ပင်စင် ထုတ်တဲ့ အကြောင်းမပြောခင် ကိုယ့်ပင်စင်အကြောင်း အရင်ပြောမှဖြစ်မယ်။ ၂၀၀၅ ခုနှစ် ကျွန်တော် တပ်မတော်က အငြိမ်းစားယူတဲ့အခါ တပ်မတော်ပင်စင်ကို မယူဘူး။ ကျွန်တော့်ရဲ့ တပ်မတော်သားလုပ်သက်ကိုပဲ အရပ်ဘက်ကို သက်တမ်းဆက်ပြီး ယူတယ်။ ဒါကြောင့် ကျွန်တော်ရဲ့ ပင်စင်အမျိုးအစားက မြို့ပြ ( လုပ်သက်ပြည့်) ဖြစ်ပါတယ်။ ကျွန်တော်က နှစ်သီးစားမဟုတ်သလို နိုင်ငံရေးပင်စင်ရတဲ့အထဲမှာလည်း မပါဘူး။
ပင်စင်ကို သင်္ကြန်မတိုင်ခင် တစ်ခါ၊ သီတင်းကျွတ်မတိုင်ခင် တစ်ခါ ထုတ်တယ်။ အရင်က တော့ ကိုယ်စားလှယ်နဲ့ ထုတ်ပေမယ့် ၂၀၁၉ ကစပြီး အငြိမ်းစားတွေရဲ့ ဘဝအမျိုးမျိုးကို မြင်နိုင် ကြားနိုင်အောင်နဲ့ ၊ ထောက်ခံစာတွေယူရတဲ့ အဖြစ်ကလွတ်အောင် ကိုယ်တိုင်ပဲ သွားထုတ်တော့ တယ်။
ပန်းဆိုးတန်းက ကားရပ်ဖို့နေရာအတော်ရှားတော့ ပင်စင်ထုတ်မယ်ဆိုရင် တက္ကစီ နဲ့ သွားတာ အကောင်းဆုံးပဲ။ ဒ့ါကြောင့် တက္ကစီငှားဖို့လမ်းထိပ်ထွက်တယ်။ လမ်းထိပ်ရောက်တာနဲ့ မောင်းလာနေတဲ့ တက္ကစီ သမားက သွားမှာလားလို့မေးတဲ့အနေနဲ့ လက်ညှိးထောင်ပြတယ်။ ခေါင်းငြိမ့်ပြလိုက်တော့ ထိုးရပ်တယ်။ ဈေးမေးတယ်။ အရင်ဈေးထက် တစ်ထောင်များတယ်။ ဒါပေမယ့် အခုဆီဈေးနဲ့ဆိုရင် ဒီလောက်တော့ပေးရမှာပဲ။
တက္ကစီဆရာက လူပျော်ပဲ။ ယောက္ခမ ကားကိုမောင်းတာ ဖြစ်လို့ အုံနာကြေးစိတ်မပူရဘူးတဲ့။ အုံနာကြေးတစ်နေ့ ရှစ်ထောင်ဆိုပေမယ့် အဆင်ပြေသလို စုပေးလည်းရတယ်။ ကားမထွက်ဖြစ်ရင် ပေးစရာ မလိုဘူး။ကားထွက်လားမထွက်ဘူးလား၊ငွေဘယ်လောက်ရလဲဆိုတာ သူ့သမီးကနေ တဆင့် စာရင်း စစ်လို့ရနေလို့ ယောက္ခကလည်း စိတ်ချတယ်ဆိုပဲ။
ကားဆွဲရတာ ဘယ်လိုလဲ လို့ မေးတော့ “မဲနယ်ဆိုးထားတယ်” လို့ဖြေတယ်။ ဘာလဲဗျ လို့ ပြန်မေးတော့ “ ပြာနေတာလေ” တဲ့။ ဒါဖြင့် လူရောလို့ မေးလိုက်တော့ ခရီးသည်ရအောင် အသည်းအသန် ရှာနေရလို့ “ ပြာကလတ်စိန်” ဖြစ် နေသတဲ့။
၂၀၂၀ ကိုဗစ်မဖြစ်ခင်အချိန်တွေက ဆိုရင် တစ်နေ့ သုံးလေးသောင်း အသာလေးပဲ၊ နှစ်သစ်ကူး ညလိုမျိုးဆိုရင်တစ်နေ့လုံး၊တစ်ညလုံးဆွဲရင် တစ်သိန်းခွဲလောက်အထိ နေ့တွက်စီခဲ့ဖူးတယ်။ အခု လို သင်္ကြန်နားနီးရင်လည်း အကြိုနေ့လောက်အထိ ဆွဲလို့ကောင်းတယ်။ အခုတော့ သေချင် စော်နံနေပြီ လို့ ဆိုတယ်။
ဘဏ်ရောက်တော့ အလယ်ခေတ် ရဲတိုက်ကြီးရဲ့တံခါးနဲ့တူတဲ့ ဘဏ်တံခါး အမြင့်ကြီးက ပိတ်ထား တယ်။ တံခါးမှာ “ပင်စင်စားများသိသာရန်” ဆိုတဲ့ ကြော်ငြာစာရွက်တစ်ရွက်ကပ်ထားတယ်။ အဲဒီ ကြော်ငြာစာရွက်မှာ လစဉ် ၂၁၊ ၂၂ ၊ ၂၃ ရက်နေ့တွေမှာ နံနက် ၀၇၃၀ မှာ ထုတ်ပေးမယ် ။ ကျန်တဲ့ နေ့တွေမှာ ပုံမှန်ရုံးချိန်အတိုင်းထုတ်ပေးမယ်၊ ပင်စင်လစာကို နေ့လယ် တစ်နာရီ အထိပဲ ထုတ်ပေးမှာ ဖြစ်တဲ့အတွက် ၁၂း၃၀ နာရီနောက်ဆုံးထားပြီးလာဖို့ ရေးထားတယ်။ လမ်းခရီးမှာ အကြောင်းမျိုးမျိုးကြောင့် ကြန့်ကြာပြီး အချိန်မီ မရောက်နိုင်ရင် ဖုန်းဆက်အကြောင်းကြား ပါဆိုပြီး ဖုန်းနံပါတ်တွေဖော်ပြထားတယ်။
ဘဏ်ရှေ့ လှေကားထစ်တွေမှာ ၊ ဘဏ်ဘေး အရိပ်ကောင်းတဲ့နေရာ တွေမှာ ရပ်နေ၊ ထိုင်နေတဲ့သူ နှစ်ဆယ်လောက်ရှိတယ်။ တစ်ယောက်တည်း ကိုယ်တိုင်လာတဲ့ သူရှိ တယ်။ အဖော်နဲ့လာထုတ် တဲ့သူရှိတယ်။ မိသားစုဝင်တွေထဲက ကိုယ်စားလှယ်လွှဲစာနဲ့ လာထုတ်တာလည်း ရှိတယ်။
ဒီမနက်ကိုယ်တိုင်လာထုတ်သူတွေထဲမှာ အမျိုးသမီးကြီးတွေများတယ်။ အများစုက အဖော်ပါ တယ်။ ကိုဗစ်ကာကွယ်ရေး နှာခေါင်းစည်းရော၊ ခေါင်းအကာအကွယ်ရော အပြည့်အစုံ ဝတ်ထား တဲ့ အမျိုသမီးကြီးနှစ်ယောက်ကတော့ သူငယ်ချင်းတွေဖြစ်မယ်။ တစ်ယောက်က ခြေထောက် တွေ အားနည်းနေလို့ထင်တယ်၊ တုတ်ကောက်နဲ့။ ပိုကျန်းမာပုံရတဲ့ အမျိုးသမီးကြီးက နင် နောက်က ဖြေးဖြေးလိုက်ခဲ့၊ ငါတန်းစီထားလိုက်မယ်ဆိုပြီးပြောနေတယ်။ အမျိုးသား ကြီး နှစ်ယောက်လည်း ဒီရောက်မှ ဆုံတာထင်တယ်။ လုပ်ဖော်ကိုင်ဘက်တွေအကြောင်းပြောနေ တယ်။ အဲဒီထဲက တစ်ယောက်က လက်ထဲမှာ တာလီမှတ်တဲ့ စက်လေးနဲ့ ၊ စကားပြောနေ ရင်း နဲ့ တစ်ချောက်ချောက်နှိပ်နေတယ်။ ပုတီးစိတ်နေတာလား၊ တစ်ခုခုကို ရွတ်ဖတ်နေတာလား မသိနိုင်ဘူး။
ကိုးနာရီခွဲဖို့ ငါးမိနစ်အလိုမှာ ထိုင်စောင့်နေတဲ့၊ ရပ်စောင့်နေတဲ့ သူတွေ ဘဏ်တံခါးရှေ့မှာ စုလာ ကြတယ်။ တန်းစီတာမဟုတ်ပေမယ့် အချင်းချင်း ဘယ်သူ အရင်ရောက်တယ်ဆိုတာ သိနေတော့ ရှေ့နောက်အလိုက်သင့်နေပေးလိုက်တာပါပဲ။
ကိုးနာရီခွဲအတိအကျ ဘဏ်တံခါးပွင့်သွားတယ်။ ပင်စင်စားများနဲ့ အပေါင်းအဖော်များ ဘဏ်ထဲကို သွက်သွက်လက်လက် ၊ တုန်ချိချိ ပုံစံမျိုးစုံနဲ့ဝင်သွားတယ်။ ငွေထုတ်ကောင်တာရှေ့မှာတန်းစီ တယ်။ အဖော်ပါတဲ့သူတွေက ခုံတန်းမှာထိုင်စောင့်၊ အဖော်က တန်းစီပေါ့။
ကျွန်တော်နဲ့ ခုနက အမျိုးသားကြီးနှစ်ယောက်က ရှေ့နောက်။ တာလီမှတ်တဲ့ စက်နဲ့ လူက စက်လေးကို တစ်ချောက်ချောက် နှိပ်ရင်း၊ သူ့မိတ်ဆွေကို “ သင်္ကြန်အမီ လာထုတ်တာ၊ မထုတ်ရင် ရေပြတ်မှာဗျ” လို့ ပြောတယ်။ သူ့မိတ်ဆွေက “ ဟင် သင်္ကြန်ရေဖြတ်မှာလား” လို့ ပြန်မေးတော့ “ ဟာ ခင်ဗျားက အတော်ခေတ်အောက်တာပဲ၊ ပိုက်ဆံပြတ်မှာကို ပြောတာဗျ” လို့ မာန်တယ်။ ပြီးတော့ တစ်ချောက်ချောက်နဲ့ ဆက်နှိပ်နေတယ်။
ဘဏ်ဝန်ထမ်းတွေကလည်း စားပွဲခုံတွေမှာ စာရွက်စာတမ်းတွေ၊ ဖိုင်တွေနဲ့ ပြင်ဆင်နေတယ်။ ငွေ ထုတ်ကောင်တာမှာ အမျိုးသမီးနှစ်ယောက်ရှိတယ်။ ဘဏ်ဝန်ထမ်းတွေလည်း အရင်လို တူညီ ဝတ်စုံနဲ့မဟုတ်တော့ဘူး။ ရုံးတက်ရင် ရန်ရှာမယ်ဆိုတဲ့ သူတွေကို အပြစ်တင်ရမလား၊ ရန်ရှာ ခံရတဲ့ အခြေအနေရောက်အောင် လုပ်သူတွေကို အပြစ်တင်ရမလား။ လက်ညှိုးထိုးတာနဲ့ လက်ညှိုးကွေးတာပဲ ခေတ်စားနေပြီး လက်မလည်း မထောင်နိုင်၊ လက်ခလယ်လည်း လယ်လယ်မသွားနိုင်၊ လက်သူကြွယ်လည်း ရတနာမကြွယ်နိုင်၊ လက်သန်း လေးလည်း မျက်နှာငယ်နေရတဲ့ခေတ်မှာ လူဖြစ်ရလေ တို့တစ်တွေ သည် xxx။
ငွေထုတ်ကောင်တာက အမျိုးသမီးနှစ်ဦးအသင့်ဖြစ်တာနဲ့ ပင်စင်ထုတ်ပေးတဲ့ လုပ်ငန်းစတယ်။ ကောင်တာရှေ့မှန်ပေါက်အဝိုင်းလေးထဲကနေ အီးပင်စင်ကတ်ပြားလေး ထိုးပေးရတယ်။ ကိုယ်စား လှယ်ဆိုရင် ကိုယ်စားလှယ်လွှဲစာနဲ့ မှတ်ပုံတင်ပါတွဲပေးရတယ်။ ဝန်ထမ်းအမျိုးသမီးက အဲဒါတွေ ကို ယူ၊ ကိုယ်တိုင်လာသူဆိုရင် ဓာတ်ပုံမှတ်တမ်းယူနိုင်ဖို့အတွက် နှာခေါင်းစည်းကို ချွတ်ခိုင်း တယ်။ ပြီးရင် ကတ်ပြားဖတ်တဲ့စက်မှာ ကတ်ပြားကို ဖတ်တယ်။ စက်ထဲက ထွက်လာတဲ့ စလစ် နှစ်ရွက်ကို သူ့ညာဘက်အပေါက်ထဲကနေ အပြင်ပြန်ထုတ်ပေးပြီး လက်မှတ်နှစ်ချက် ထိုးခိုင်း တယ်။ ကိုယ်စားလှယ်ဆိုရင် အဲဒီစလစ်နှစ်ရွက်ကို ကိုယ်စားလှယ်လွှဲစာနဲ့တွဲချုပ်တယ်။ နောက် ဆုံးမှာ အီးပင်စင်ကတ်ပြား၊ မှတ်ပုံတင်စတာတွေကို ပြန်ပေးပြီး ကတ်ပြားတွေပြန်ပေးပြီ နော် လို့ သတိပေးတယ်။ ပင်စင်ထုတ်မယ့်လူက စလစ်ပြားနှစ်ရွက်ကို ယူပြီး ငွေထုတ်မယ့် အပေါက်မှာ သွားတန်းစီရတယ်။
ဒီဝန်ထမ်းအမျိုးသမီးက သူ့အလုပ်တော့ သူ အတော်ကျွမ်းကျင်ပုံရတယ်။ သူပြောရမယ့် စကား တွေကို ဆက်တိုက် ပြောတယ်။လက်ကလည်း ကတ်ပြားဖတ်လိုက်၊ ကွန်ပျူတာနှိပ်လိုက်နဲ့ ဇယ် ဆက်သလို၊ ဒီကြားထဲ ဘယ်ဘက်လက်က စားပွဲပေါ်တင်ထားတဲ့ ပေါင်မုန့်ကို လှမ်းယူပြီး စား လိုက်သေးတယ်။ ဒီအမျိုးသမီးက စိတ်လည်း အတော်ရှည်တယ်။ ပင်စင်စား အများစုက နှေးနှေး ကွေးကွေး ၊ လေးလေးပင်ပင်၊ မကြားတကြားဆိုတော့ နှစ်ခါ သုံးခါ ထပ်ပြောရပေမယ့် အပြုံး မပျက်ဘူး။
ငွေထုတ်ပေးတဲ့ ဝန်ထမ်းအမျိုးသမီးလည်းတော်ပါတယ်။ တစ်ချို့အမကြီးတွေက ငါးထောင်တန် မလိုချင်ဘူး။ တစ်ထောင်တန်တွေပဲ ပေးပါဆိုလည်း စိတ်ရှည်ရှည်နဲ့ ပြန်လုပ်ပေးရှာပါ တယ်။ ကျွန်တော်လည်း ကိုယ့်အလှည့်ရောက်တော့ ကတ်ပြားပေး၊ စလစ်ယူ၊ ငွေထုတ်ဖို့တန်းစီ၊ ငွေ ထုတ်ပေါ့။ ဘဏ်ထဲ ဝင်ပြီး ၄၅ မိနစ်ကြာတော့ အားလုံးပြီးပြီ။ ဝန်ထမ်းအမျိုးသမီးကို ကျေးဇူး တင်ကြောင်းပြောပြီး အပြင်ပြန်ထွက်ခဲ့တယ်။
ဘဏ်ရှေ့တည့်တည့်မှာ ကားနောက်ဖုံးဖွင့်ပြီး ကားဆရာ ထိုင်နေတဲ့ တက္ကစီတစ်စီးတွေ့တယ်။ ဈေးမေး တယ်။ သူပြောတဲ့ဈေးက အလာထက် ငါးရာပိုများနေတယ်။ ဈေးဆစ်တော့ ရတယ်။ ကားထွက် ပြီး ခဏကြာတော့ ကားဆရာဆီကို ဖုန်းဝင်လာတယ်။ ဟိုဘက်က ပြောတာကို နားထောင်ပြီး အင်း ၊ အင်း ဆိုပြီး တုန့်ပြန်တယ်။ ပြီးတော့ အေးအေး ငါ နည်းနည်းစောပြန် ခဲ့မယ်လို့ ပြောပြီး စကားဖြတ်လိုက်တယ်။ ဖုန်းဘေးချပြီး သက်ပြင်းရှည်ကြီးချတယ်။ “မလွယ်ဘူး” လို့ သူ့ဘာ သာ သူပြောတယ်။
ကျွန်တော် သူ့ကို ကြည့်နေမှန်းသိတော့ အိမ်က ဆက်တာ၊ ကလေးရင်ကြပ်နေလို့ ဆိုပြီးပြော တယ်။ ကလေးက ရင်ကြပ်တတ်တော့ အချိုနဲ့ မတည့်ဘူး။ အဖိုးအဖွားတွေက အလိုလိုက်ပြီး မုန့်ချိုတွေ ကျွေးတော့ ခဏခဏ ရင်ကြပ်တယ်။ ဖြစ်ရင် အထူးကုဆေးခန်းပြေးရတယ်။ ဖြစ်ပြီ ဆိုရင် စမ်းသပ်ခ တင် တစ်သောင်းနှစ်ထောင်၊ ဆေးဝယ်ရတာမပါသေးဘူး။ အရမ်းကြပ်လို့ ဂေါက်ရှုရရင် တစ်သောင်း။ ကားဆွဲကောင်းနေရင်တော့ ပြဿနာမရှိဘူး။ အခုကတော့ လူလည်း ပရုတ်လုံး ဖြစ်နေပြီလို့ ပြောတယ်။ အင်း ပရုတ်လုံးကတော့ သူတစ်ယောက်တည်း မဟုတ် လောက်ဘူး။ ကျွန်တော်လည်း ဘာအားပေးရမှန်းမသိတော့ ကိုယ်ရင်ကြပ်ချိန်က သောက်ဖူး တဲ့ တိုင်းရင်းဆေး နာမည်တွေ ရွတ်ပြပြီး အဲဒါတွေလည်း စမ်းကြည့်ပေါ့ဗျာ လို့ အားပေးရတယ်။
လမ်းထိပ်ရောက်တော့ ကားကိုရပ်ခိုင်းပြီး သူပထမပြောတဲ့ဈေးအတိုင်းပဲ ပေးလိုက်လိုက် တယ်။ အိမ်ဘက်ကို လမ်းဆက်လေ ျှာက်တယ်။ ပူလိုက်တာ။ နေကလည်း ပူ။ ကတ္တရာလမ်းက လည်း အပူပြန်။ အပေါ်ပူ ၊ အောက်ပူ ၊ အတွင်း ပူ တွေနဲ့ လူတွေလည်း အပူသည်ဖြစ်နေပေါ့။ ပူတာကို မသိချင်ယောင်ဆောင်နိုင်တဲ့၊ လျစ်လျူရှုထားနိုင်တဲ့ သူတွေပဲ အားလုံးကောင်းပါသည်ပေါ့။