အနှေးယာဉ်

သစ်ပင်အောက်က ဆိုက်ကားဂိတ်မှာ ဆိုက်ကားငါးစီးထိုးထားတယ်။နှစ်စီးပေါ်မှာ လူမရှိဘူး။ သုံးစီးပေါ်မှာတော့ ဆိုက်ကားဆရာတွေထိုင်နေတယ်။ တစ်ယောက်က ဂျာနယ်တစ်စောင် ဖတ် နေတယ် ။ကျန်တဲ့နှစ်ယောက်ကတော့ ဆိုက်ကားပေါ်ထိုင်ပြီး လမ်းပေါ်က လူသွားလူလာတွေကို ငေးနေတယ်။ သစ်ပင်မှာ ကပ်ရိုက်ထားတဲ့ သစ်သားတန်းမှာတော့ တိုကင်ပြားလေး တွေ ချိတ်ထားတယ်။ တစ်ချိန်က ဒီလို ဂိတ်လေးတွေမှာ ဂိတ်နာမည်၊ ဆိုက်ကား အရေအတွက် တွေ ဖော်ပြထားတဲ့ ဆိုင်းဘုတ်လေး တွေရှိခဲ့ဖူးတယ်။ ဆိုက်ကားဆရာတွေကို အနှေးယာဉ် လုပ်သားလို့ ခေါ်ခဲ့ကြဖူးတယ်။

တကယ်တော့ မနက်လမ်းလေ ျှာက်ရင် အိမ်အထိ အသွားအပြန်လေ ျှာက်တာပါ။ ဒီနေ့တော့ ခါတိုင်းထက် ဝေးဝေးလေ ျှာက်တာရယ်၊ မုန့်ဟင်းခါးစားလိုက်တာများသွားတာရယ်ကြောင့် ဆိုက်ကား နဲ့ ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဆိုက်ကားတွေအနားသွားပြီး xxx ကို ဘယ်လောက်လဲဆိုတော့ သူတို့ ပြောတဲ့ဈေးက တက္ကစီ ခ ရဲ့ သုံးပုံတစ်ပုံပဲရှိတယ်။ သွားမယ်လို့ပြောလိုက်တော့ အလှည့်ကျတဲ့ လူလတ်ပိုင်းတစ်ယောက်က ဆိုက်ကားတွန်းပြီးထွက်လာတယ်။ ကျွန်တော့်အနားရောက်တော့ လှဲချထားတဲ့ နီညိုရောင် နောက်မှီလေးကို ထောင်တယ်။ ခရီးသည်ထိုင်မယ့်နေရာကို အဝတ်စုတ်နဲ့ တစ်ချက်နှစ်ချက် ပုတ်ပြီး တက် ဆရာ လို့ပြောတယ်။

ဆိုက်ကားဆရာလေးက ယာဉ်ကြောပြောင်းပြန်ထွက်လာပြီး တစ်ဖက် ယာဉ်ကြောထဲကို အသာမျောဝင်လိုက်တယ်။ ကားနှစ်စီးကြားက လမ်းဖြတ်ကူးဖို့ ထွက်လာတဲ့ အမျိုးသမီးကို ဘဲလ်တီးပြီးသတိပေးတယ်။ အရှိန်ရလာတဲ့ ဆိုက်ကားက သွက်သွက်လေးခရီးနှင်နေတယ်။ သူဆိုက်ကားနင်း တာ သက်တောင့်သက်သာရှိတယ်။ ဆိုက်ကားနင်းတာ ဆယ်နှစ်ကျော် ပြီတဲ့။

ဒါပေမယ့် သူက ရန်ကုန်သားမဟုတ်ဘူး။ ညောင်ဦးမြို့နယ် ရွာတစ်ရွာက သူ့ဇာတိ။ ဇနီး ရှိတယ်။ သုံးတန်းတက်နေတဲ့ကလေးတစ်ယောက်ရှိတယ်။ ဆိုက်ကားဂိတ်ရှိတဲ့ မြို့နယ်ထဲမှာပဲ အခန်းငှားနေတယ်။ အခန်းငှားတယ်ဆိုပေမယ့် အဆောင်ထဲက သီးသန့်ခန်းလေးကို ငှားနေ တာပါ။ ထမင်းတော့ ပေါင်းအိုးနဲ့ ချက်ခွင့်ရတယ်။ ဟင်းချက်လို့မရဘူး။ ရေ၊ အိမ်သာကတော့ မ ျှသုံးပေါ့။ သူက ဆိုက်ကားနင်းတယ်။ ဇနီးဖြစ်သူက ဂိတ်နားက ဈေးမှာ ဆိုင်အကူလုပ် တယ်။

ဆိုက်ကားက အငှားနင်းတာ။ အုံနာခ တစ်နေ့ နှစ်ထောင်ပေးရတယ်။ အခုတော့ ခရီးသည် အရနည်းလို့ အုံနာက တစ်ထောင်ပဲယူတော့တယ်။ သူတို့ ဂိတ်က နင်းသား အားလုံးဟာ နယ်က လာတဲ့ လူတွေချည်းပဲ။ “ ရန်ကုန်သားတွေက ဆိုက်ကားမနင်းတော့ဘူး။ ဆိုက်ကားပဲ ထောင် စားတော့တယ်” လို့ ရယ်ပြီးပြောတယ်။

ကပ်ဘေးနှစ်ခုဒဏ်ကို ခံရတဲ့အထဲမှာ ဆိုက်ကားလည်းမလွတ်ဘူး။ အရင်ကဆိုရင် တစ်ရက် ကို နှစ်သောင်း၊ သုံးသောင်းရတယ်။ အခုဆိုရင် တစ်ရက် တစ်သောင်းကျော်ရင် လက်ခမောင်းခတ် ပေတော့။ ကိုဗစ်မဖြစ်ခင်ကဆိုရင် မနက်ပိုင်း၊ ညနေပိုင်း ဈေးချိန်၊ ကျောင်းချိန်ဆိုရင် ဂိတ်မှာ တောင် ဆိုက် ကားမကျန်ဘူး။ ရောက်ထွက်။ အခုတော့ ပြန်ရောက်တာနဲ့ ကျောက်ချထား သလိုပဲတဲ့။ လုပ်ငန်း ကိုင်ငန်းကလည်း မကောင်း၊ လုံခြုံရေးကလည်း စိတ်မချရတော့ နယ်ပြန် တဲ့သူတွေလည်း ရှိတယ်။ အခုဆိုရင် သူတို့ ဂိတ်မှာ ၁၄ စီးရှိရာကနေ ၈ စီးပဲကျန်တော့တယ်။

ဆိုက်ကားဆရာက ကိုဗစ်ဖြစ်တဲ့အခါ ဒယ်လီတွေ ခေတ်စားလာတာကြောင့်လည်း ဝင်ငွေကျ တယ်တဲ့။ အရင်ကဆိုရင် ဖောက်သည် အိမ်တွေက ဖုန်းဆက်ပြီး ဘာဝယ်ပြီးလာပို့ပါ စသည်ဖြင့် ခိုင်းတာရှိတယ်။ အခု မရှိသလောက်ပဲ။ နောက်ပြီး ဆိုင်တွေကလည်း ဖောက်သည်တိုးအောင် သူတို့ ကိုယ်တိုင်ပို့တာလည်းရှိတယ် လို့ ရှင်းပြတယ်။ စီးပွားရေးပုံစံအပြောင်းအလဲ နဲ့ အတူ လိုက်ပါ ပြောင်းလဲနိုင်ဖို့အတွက် ဆိုက်ကားဆရာတွေ ကြိုးစားရတော့မှာပဲ။

ဆိုက်ကားက ဘုန်းကြီးကျောင်း မုခ်ဦးရှေ့က ဖြတ်သွားတော့ ဆိုက်ကားဆရာလေးက ဒီနှစ် ကထိန်ခင်းဖို့လည်း ဘယ်လိုလုပ်ရဦးမလဲ မသိဘူးလို့ စကားစတယ်။ အရင်ကတော့ ကထိန်ရာသီနီးပြီဆိုရင် ဆိုက်ကား ဂိတ်လေးတွေမှာ ပဒေသာပင်တွေထောင်ပြီး အလှုခံကြ၊ သီချင်းတွေဖွင့်ကြပေါ့။ မနှစ်ကတော့ စည်စည်ကားကား မလုပ်ချင်တာလည်းပါ၊ မလုပ်ရဲ တာလည်း ပါတော့ နီးစပ်ရာ အလှုခံ၊ ဂိတ်သားတွေ နိုင်သလောက်ထည့်ပြီး အကျဉ်းရုံးပဲ လုပ်ခဲ့ရ တယ်တဲ့။

“ ကျွန်တော်တို့က ရွာပြန်ပြီး ကထိန်မခင်းနိုင်တော့ နှစ်စဉ် စုပေါင်းကထိန်နဲ့ ကုသိုလ်ယူ နေရတာ” လို့ ပြောတယ်။ သူ့စကားကြားတော့ တစ်ခါတစ်လေ ဆိုက်ကားဂိတ်က လော်သံဆူ လို့ ငြိုငြင်ခဲ့ဖူးတဲ့ ကိုယ်တောင် အပြစ်မကင်းသလို ခံစားမိတယ်။ ဟုတ်တာပေါ့၊ ရွာမှာဆိုရင် အလှုဝင်၊ အလှုထွက် ဝိုင်းကူလုပ်ကြ၊ ရွာနီးချုပ်စပ်ပါမကျန် လာကြ၊ လှုကြ၊တန်းကြ၊ စားကြ ပျော်စရာကြီးကိုး။ ရန်ကုန်မှာ ရောက်နေတော့ နိုင်သလောက်လေးလှု၊ ပျော်လို့ရသ လောက် လေး ပျော်ကြရတာ ပေါ့လေ။

အလှုအတန်းတွေအကြောင်း စကားရောက်သွားတော့ ဆိုက်ကားဆရာက ကျွန်တော်တို့တွေက ဘာသာရေးလည်းမမေ့ဘူး။ ဂိတ်မှာဆိုရင် ဘုရားစင်က ပန်း၊ ရေချမ်းမပြတ်ဘူးလို့ဆိုတယ်။ ဒါပေမယ့် ကျွန်တော်ရောက်တဲ့အချိန်မှာ ဘုရားစင်မတွေ့ခဲ့ဘူး။ သူ့ကို မေးလိုက်တော့ မနှစ်က ညဘက်ကြီး လမ်းဘေးဆိုင်တွေ၊ လှည်းတွေ ဖျက်တဲ့၊ သိမ်းတဲ့အချိန် သူတို့ ဂိတ်သစ်ပင် အောက်က ကွပ်ပျစ်ရော၊ ဘုရားစင်ပါ ဖျက်သွားသတဲ့။ အင်း အရှည်အတို အတိုင်းအဆ မသိ၊ ဝါးလုံးရှည် နဲ့ သိမ်းရိုက်တဲ့သူတွေ မြို့မေတ္တာခံယူကြပေါ့။

နောက်တော့ စကားက ဒီခေတ်မှာ မပါမပြီး ဆီ နဲ့မီး ဘက်ရောက်သွားတယ်။ ကျွန်တော်က ခင်ဗျားတို့က ဓာတ်ဆီမထည့်ရတော့ တက္ကစီသမားတွေထက်စာရင် တော်သေးတာပေါ့ လို့ ပြောတော့ “ ဆိုက်ကားကို ဆီ မထည့်ရပေမယ့် ဗိုက်ထဲကို အစာထည့်ရတယ်လေ ဆရာရဲ့” လို့ပြောပြီး ဆန်ဈေး၊ စားအုန်းဆီဈေး ဘက်ရောက်သွားတယ်။ သူ့ဇနီးက ဈေးထဲမှာ အလုပ် လုပ်တာဆိုတော့ ကုန်ဈေးနှုန်းသတင်းက Up to Date ပေါ့လေ။ နောက်တော့ ကုန်ဈေးနှုန်း ကနေ အစိုးရ လုပ်ပုံ ဘဝင်မကျတာတွေပါ ပါလာတာပေါ့။

သူပြောတာ နားထောင်ရင်း အွန်လိုင်းပေါ်က လော်ဘီတွေ ပြောလေ့ရှိတဲ့စကားကို သတိရ သွားတယ်။ ဒ့ါကြောင့် သူ့ကို ပြောပြလိုက်ရင် ဘယ်လို တုန့်ပြန်မလဲလို့ သိချင်တာနဲ့ “ ဒါပေမယ့် ကုန်ဈေးနှုန်း ဆိုတာ အစိုးရအဆက်ဆက် အတက်ပဲရှိတာပဲလေဗျာ။ ပြီးတော့ အရင်အစိုးရလည်း အားနည်းတာတွေ၊မှားတာတွေရှိတာပဲ မဟုတ်လား” လို့ ပြောလိုက်တယ်။

ဆိုက်ကားဆရာ ငြိမ်သွားတယ်။ ဘာမှမပြောတော့ဘူး။ ဆိုက်ကားက မီးပွိုင့်မိလို့ ရပ်သွားတယ်။ ဆိုက်ကားဆရာက ဆိုက်ကားကို ကားနှစ်စီးကြားက ရှေ့ကို တိုးပြီးရပ်ထားလိုက်တယ်။ မီးစိမ်းတော့ မတ်တပ်ရပ်နင်းပြီး အရှိန်နဲ့ လမ်းကို ဖြတ်တယ်။ ကျွန်တော်ကတော့ ဆိုက်ကားဆရာ ဟာ လော်ဘီတွေ အဆိုကို ပြန်ချေနိုင်မှာမဟုတ်တော့ဘူးလို့ တွေးမိတယ်။

ဒါပေမယ့် ဆိုက်ကားက ယာဉ်ကြောထဲကို ပုံမှန် ပြန်ရောက် သွားတော့မှ ဆိုက်ကားဆရာက ကျွန်တော့်ကို လှည့်ကြည့်ပြီး “ ချစ်လို့ ယူတာနဲ့၊ အဖေအမေ အတင်းပေးစားလို့ ယူတာတော့ ကွာ တာပေါ့။ ချစ်လို့ ယူထားရင်တော့ တော်ရုံ မှားရင်လည်း သည်းခံပေါင်းမှာပဲ” လို့ ပြောတယ်။ ဟား ညောင်ဦးသား စကား လှတောသားထက် သာပါပေတယ်။ ကြားတယ်နော်၊ ကိုလော်ဘီ၊ မလောဘီတို့ ချစ်လို့ ယူတာနဲ့ အတင်းပေးစားတာ ကွာသတဲ့။

ဒီလိုနဲ့ စကားက နိုင်ငံရေးဘက် နည်းနည်းရွေ့သွားတယ်။ ကျွန်တော်က သိချင်တာနဲ့ စိတ်တော့ မရှိနဲ့နော် လို့စကားခံပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သူတို့ ဂိတ်က ဆိုက်ကားတွေ ဘယ်ပါတီ အလံထောင်လဲ၊ ထီးသုံးလဲ၊ အဲဒီလို သုံးရင် ပိုက်ဆံရတယ်ဆိုတာ ဟုတ်လား ဆိုပြီး မေးလိုက် တယ်။

ဆိုက်ကားဆရာက ကျန်တဲ့ နေရာတွေတော့မသိဘူး။ ဒီမြို့နယ်ထဲက ဂိတ်တွေကတော့ ခွပ်ဒေါင်း ပဲ။ အလံလေးတွေကတော့ လာဝေပေးရင်လည်း ယူတယ်။ လမ်းသွားရင်း ရောင်းနေတာတွေ့ရင် လည်း ဝယ်တပ်တယ်။ ဒါ့ကြောင့် ဆိုက်ကားတွေမှာ အလံတွေ ပလူပျံနေတာပေါ့။ ထီးလို ဟာမျိုး ကတော့ ဘယ်ဝယ်နိုင်မလဲ။ လာပေးရင် ယူပြီး ဆိုက်ကားမှာ ဆင်ထားတာပေါ့။ ထီးသုံးတာ နည်းပါတယ်။ ပိုက်ဆံပေး လို့ တပ်ထားမဟုတ်ဘူး။ ကိုယ်ကြိုက်လို့ ကိုယ်တပ်တာချည်းပဲ လို့ ဆိုတယ်။

ခဏနေတော့ “ အလကားပါဗျာ။ အဲဒီလူတွေက သူတို့ ပိုက်ဆံပေးပြီး လူခေါ်ရတိုင်း ကျန်တဲ့ လူတွေ ပိုက်ဆံရလို့ အလံထောင်တယ်ထင်နေတာ၊ ကျွန်တော် ဒီရပ်ကွက်ထဲနေတာ ဆယ် နှစ်ကျော်ပြီ၊ ဘယ်သူဘာလဲ ကောင်းကောင်းသိတယ်။” လို့ဆက်ပြောတယ်။ သူ့လေသံက ပြင်း လာတယ်။ ဆိုက်ကားဆရာက သူ့ ဒေါသတွေကို ခြေသလုံးထဲ ထည့်လိုက်ပုံရတယ်။ ဆိုက်ကား အရှိန်ပိုမြန်လာတယ်။ ဆိုက်ကားဆရာက အဲဒီလူတွေဟာ ဘယ်သူဆိုတာ မပြောဘူး။ ဒါပေမယ့် လောကမှာ မပြောပေမယ့် သိတဲ့ အရာတွေအများကြီးရှိတာပဲ။ လူထု စိတ်ကို မဖတ်နိုင်တဲ့ နိုင်ငံရေးသမား စာမေးပွဲကျတာ မဆန်းပါဘူး။

စကားပြောရင်းနဲ့ပဲ ခရီးဆုံးကို ရောက်တယ်။ ဆိုက်ကားဆရာဟာ သူတို့ ထုံးစံအရ ဒီနေရာမှာ ခရီးသည်စောင့်လို့မရဘူး။ ဂိတ်အထိ ခါလီပြန်နင်းရမှာ။ လမ်းမှာ တားစီးတဲ့ ခရီးသည်ရှိရင် တော့ တင်လို့ရတာပေါ့။ ဒါပေမယ့် ဆိုက်ကားကို တားစီးတယ်ဆိုတာလည်း ဖြစ်တောင့် ဖြစ်ခဲပါ။ ဒါ့ကြောင့် အပြန်အတွက်ပါထည့်တွက်ပြီး ဆိုက်ကားခကို နှစ်ဆပေးလိုက်တယ်။ အနည်းဆုံး လူတစ်ယောက် စိတ်ချမ်းသာအောင်တော့ လုပ်ခွင့်ရတာပေါ့။

ဆိုက်ကားခပေးပြီးတော့ ဆိုက်ကားဆရာကို ၂၀၂၃ ရောက်ရင်ကော အလံတွေ၊ ထီးတွေ ပြန်ထောင်ဦးမှာလားလို့ မေးလိုက်တယ်။ ဆရာလေးက “ကိုယ်ကြိုက်တဲ့သူပါရင်တော့ လုပ် မှာပေါ့၊ မဟုတ်ရင်တော့ နေပူပဲခံတော့မယ်” လို့ ပြောပြီး ဆိုက်ကားကို သွက်သွက်လေးနင်း ရင်း ပြန်ထွက်သွားတယ်။ အနှေးယာဉ်ဆိုပေမယ့် သူ့အတိုင်းအတာနဲ့သူ မြန်တယ်၊ ခိုင်မာတယ်၊ ခရီးတစ်ခုကို ရောက်အောင် သွားနိုင်တယ်။ လေ ျှာ့တွက်လို့မရဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: