မြန်မာနိုင်ငံအနှံ့အပြားက အဝေးပြေးလမ်းမတွေ မှာ အမြဲတမ်းတွေ့ရလေ့ရှိတာကတော့ ဒေသ ထွက် သီးနှံတွေကို ရောင်းချတဲ့ လမ်းဘေး ဈေးဆိုင်လေးတွေပါပဲ။
ဒီလို ဈေးဆိုင်တွေမှာ ရောင်းချနေတဲ့သူအများစုက မြေမဲ့၊ ယာမဲ့ ကျေးလက်မိသားစုဝင် အမျိုးသမီး တွေပါ။ ဟိုးတစ်ချိန်ကတော့ ကျေးလက်မှာ၊ ကောက်စိုက်၊ပျိုးနှုတ်၊ ကောက်ရိတ်၊ စာရင်းငှား စတဲ့ အလုပ်တွေက ပေါတော့ ဒီအမျိုးသမီးတွေအတွက် အလုပ်မရှားလှဘူး။ နောက်ပိုင်း စက်မှု လယ်ယာဘက်ကို ပြောင်းလာတာနဲ့ အမ ျှ လယ်ယာ လုပ်သားလိုအပ်ချက်က နည်းလာတော့ အမျိုးသားတွေလည်း ကျပန်းအလုပ်ရှာလုပ်၊ အမျိုး သမီးတွေက ဈေးရောင်း ဆိုတာ မျိုးဖြစ်လာတယ်။
ဒါ့ကြောင့် ကျွန်တော်ကတော့ ခရီးသွား တဲ့ အချိန်တိုင်း အဲဒီ ဈေးဆိုင်လေးတွေကို အားပေးလေ့ရှိပါတယ်။ တစ်ချို့ ခရီးသွားတွေကတော့ ဒီဈေးဆိုင်လေးတွေက ရုံးပိတ် ရက်ရှည်၊ ခရီးသွားတွေများတဲ့အချိန်ဆိုရင် ဈေးတင်ရောင်းတယ် ဆိုပြီး အပြစ်တင်ကြတယ်။ တကယ်တော့ ရုံးပိတ်ရက်ရှည်ဆိုရင် ဟိုတယ်ကြီးတွေလည်း ဈေးတက်ယူတာပါပဲလေ။ မျက်နှာမွဲ အောက်ခြေ လူတန်းစား ဈေးသည်ဆိုတော့ လူတွေက လွယ်လွယ်အပြစ်တင်လို့ရတာပဲ ကွာခြားတာပါ။
ရန်ကုန် – ပြည်လမ်းပေါ်မှာ အဲဒီလို ဈေးဆိုင်လေးတွေကို အများဆုံးတွေ့ရတာက ပေါင်းတည် နဲ့ မင်းလှ ကြားမှာပါ။ ဟင်းသီးဟင်းရွက်ရောင်းတဲ့ဆိုင်တွေရှိသလို ပြောင်းဖူးမီးဖုတ်ရောင်းတဲ့ ဆိုင်တွေလည်း ရှိတယ်။ ရန်ကုန်အိမ်အပြန်လက်ဆောင်ဝယ်မယ့်သူတွေကို အားထားပြီး ရောင်းရတာဆိုတော့ ဆိုင်အများစုကတော့ ပြည်ဘက်က လာရင် ညာဘက်အခြမ်းမှာ ရှိတာများတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ဆန်း ခရီးသွားတော့ ဒီဈေးဆိုင်လေးတွေမှာ ခဏနား၊ ဈေးဝယ် ဖြစ် တယ်။ ဒီတစ်ခေါက်မှာ ပြောင်းဖူးရောင်းတဲ့ ဆိုင်လေးတွေ အတော်နည်းသွားတယ်။ အရင်က ဈေးဆိုင် ရှိခဲ့ ဖူးတဲ့နေရာတွေမှာ ဝါးလုံးတိုင်အကျိုးအပဲ့တွေ၊ အပိုင်းပိုင်းပြတ်နေတဲ့ မိုးကာအပြာစတွေမြင်ရ တာ ကြေကွဲစရာပဲ။ ကိုဗစ် ပထမလှိုင်းစချိန်ထဲက ပိတ်လိုက်၊ ဖွင့်လိုက်ဖြစ်နေခဲ့တဲ့ ဆိုင်လေးတွေ ပုံမှန် ပြန်ဖွင့်ဖြစ်တာ နှစ်လလောက်ပဲရှိသေးသတဲ့။ ၂၀၁၉ ခုနှစ် ခရီးသွားချိန်က ဒီလို ပြောင်းဖူးဆိုင်လေးတွေရဲ့ အကြောင်းကို https://myehtut.com/2019/11/29/ကြေးလကျ-ဘောဂဗဒေ/ ဆိုပြီး ရေးခဲ့ဖူးတယ်။
ဒီနှစ် ပြောင်းဖူးဆိုင်လေးတွေမှာ ပြောင်းဖူးကြော် ဆိုပြီးရောင်းနေတာတွေ့ခဲ့တယ်။ ၂၀၁၉ ခရီးစဉ်မှာမတွေ့ခဲ့ရဘူး။ ပြောင်းဖူးကြော်လုပ်ဖို့အတွက် ပြောင်းဖူးကို အပင်မှာ ရင့်အောင်ထားရတယ်။ ပြီးမှ နေလှမ်း၊ အစေ့ထုတ်၊ ရေဆေး၊ ပြီးမှ ဆီနဲ့ ကြော်ရတယ်။ ဒီဆိုင်လေးတွေက ပြောင်းဖူးကြော်ကို အကြော် ဖိုမှာ သွားဝယ်ရတယ်။ ပြီးမှ အချိုမှုန့်နဲ့ ဆားဖြူးပြီး ပြန်ရောင်းတာ။ ဖို ကနေဝယ်တော့ ပြည်နဲ့ ဝယ်ရတယ်။ ဒီဒေသမှ တစ်ပြည် က ဆယ်လုံးတစ်ပြည်။ ကိုယ်ပြန်ရောင်းတော့ နို့ဆီဘူး နဲ့ ချင်ပြီးရောင်းတယ်။ ဖောက်သည်က အဆစ်တောင်းလို့ ပို့ထည့်ပေးရတာနဲ့။ ပလတ်စတစ် အိတ်ဖိုးနဲ့ ။ ပါးပါးလေးပဲ မြတ်တာပါ။ ဒါပေမယ့် ဒီကာလမှာ တစ်နေ့ နှစ်ထောင်၊သုံးထောင် ကျန်လဲ ဈေးဖိုးရတာပဲဆိုပြီး ရောင်းနေရတာပဲတဲ့။
ဟင်းသီးဟင်းရွက်ဆိုင်တွေကတော့ ပတ်ဝန်းကျင် စိုက်ခင်းတွေမှာ ဖောက်သည်ဈေးနဲ့ ယူပြီး ရောင်းရတာ။ ငါးချဉ်လိုဟာမျိုးကတော့ ကိုယ့်ဘာသာကိုယ်လုပ်တာလည်း ရှိတယ်။ ယူရောင်း တာလည်း ရှိတယ်။ ဒီဆိုင်လေးတွေရဲ့ ဒုက္ခက ကုန်စိမ်းဆိုတော့ မရောင်းရရင် အရင်းဆုံးတော့ တာပဲ။ ဖရုံသီး လို ဟာမျိုးက အထားခံပေမယ့် ဟင်းသီးဟင်းရွက်တွေ၊ ပဲတောင့်ရှည်တွေက သုံး လေးရက်ဆို ရောင်းလို့မရတော့ဘူး။ စားလို့လည်း မကုန်တော့ လွှင့်ပစ်ရတာပဲတဲ့။
အရင်ကတော့ ဒီလိုဈေးတန်းလေးတွေမှာ ဝယ်တဲ့အခါ စိတ်ကြိုက်ဆိုင်မှာ ရွေးဝယ်ခဲ့တာပါ။ ဈေး တန်းလေးတွေကို ကြည့်လိုက်ရင် ကားတစ်စီး ၊ နှစ်စီး ရပ်ထားတာအမြဲတွေ့နေရတော့ ဈေး ဆိုင် တွေကလည်း ကိုယ် မဝယ်လို့လည်း သိပ်ပြီး ပူပူပင်ပင် မရှိဘူး။
အခုတော့ ဈေးတန်းရှေ့မှာ ကားရပ်လိုက်တာနဲ့ ဆိုင်ရှင်တွေက ငါ့ဆိုင်မှာများဝယ်မလားဆိုတဲ့ မေ ျှာ်လင့်ချက်မျက်လုံးတွေနဲ့ လှမ်းကြည့်နေကြ၊ အရင်ဖောက်သည်များလား ဆိုပြီး စူးစမ်း တဲ့ မျက်လုံးတွေနဲ့ ရှာဖွေနေကြတော့ ဈေးလည်း မဆစ်ချင်၊ စိတ်ကြိုက်ဆိုင်လည်း ရွေးမဝယ်ချင် တော့ဘူး။ တစ်ဆိုင်က တစ်မျိုးနဲ့ ဆိုင်အားလုံးစုံအောင်ဝယ်ခဲ့ရတော့ ကားလည်း ကုန်စိမ်းကား ဖြစ်ရော။
ဒီဈေးတန်းလေးတွေက ခရီးသွား အိမ်စီးကားလေးတွေကို အားပြုရောင်းရတာ။ အခုတော့ လမ်းမ ပေါ်မှာ ကုန်ကားတွေ၊ ခရီးသည်တင် ဘတ်စ်ကားကြီးတွေပဲ များတော့ ရောင်းအားအတော်ကျ သွားတယ်။ တစ်နေ့ တစ်သောင်းဖိုး၊ နှစ်သောင်းဖိုးရောင်းရရင် အတော်ဟုတ်နေပြီတဲ့။ တစ်ချိန် က တစ်နေ့ကို ရှစ်သောင်း၊ တစ်သိန်းဖိုးရောင်းရတဲ့ကာလ နဲ့ အရမ်းကွာသွားပြီပေါ့။
ကျွန်တော်ခရီးသွားတာက အောက်တိုဘာလဆန်းဆိုတော့ ဈေးသည်တွေက သီတင်းကျွတ် ရုံးပိတ်ရက်မှာတော့ ရောင်းကောင်းမှာပဲ ဆိုပြီး မေ ျှာ်လင့်နေကြတယ်။ အဓိက ကတော့ ရန်ကုန် မြို့သားခရီးသွားတွေကို မေ ျှာ်တာပေါ့။
ရန်ကုန်သူ၊ ရန်ကုန်သားတွေက ခရီးလည်း သွားနိုင်၊ ငွေလည်း သုံးနိုင်ကြသလို ဘယ်အစိုးရ ခေတ်ဖြစ်ဖြစ် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် တွေ မှာ တိုက်ပွဲတွေဖြစ်နေတာတောင် ခရီးထွက်ခဲ့ကြတာကိုး။ အဲဒီဒေသတွေမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း ငါတို့ တိုက်ပွဲဝင်နေလို့ မလာကြနဲ့၊ ဘုရားမဖူးကြနဲ့၊ အပန်းမဖြေကြနဲ့ လို့ မတားကြပါဘူး။ အခုတော့ ရန်ကုန်သားတွေလည်း တစ်ခြားဒေသကို ခရီးသွားဖို့ နေသာသာ ရွှေတိဂုံ ဖူးသင့်၊ မသင့်တောင် အငြင်း အခုန်ဖြစ်နေကြတယ်။ ဒီကြားထဲ ဝင်ငွေနည်း၊ ဆီဈေးတက်၊ လုံလုံခြုံခြုံမရှိနဲ့ လူတွေမှာ သုခ ထက် ဒုက္ခက ပိုများနေတော့ ဈေးသည်တွေ မေ ျှာ်လင့်သလို ခရီးသွားတွေအများကြီး လာဖို့ မလွယ်လှ ပါဘူး။
ဈေးတန်းလေးက ဈေးသည်တွေက သီတင်းကျွတ်အကြောင်းပြောရင်း ခရီးသွားတွေများပြီး သူတို့အဆင်ပြေခဲ့တဲ့ အချိန်တွေ အကြောင်းကို ပြန်ပြောသလို အခု နိုင်ငံရေးမကောင်းတော့ ရောင်းမကောင်းဘူးလို့လည်းပြောတယ်။ ပေါက်ပင် ဘာ့ကြောင့်ကိုင်းရတယ်ဆိုတာ သူတို့ ဘ၀ အသိ နဲ့ သူတို့ အဖြေထုတ်ပြီးပြောတာလည်း ကြားခဲ့ရတယ်။ ဒါပေမယ့် သူတို့ ကြားမှာ ပါတီကို အကြောင်းပြုပြီး စိတ်ဝမ်းကွဲနေတာတော့ ရှိပုံမရဘူး။ ကျွန်မတို့က အနီ ကို ပေးတာ။ သူက အစိမ်း ဆိုတဲ့ စကားကို ပြုံးပြုံးရွှင်ရွှင် ပြောတာလည်း မြင်ခဲ့ရတယ်။
စကားပြောလို့လည်း အားရ၊ ဈေးဝယ်လို့လည်း ပြီးတော့ နှုတ်ဆက်ပြန်ထွက်ခဲ့တယ်။ ဈေးသည် တွေက ဦးလေး ၊ ကျေးဇူးနော်၊ ဖြေးဖြေးမောင်းလို့လှမ်းပြောတယ်။ ပြီးတော့ ပြည်မြို့ဘက်က လာတဲ့လမ်းကို လှမ်းမေ ျှာ်ကြည့်နေကြတယ်။ ဒါပေမယ့် လောလောဆယ်ဆယ် ဘာ ကားမှ လာတာ မမြင်ရသေးဘူး။
နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပျက်စီးနေကြတဲ့ စီးပွားသေးသေးလေးတွေကနေ
ကြီးကြီးမားမားစီးပွားရေးတွေအထိ အမြန်ပြန်ကောင်းပါစေလို့ဆုတောင်းပါတယ်
LikeLike
ခုလိုအချိန်မှာစျေးသည်တွေ ဘဝကို အဆင်ပြေစေချင်တဲ့ ဆရာ့စိတ်ကိုလေးစားပါတယ်❤️
>
LikeLike