ဘောင်းဘီပြင်သည် “အလီ”

အသက် ကိန်းဂဏန်းတွေ ကြီးလာတာနဲ့ အမ ျှ လိုက်ပြောင်းလဲနေတာက ခါး ရဲ့ ကိန်းဂဏန်း တွေပဲ။ အသက် ၆၀ ကျော်ပြီ ဆိုရင်တော့ လေ့ကျင့်ခန်း ဘယ်လောက်လုပ်လုပ်၊ အစားနဲ့ ဘယ်လိုထိန်းထိန်း မလွယ်တော့ဘူး။ အဲဒီလို ဖြစ်လာတဲ့အခါ ပုဆိုးဝတ်ရတာ ပြဿနာ မရှိပေမယ့် ဘောင်းဘီဝတ်တဲ့အခါ ပြဿနာ တက်တော့တာပဲ။

ကျွန်တော်တို့ လူငယ်ဘ၀ ၁၉ ၇၀၊ ၁၉ ၈၀ နှစ်များဆီကတော့ ဂျင်းဘောင်းဘီ ဝယ်ချင်ရင် ဗိုလ်ချုပ်ဈေးကို ပြေးရတာပဲ။ အဲဒီအချိန်က ဂျင်းဘောင်းဘီအပါအဝင် နိုင်ငံခြားဖြစ် အဝတ် အထည်တွေ လိုချင်ရင် ဗိုလ်ချုပ်ဈေးက ဆရာကြီးပေါ့။ ဂျပန်ပစ္စည်း၊ အမေရိကန်ပစ္စည်း ဆိုတာက ဗိုလ်ချုပ်ဈေး မှာပဲ ရနိုင်တာလေ။ ဒါပေမယ့် အခုလို ပြည်ပက တရားဝင် တင်သွင်းပြီး ဒီဇိုင်းမျိုးစုံ ခင်းကျင်းပြသပြီးရောင်းတာမျိုးမဟုတ်ဘူး။ နိုင်ငံခြားက ပြန်လာတဲ့ သူတွေ အထူးသဖြင့် သဘောၤသားတွေယူလာတဲ့ အထည်တွေရောင်းတာပါ။ ဒါတောင် တစ်မျိုးကို သုံးလေးထည်ထက် ပိုရှိတာမဟုတ်ဘူး။ အဲဒီလို ဆိုင်တွေထဲမှာတော့ ဂိုရား ဆိုင်ဆိုတာက နာမည်ကြီးပဲ။

အဲဒီကာလ က ဂျင်းဘောင်းဘီ ဝယ်တဲ့အခါ အခုခေတ်လို တစ်ထည်ပြီး တစ်ထည် စိတ်ကြိုက် ဝတ်ကြည့် ပြီးမှ ဝယ်ရတာမဟုတ်ဘူး။ ရှိတဲ့အထဲက ယူရတာ။ ကိုယ်နဲ့ အတိအကျဖြစ်တဲ့ ခါးအရွယ်အစား၊ ခြေထောက်အရှည်ဆိုတာ ကံကောင်းမှ ကွက်တိ ရ တာ။ များသောအားဖြင့် အနီးစပ်ဆုံးရတာ ကိုဝယ်ပြီး အပ်ချုပ်ဆိုင်မှာ သွားပြင်ရတာပဲ။

ဗိုလ်ချုပ်ဈေးရှေ့ မောင်ထော်လေးလမ်း ( အခု ဗိုလ်ဆွန်ပတ်လမ်း) ထဲမှာ အဲဒီလို ပြင်ပေးတဲ့ အပ်ချုပ်ဆိုင်လေးတွေရှိတယ်။ များသောအားဖြင့် အပေါ်ဘလောက် အနော်ရထာလမ်း နဲ့ နီးတဲ့ဘက်မှာ နံရံကပ်ဆိုင်လေးတွေ၊ လှေကားခွင်အောက်က ဆိုင်လေးတွေမှာ ပြင်ကြ တာပဲ။ ဒီအပေါ်ဘလောက်မှာပဲ အပ်ချုပ်ဆိုင်ကြီးတွေလည်းရှိတယ်။ မှတ်မိသလောက်ဆိုရင် ဂလုပ်၊ ဂူလန်၊ မီယန်းရှိတယ်။ နောက် ( ) ဟူစိန် ဆိုတာလည်း ရှိသေးတယ်ထင်တာပဲ။ နာမည် အပြည့် အစုံ မမှတ်မိတော့ဘူး။ အခုတော့ ဂလုပ် နဲ့ မီယန်းပဲတွေ့တော့တယ်။ ဘောင်းဘီပြင်တဲ့ ဆိုင်လေးတွေတော့ မရှိ သလောက်ပဲ။

ကျွန်တော့်မှာ လွန်ခဲ့တဲ့ လေးနှစ်လောက်က ဝယ်ခဲ့တဲ့ ဂျင်း တစ်ထည်ရှိတယ်။ ခါးက တုတ်လာ တော့ အသက်အောင့် ၊ ဗိုက်ရှပ်ပြီး ဝတ်ရင် တော့ ရပေမယ့် အထိုင် ၊ အထ ဘယ်လိုမှ အဆင်မပြေဘူး။ ဒါပေမယ့် အမှတ်တရ ဝယ်ထားတာဆိုတော့ မပစ်ရက်ဘူး။ ဒါ့ကြောင့် ဒီဘောင်းဘီ လေးကို ပြင်ဖို့ စဉ်းစားရတယ်။

ဒီလိုနဲ့ သိမ်ဖြူလမ်းအတိုင်းသွားတဲ့အခါ အမြဲတမ်းမြင်နေရတဲ့ လမ်းငါးပွင့်ဆိုင် မီးပွိုင့်နားက “ အလီ အပ်ချုပ်ဆိုင်” ကို ရောက်သွားတယ်။ ဆိုင်းဘုတ်မှာ ဘောင်းဘီ ပြင်သည် လို့ ရေး မထားပေမယ့် အတွေ့အကြုံအရ ဒီလိုဆိုင်လေးတွေမှာ ပြင်လို့ရနိုင်တယ်ဆိုပြီး ရောက်သွားတာ။ ကျွန်တော်ရောက်သွားတော့ ဆိုင်ရှေ့ အပ်ချုပ် စက်မှာ လူငယ်တစ်ယောက် ရှိတယ်။ ဆိုင်ထဲက အပ်ချုပ်စက်မှာ အသက်ကြီးကြီး ၀၀ ဖိုင့်ဖိုင့် လူတစ်ယောက်ရှိတယ်။ အလယ်တည့်တည့် ဆိုင်နံရံမှာ အသစ်ချုပ်ထား တဲ့ ကုတ်အင်္ကျီ၊ ဘောင်းဘီတွေချိတ်ထားတယ်။ ဘေးက စင်တွေပေါ်မှာ အထည်လိပ်တွေရှိတယ်။ ပြင် ဖို့အပ်ထားတယ်လို့ ထင်ရတဲ့ ဂျင်းဘောင်းဘီ၊ သားရေဂျာကင်တစ်ချို့ရှိတယ်။ ရောင်စုံ အပ်ချည်လုံးတွေရှိတယ်။ ဆိုင်မျက်နှာစာ ဘယ်/ညာ မှာလည်း ဘောင်းဘီတွေချိတ်ထားတယ်။

ဂျင်း ဘောင်းဘီ ပြင်လို့ရလားလို့ မေးတော့ ရတယ်တဲ့။ ဘောင်းဘီကို ယူကြည့်တယ်။ ပြီးတော့ ကျွန်တော့် ခါးကို တိုင်းတယ်။ အတွင်းကနေ တစ်လက်မကျော်လောက်ချဲ့လို့ရမယ်၊ နောက် တစ်ခါ ထပ်ချဲ့ဖို့လိုရင်တော့ ပြင်လို့မရတော့ဘူး။ ပေးပစ်လိုက်တော့တဲ့။ ဒီတော့လည်း ပြင်ပေါ့ဗျာ လို့ သဘောတူလိုက်တာပေါ့ ။

သူတို့ နဲ့ စကားပြောတော့မှ သူတို့လည်း အရင်က မောင်ထော်လေးလမ်းထဲမှာ အခုလိုပဲ အပ်ချုပ်ဆိုင် ဖွင့်ခဲ့တာတဲ့။ အသက်ကြီးကြီးနဲ့ လူက သူ့ အဖိုးလက်ထက်က စပြီး အပ်ချုပ် လုပ်ငန်းကို လုပ်ခဲ့တာလို့ ပြောပြီး အဖိုး နဲ့ အဖွားရဲ့ အဖြူအမည်း ဓာတ်ပုံကို ပြတယ်။ ဆိုင်ရှေ့မှာ ကျွန်တော့်ဘောင်းဘီကို ပြင်ပေး တာက သူရဲ့ သားဆိုတော့ ဒီဆိုင်လေးရဲ့ သက်တမ်းက မျိုးဆက် လေးဆက် ရှိခဲ့ပြီပေါ့။ လက်ရှိအခြေအနေမှာ အဖေက အသက်ခြောက်ဆယ်ကျော်၊ သားက အသက် သုံးဆယ်ကျော်။ သားလုပ်တဲ့သူက အိမ်ထောင်ကျပေမယ့် သားသမီးမရှိသေးဘူး။ သားမွေးခဲ့ရင်တော့ အပ်ချုပ်ပညာသင်ပေးပြီး ဆက်လုပ်ခိုင်းမှာ လို့ပြောတယ်။

ဒီနေရာကို ရွှေ့လာတာ ၁၃ နှစ်လောက်ရှိပြီ။ မြို့ထဲမှာ ကားရပ်ဖို့ နေရာခက်တော့ လူအလာ နည်း သွားတယ်။ ဒ့ါကြောင့် ဒီနေရာကို ရွှေ့လာတာလို့ ဆိုတယ်။ အရင်က ဒီနေရာက နှစ်ထပ်တိုက်။ အခုတော့ ကန်ထရိုက်တိုက်အမြင့်ဖြစ်သွားပြီ။ ဆိုင်ခန်းငှားခက အရင် သောင်းဂဏန်း၊ အခုတော့ သိန်းဂဏန်း။ မြို့ထဲက နံရံကပ်အခန်းလေးတွေဆိုရင် အခန်းငှားခ ဘယ်လောက်ရှိမလဲ တွေးကြည့်မိတယ်။

ကိုဗစ် ပထမလှိုင်းထဲက ဆိုင်ပိတ်လိုက်တာ အခု ပြန်ဖွင့်တာ လေးလလောက်ပဲရှိသေးသတဲ့။ လုပ်ငန်းကတော့ အရင်လို ပုံမှန်ပြန်မဖြစ်တော့ဘူးပေါ့။ အပ်ချုပ်ဆိုင်ဆိုတာကလည်း လူတွေ စီးပွားရေးကောင်းမှ ၊ ပွဲလမ်းသဘင်တွေများမှ အလုပ်ဖြစ်တာကိုး။ အခုအချိန်က လူတိုင်းလိုလို ဗျသန တရားငါးပါး နဲ့ ကြုံနေရတာဆိုတော့ သောက နဲ့ ဒေါသက လွဲရင် ကျန်တာ အားလုံး ရှားပါးနေတော့တာပဲ ။

လောကမှာ ကျွမ်းကျင်ရာ၊ လိမ္မာပဲ။ ဘောင်းဘီကို ချုပ်ရိုးတွေ ဆွဲဖြုတ်၊ အတွင်းက အသားထပ်ပိုး၊ ပြန်ချုပ် လုပ်လိုက်တာ နာရီဝက်ကျော်လောက်ကြာတော့ ဘောင်းဘီပြင်ပြီးသွားတယ်။ လမ်းဘေး ဆိုင်ခန်းကျဉ်းကျဉ်းလေးထဲမှာ ဝတ်ကြည့်ဖို့ အဆင်မပြေတော့၊ အိမ်ရောက်မှ ဝတ်ကြည့်မယ်ဗျာ၊ အဆင်မပြေရင် ပြန်လာခဲ့မယ်လို့ ပြောခဲ့တယ်။

အိမ်ရောက်လို့ဘောင်းဘီဝတ်ကြည့်တော့ အဆင်ပြေတယ်။ လက်ရာသပ်ယပ်တယ်။ ပြင်ဖို့ အခွင့်အရေးရှိရင် ပြင်လိုက် တာအကောင်းဆုံးပဲဆိုတဲ့ သင်ခန်းစာပဲ။

ဒါ့ကြောင့် ကျွန်တော့်မှာရှိနေသေးတဲ့ ဘောင်းဘီတွေထဲက မတော်တော့တဲ့ ဘောင်းဘီတွေလည်း ပြင်ရမယ်။ ကိုယ့်နဲ့ မတော်တဲ့ ၊ ကိုယ်နဲ့ မတန်တဲ့ ဘောင်းဘီ ကို အတင်းဝတ်နေရင် ကိုယ့် အတွက် နေရ ထိုင်ရ အဆင်မပြေသလို ပတ်ဝန်းကျင်ကလူတွေ မြင်လို့လည်း မကောင်း ဘူး။

ဒါ့အပြင် ကိုယ်အခြေအနေ ကိုယ်မသိတဲ့ သူ၊ လောဘတက်ပြီး မဆန့်အင်တန် ဝတ်နေတယ် ဆိုပြီးတောင် အထင်သေးခံရ နိုင်တယ်။ ဒီတော့ အခြေအနေ မှန်ကို သိ၊ ငါနဲ့ မတော် တော့ဘူး၊ မတန် တော့ဘူး ဆိုတာကိုလက်ခံပြီး ပြင်လို့ရရင် ပြင်၊ ပြင်လို့မရတော့ဘူးဆိုရင် တော်တဲ့ ၊ တန်တဲ့ သူကို ပေးလိုက်တာပဲ ကောင်းပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: