ်ကြည့်ရင်း ဘုရားက မနက် ခြောက်နာရီမှ ဖွင့်တာဆိုတော့ လူတွေက ဘုရားပေါ်မှာပဲ ရှိဦးမှာ၊ ဆယ့်တစ်နာရီလောက်မှ ဒီဘက်ကို လာကြမှာလို့ ဆက်ပြောနေတယ်။ 

ကျွန်တော်ကတော့ အားလုံးပျော်စေချင်တဲ့ အမကြီး ဆုတောင်းပြည့်ပါစေလို့ပဲ စိတ်ထဲ ကနေ ဆုတောင်းပေး မိတယ်။ နောက် နေ့ ဒီဘက်မှာ လမ်းလေ ျှာက်ဖြစ်ရင်လည်း ဒီဆိုင် လေးကို အားပေးရဦးမှာပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: