လူအတော်များများက နေ့တိုင်း ဖိနပ် စီးနေပေမယ့် ဖိနပ်တန်ဖိုးကို မေ့နေတတ်ကြတယ်။ ဒါပေမယ့် မြို့ထဲလမ်းလေ ျှာက်ရင်း ဖိနပ်သဲကြိုးပြတ်၊ ဖိနပ်ခွာကွာသွားတဲ့အချိန်၊ ဒါမှ မဟုတ် အလှုမှာ ဖိနပ်ပျောက်တဲ့အခါ ဆိုရင်တော့ ဖိနပ်ရဲ့ တန်ဖိုးကို ကောင်းကောင်း သဘော ပေါက်သွားကြပါတယ်။
တောထဲတောင်ထဲ၊ ချောင်းထဲ မြောင်းထဲ၊ ရွှံ့ထဲ သွားနေရတဲ့ တပ်မတော်သားဘ၀ မှာတော့ ဖိနပ် ဆိုတာ သေနတ်လို အမြဲတမ်း ဂရုစိုက်ထိန်းသိမ်းထားရတဲ့ အရာပဲ။ တောထဲမှာတင်မဟုတ်ပါ ဘူး။ နောက်တန်းဌာနချုပ်မှာ နေတဲ့အချိန်၊ ဒါမှမဟုတ် သင်တန်းတက်နေရချိန်ဆိုရင်လည်း ဖိနပ်ကို ပြောင်လက်နေအောင် တိုက်ထားရတာပဲ။ ဗိုလ်လောင်းဘဝကတော့ ပြောမနေနဲ့ တော့ ၊ ကိုယ့်မျက်နှာကိုသာ မှန်ထဲမကြည့်ဖြစ်ရင်ရှိမယ်၊ ဖိနပ်ဦးထိပ်လေးကို မှန်လိုအရိပ်ထင်အောင် တိုက်ပြီး အရိပ်တကြည့်ကြည့်၊ တသသ ထားရတာပါ။
ဖိနပ်ဟာ သက်ရှိသတ္တဝါတစ်ကောင်လိုပဲ သူ့သခင်နဲ့ ဆက်စပ်မှုရှိတယ်ဆိုရင် ပိုလွန်းတယ်လို့ ထင်ကြမယ်။ ဒါပေမယ့် စီးနေကြ ဖိနပ်ပျောက်သွားလို့ ဒါမှမဟုတ် ပျက်သွားလို့ ဖိနပ် အသစ် စပြီး စီးရတဲ့အခါ ဘယ်လိုခံစားရသလဲဆိုတာ ပြန်တွေးကြည့်ရင် ကျွန်တော် ပြောတာ မလွန်ဘူးဆိုတာ နားလည်မှာပါ။ ခြေညှပ်ဖိနပ်များ ဆိုရင် ကိုယ်စီးနေကြ ဖိနပ်ဆိုတာ ကိုယ်နဲ့တစ်သားတည်းဖြစ်နေတာမျိုးပဲ။ စီးကြည့်လိုက်တာနဲ့ ဒါဟာ ကိုယ့်ဖိနပ် ဟုတ်သလား မဟုတ်ဘူးလား ခံစားလို့ရတယ်။ အလှု မှာ ဖိနပ်မှားစီးတယ်ဆိုတဲ့ သူဟာ ခံစားမှု အာရုံအတော်နည်းတဲ့သူဖြစ်ရင်ဖြစ်မယ်၊ ဒါမှမဟုတ် တမင် သက်သက် မှားစီးသွားတာပဲဖြစ်မယ်။
တပ်မတော်သားဘဝထဲက ဖိနပ်ကို ဂရုစိုက်တဲ့အကျင့်က အခု အချိန်ထိရှိနေဆဲပဲ။ ဒါ့ကြောင့်လည်း ကျွန်တော် ခြေလျင်ခရီးကြမ်းသွားတိုင်း စီးလေ့ရှိတဲ့ ဖိနပ်လေး သက်တမ်း နည်းနည်းရလာတော့ ပြုပြင်ထိန်းသိမ်းဖို့ လုပ်ရတယ်။ ခရီးကြမ်းအတွက် သုံးတဲ့ဖိနပ်ဆိုလို့ ဘာတံဆိပ်၊ ညာတံဆိပ် ဆိုတဲ့ တန်ဖိုးကြီးမဟုတ်ပါဘူး။ အရင်က “ ဗကပ ဖိနပ်”လို့ခေါ်တဲ့ တရုတ်ကင်းဘတ်ဖိနပ် လည်တိုပါပဲ။ ၂၀၁၇ ခုနှစ် သံဈေးမှာဝယ်တော့ လေးထောင့်ငါးရာ ပဲပေးရတယ်။ ဈေး မကြီးပေ မယ့် ကိုယ်နဲ့အတူ တောတွင်းခရီးကြမ်းတွေ၊ တောင်တွေ တက်ခဲ့တာဆိုတော့ တန်ဖိုးကြီး တယ်။
ကျွန်တော်ဖိနပ်ချုပ်လေ့ရှိတဲ့နေရာက မြို့လယ် အဆောက်အဦဟောင်းကြီးရဲ့ ဆင်ဝင် အောက် မှာ။ အဲဒီနေရာမှ ဖိနပ်ချုပ်၊ ထီးပြင်တဲ့သူ လေးငါးယောက်အမြဲရှိတယ်။ ဒီနေ့မနက်လမ်းလေ ျှာက်ပြီး အပြန် ေ ရာက်သွားတော့ နည်းနည်းစောနေသေးတဲ့အတွက် ဖိနပ်ဆရာတွေမရောက်သေးဘူး။ ဒါနဲ့ မလှမ်းမကမ်းမှာရှိတဲ့ စားဖွယ်စုံ လို့နာမည်တပ်ထားတဲ့ဆိုင်မှာ ဝင်ထိုင်တယ်။ မုန့်ဟင်းခါး၊ ပဲကြော်နဲ့တစ်ပွဲမှာတယ်။ ဂျင်း လက်ဖက်ရည် ရသည်ဆိုတဲ့ ဆိုင်းဘုတ်တွေ့လို့ ဂျင်းလက်ဖက်ရည်တစ်ခွက်မှာတယ်။ နှစ်မျိုးလုံး သာမန်လက်ရာပဲ။ ထိုင်စရာနေရာနဲ့ အချိန်ကို ဝယ်တယ်လို့ပဲ သဘောထား လိုက်တယ်။
ရှစ်နာရီခွဲကျော်တော့ နောက်တစ်ခေါက်ပြန်သွားတဲ့အခါ ဖိနပ်ဆရာတစ်ယောက်ပဲတွေ့တယ်။ အရင်ချုပ်ဖူးတဲ့သူလည်း မတွေ့ဘူး။ ဒါနဲ့ ဝိရိယကောင်းတဲ့သူပဲ အားပေးလိုက်တယ်။ ဖိနပ်ဆရာက အသက် သုံးဆယ် ကျော်ပဲရှိသေးတယ်။ ဖိနပ်ကို အထက်အောက် ဘေးပတ် လည် ကြည့်ပြီး ကြိုးပေါ်ပဲ ချုပ်လို့ရမယ်လို့ပြောတယ်။ ကြိုးပေါ်ဆိုတာက ဘေးပတ်လည် အသားမှာ ချုပ်တာကို ပြောတာပါ။ ကြိုးပျောက် ဆိုတာလည်း ရှိသေးတယ်။ အဲဒါက ခွာကို ဓားနဲ့ ခွဲကြောင်း ပေးပြီး ချုပ်တာ၊ ရှုးဖိနပ်တွေမှာ ချုပ်လေ့ရှိတယ်။
ကျွန်တော်က ချုပ်ဖို့ သဘောတူတာနဲ့ ဖိနပ်ဆရာက အလုပ်စတယ်။ ဖိနပ်ဘေးသားတွေကို အဝတ်နဲ့ သုတ်ပြီး သန့်ရှင်းရေးလုပ်တယ်။ နို့ဆီခွက်ဘူးခွံမှာ ပတ်ထားတဲ့ နိုင်လွန်ကြီုး အမည်း ကို တိုင်းဖြတ်တယ်။ ဖိနပ်ချုပ်ဆူးကို ဆပ်ပြာတုံးထဲ ထိုးနှစ်လိုက်တယ်။ ပြီးတော့ ဖိနပ်ဘေးသားကို ထိုးဖောက်၊ ကြိုးကို လ ျှိုသွင်း၊ နောက်တစ်ချက်ဖောက်၊ ဖိနပ်ချုပ်ဆူးကို ထိုးထည့်၊အတွင်းက နိုင်လွန်ကြိုးကို ဆူးထိပ်က အထစ်လေးနဲ့ ချိတ်ပြီး ဆွဲယူ၊ ကွင်းလိုဖြစ်တော့မှ အပြင်က ကြိုးစ ကို ထိုးထည့်၊ အတွင်းကနေ ကြိုးကို တင်းတင်းပြန်ဆွဲ၊ ပြီးရင် နောက်တစ်ချက်၊ နောက်တစ်ချက် ။
ဖိနပ်ဆရာက ဒီအလုပ်ကို အဖိုးလက်ထက်က စပြီး မျိုးရိုးစဉ်ဆက်လုပ်လာတာ။ အဖိုးတွေ ခေတ်က ထီးပြင်တာ ပိုလုပ်ရတယ်။ သူ့အဖေနဲ့ သူ့ခေတ်ရောက်တော့ နိုင်ငံခြား ဖိနပ်မျိုးစုံ ဝင်လာတော့ ဖိနပ်ချုပ်တာပိုလုပ်ရသတဲ့။ ရာသီအလိုက်ပြောရရင် နွေက အလုပ်ပါးတယ်။ မိုး ကျတော့ ထီးပြင်ရတာပိုများတယ်။ ဒါပေမယ့် ဖိနပ်ရေစိုပျက်တာတွေရှိတော့ ဖိနပ်လည်း ချုပ် ရတာပဲ။ ဆောင်းတွင်းကတော့ အားကစားရာသီဖြစ်လို့ ဖိနပ်ပြင်ရတာပိုများသတဲ့။
အမျိုးသားတွေက ဖိနပ် ခွာကွာလို့ ပြန်ချုပ်တာ၊ ခွာမကွာအောင် ကြိုတင်ပြီးချုပ်တာများတယ်။ အမျိုးသမီးတွေကတော့ သဲကြိုးပြတ်၊ ခေါင်ပြုတ်၊ ဒေါက်ပြုတ်ပြင်ရတာပိုများတယ်။ ဖိနပ် တွေ ပြင်တဲ့အထဲမှာဈေးကောင်းရတာက ဂေါက်ဖိနပ်တွေ၊ ပြင်ရတာအခက်ဆုံးက လုပ်ငန်းခွင်သုံး အန္တရာယ်ကင်းဖိနပ်ကြီးတွေ၊ အဲဒီဖိနပ်တွေက ခွာမာတဲ့အပြင် ထိပ်မှာလည်း အတွင်းက သံပြား ခံထားတဲ့အတွက် ချုပ်ရတာခက်တယ်။
သူ့ဆိုင်ရှေ့မှာ ဖိနပ်အဟောင်းတွေလည်း ချထားတယ်။ တစ်ချို့ကတော့ ဖိနပ်ပြင်ဆိုင်မှန်း သိအောင် ချထားတာ၊ တစ်ချို့ဖိနပ်တွေက တစ်ပတ်ရစ်အနေနဲ့ ပြန်ရောင်းဖို့တင်ထားတာ။ ဖိနပ်အဟောင်းတွေက နည်းမျိုးစုံနဲ့ရတယ်။ သန့်ရှင်းရေးသမားတွေ အမှိုက်ပုံးထဲကနေ တွေ့ ပြီး ပြန်လာရောင်းတာလည်းရှိတယ်။ တစ်ချို့ကတော့ ပြင်ရကောင်းမှန်းမသိလို့၊ပြင်မသုံးချင်လို့ ပေးပစ်လိုက်တာကို ရတဲ့သူက လာရောင်းတာလည်း ရှိတယ်။ လာရောင်းတိုင်းလည်း မဝယ်ရဲ ဘူး။ လူပုံကြည့်ရသေးတယ်။ တိုက်ခန်းတွေပေါ်တက်ခိုးလာတာ ဝယ်မိရင် အမှုပတ်မှာလည်း ကြောက်ရတယ်။ ဖိနပ်ဟောင်းတွေက ဆာလာအိတ်နဲ့တစ်လုံးရှိတယ်တဲ့။ အရင်ကတော့ အများကြီးခင်းထားပေမယ့် အခုတစ်လော စည်ပင်က လာလာရှင်းနေတာကြောင့် မခင်းရဲ တော့ဘူးလို့ ဆိုတယ်။
ခဏနေတော့ ဖိနပ်ဆရာရဲ့ မိတ်ဆွေတစ်ယောက်ရောက်လာတယ်။ ဒီနေ့လည်း အလုပ်မဖြစ် ဘူးကွာ ဆိုပြီး စိတ်ပျက်လက်ပျက်ပြောတယ်။ အဲဒီသူက ဆေးသုတ်သမား၊ သံလျင်မှာနေ တယ်။ အခု ကမ်းနားလမ်းက အဆောက်အဦတစ်ခုမှာ အလုပ်ဆင်းနေတာ၊ ကန်ထရိုက်က ငွေမရှင်း နိုင်လို့ ဒီနေ့လည်း အလုပ်မဖြစ်ဘူးတဲ့။ သူက အလုပ်ရှိရင် တစ်နေ့ တစ်သောင်းခွဲရတယ်။ ဒါပေမယ့် သူတို့ခေါင်းဆောင်က နှစ်ထောင်ယူတော့ တစ်သောင်းသုံးထောင်ပဲရတယ်။ အရင် ကတော့ ကန်ထရိုက်တွေက ငွေမှန်မှန်ရှင်းနိုင်တယ်။ နည်းနည်းပါးပါးနောက်ကျရင်လည်း ခေါင်း ဆောင်က စိုက်ရှင်းပေးထားနိုင်တယ်။ အခုတော့ ကန်ထရိုက်လည်း ငွေမလည်၊ ခေါင်းဆောင် လည်း ငွေ ပြတ်ဆိုတော့ အလုပ်မလုပ်ရတဲ့ ရက်ကများနေတယ်။ သံလျင်ကနေ လာရတာ ဆိုတော့ ကားခ၊ ထမင်းဖိုး၊ ဆေးလိပ်ဖိုး၊ ကွမ်းဖိုး နဲ့ နှစ်ထောင်လောက်ကုန်တယ်။ ဒီတော့ ရန်ကုန်ထဲရောက်မှ ဒီနေ့ အလုပ်မရှိဘူးဆိုရင် ရင်ဆို့တာပဲတဲ့။ ဒီလို ဝေဒနာမျိုးစုံကို ကုမယ့်သူ တော့ မရှိ သေးဘူး။ လေထွားတဲ့ ပယောဂဆရာတွေပဲများနေတယ်။ ရောဂါတော့ မပျောက်ဘူး၊ ကြိမ်လုံးနဲ့ရိုက်တာက သေတော့မယ်ဆိုတဲ့ ဇာတ်လမ်းပဲ။
သူ့မိတ်ဆွေ စကားကို နားထောင်ပြီး ဖိနပ်ဆရာက ဒါ့ကြောင့် ကျွန်တော်က ကိုယ်ပိုင် အလုပ်ပဲ လုပ်တာလို့မှတ်ချက်ပေးတယ်။ ဒါပေမယ့် သူလည်း ရုန်းကန်နေရတာပဲ။ ၂၀၂၁ ခုနှစ်ထဲမှာ ငါး လ လောက် ဆိုင်ဖွင့်လို့မရတော့ အရောင်းအဝယ်လိုလို ပွဲစားလိုလို နဲ့ အချိန်ကုန်ခဲ့ရသတဲ့။
ဖိနပ်ဆရာက အိမ်ထောင်ကျတာမကြာသေးဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ကမှ မင်္ဂလာ ဆောင်တာဆိုပဲ။ သုံးဆယ်ကျော်မှ ကံပေါ်တဲ့ လူပျိုကြီးပေါ့။ ကျွန်တော်တို့ ချစ်နေတာ လေးနှစ် ကျော်ပြီ၊ စက်စဲကမ်းခြေ ကို သွားရင်းတွေ့တာ။ သူက ရန်ကုန်က မဟုတ်ဘူး၊ မော်လမြိုင်ဘက်က လို့ ပြုံးပြုံးကြီးပြောတယ်။
သူ့စကားကြားတော့ သွှအောင်နဲ့ ဂျွန်သင်ဇမ်းတို့ရဲ့ စက်စဲ ကမ်းခြေ ညအလှကို ခံစားပြီးရေးထားသော “ ဝိုင်း” သီချင်းကို သတိရမိတယ်။ သီချင်းက “လာသွားမယ်၊ စက်စဲကမ်းက ဒို့သီချင်းဝိုင်း” လို့ အစချီပြီး ကမ်းခြေရောက်ချစ်သူနှစ်ယောက်အကြောင်းကို
xxလှိုင်းလေတွေ တိတ်ဆိတ်ချိန်မို့
နားလည်တဲ့နှလုံးသားလေးတွေ
မရိုးနိုင်တဲ့အချစ်တေးကို ဖွင့်တဲ့
အခါ… ဆိုပြီး ဖွဲ့နွဲ့ထားတယ်။ အဲဒီသီချင်းလေးကို နှစ်သက်တဲ့အတွက် ၂၀၁၆ ခုနှစ်ရောက်တော့ ပင်လယ်ကမ်းခြေ တစ်နေရာက ခံစားချက်တွေကို “ပင်လယ်အလှ အပြာရောင်ည” ဆိုပြီး အက်ဆေးတစ်ပုဒ်ရေးဖြစ် ခဲ့သေးတယ်။
စက်စဲကမ်းခြေ ဆိုတဲ့စကားကြောင့် အတိတ်ကို သွားနေတဲ့ ကျွန်တော်ဟာ ဖိနပ်ဆရာ ရဲ့ ပြီးပြီ ဆိုတဲ့ စကားသံကြောင့် ရန်ကုန်ပလက်ဖောင်းဘေးကို ပြန်ရောက်လာတယ်။ ဖိနပ်ဆရာက ချုပ်ပြီး သွားတဲ့ဖိနပ်နှစ်ဘက်လုံးကို ကိုင်ပြတယ်။ ကြိုက်ပြီလားလို့ မေးတယ်။ သပ်ရပ်အချိုးကျပါတယ်။ ဒါနဲ့ ပိုက်ဆံရှင်းပေးလိုက်တယ်။
ပြီးတော့ စိတ်ထဲမှာ သိချင်တာနဲ့ ၊ “အခုခေတ် ဖိနပ်တွေပေါ၊ ဈေးလည်း ချိုလာတော့ ဖိနပ် ပြတ်ရင်၊ ပျက်ရင် လာချုပ်တဲ့သူရော ရှိသေးရဲ့လား” လို့ မေးမိတယ်။
ဖိနပ်ဆရာက ကျွန်တော့်ကို မော့ကြည့်ပြီး “ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်သုံးတဲ့သူတွေက နှမြော တော့ ပြင်သုံးတာပေါ့” လို့ ဖြေတယ်။
သူ့စကားကို ကြားတော့ သမ္မတ မားကို့စ်၊ သမ္မတ မူဂါဘီ၊ ဝန်ကြီးချုပ် နာဂျစ်တို့ ဇနီးတွေ ရဲ့ ရာချီတဲ့ ဖိနပ်တွေ၊ လက်ကိုင်အိတ်တွေ ကို သတိရမိတယ်။ သူတို့ကတော့ ပျက်ရင် ပြင်မယ့် သူတွေ မဟုတ်ဘူး။ ပစ္စည်းကောင်းတွေကို များများ ပေါပေါ သုံးနိုင်တာကို ဂုဏ်ရှိတယ်လို့ ထင်ခဲ့သူတွေပေါ့။ ဒါပေမယ့် ဂုဏ်ရှိတယ်ဆိုတဲ့ အဲဒီဖိနပ်တွေ၊ လက်ကိုင် အိတ် တွေကပဲ သူတို့ရဲ့ ဂုဏ်သိက္ခာတွေကို နင်းချေသွားခဲ့တာပါ။


Thanks for this story about day-to-day struggles of ordinary Burmese.
LikeLike