ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက်၊ ၁၂ -၄-၂၀၂၂ မှာ ကျိုက္ကလဲ့ ဘုရားကို ဖူးမြော်ခဲ့ပါတယ်။
ကျိုက္ကလဲ့ဘုရားက ရန်ကုန်မြို့စွန်က ဘုရားလို့ဆိုနိုင်ပါတယ်။ ရန်ကုန်- ပြည်ကားလမ်းအတိုင်း ထောက်ကြန့်ဘက်ကို ထွက်လာရင် ခရေပင်လမ်းဆုံကျော်တာနဲ့ မီးရထားခုံးကျော်တံတားကို ဖြတ်ရမယ်။ တံတားကျော်ပြီးရင် ဘယ်ဘက်မှာ ကျိုက္ကလဲ့ ဘုရားမုခ်ဦးနဲ့ ကားလမ်းရှိပါတယ်။ ( မြေပုံဖော်ပြထားပါတယ်။ )
မြန်မာနိုင်ငံ ဘုရားသမိုင်းပေါင်းချုပ် ( လှသမိန် ) စာအုပ်မှာတော့ ကျိုက္ကလဲ့ ဆိုတာ မွန်ဘာသာ နဲ့ ကျိုက် ဆိုတာ ဘုရား ၊ ဒေးကလဲ့ ဆိုတာ ပျောက်သောကုန်း ၊ “ ဘုရားပျောက်သောကုန်း” လို့ အနက်ဖွင့်ထားတယ်။
ဘုရားသမိုင်းနဲ့ပတ်သက်ရင်တော့ ဒဏ္ဍာရီ ဆန်ဆန်ပြောထားတာတွေ ရှိတယ်။ ဒါပေမယ့် စနစ် တကျ မှတ်တမ်းမှတ်ရာနဲ့ တွေ့တာကတော့ သက္ကရာဇ် ၁၂၅၉ ခုနှစ် ( ၁၈၉ ၇ ခုနှစ်) မှာ ပေါက် ကုန်းကျေးရွာသားတွေက တောင်ကုန်းထိပ်က ချုံနွယ်တွေကို ရှင်းရင်းနဲ့ စေတီပျက်တစ်ဆူကို တွေ့တယ်။ အဲဒီစေတီပျက်ကို ဇီးကုန်း၊ ကြူစမ်း၊ အုတ်ဖို၊ ပေါက်ကုန်း ၊ စမ်းကြီးဝ၊ သာဓု ၊ မိချောင်းအိုင်၊ ဒညင်းကုန်း၊ သင်္ဃန်းကျွန်း၊ မင်္ဂလာဒုံ၊ စဉ့်ကူ၊ တောင်သူစု၊ သရက်ကုန်း ရွာ သားတွေ စုပြီးပြန်ပြင်တယ်။ စေတီပျက်ကို ပြင်တဲ့အချိန်မှာ မူလစေတီကို ဂဝံအုတ်တွေ နဲ့ တည်ထားခဲ့ကြောင်းတွေ့ရတယ်လို့ ဆိုပါတယ်။
စေတီထီးတော်ကိုတော့သက္ကရာဇ် ၁၂၆၄ ခုနှစ်မှာ အုတ်ဖိုရွာ ဦးဘိုးလှိုင်၊ ဒေါ်အေးမြ၊ အမိ ဒေါ်ငြိမ်း၊ ဒေါ်ကျော့၊ ဒေါ်သော့ တို့က ကမကထပြုပြီး တင်လှုခဲ့တယ်။ ဒါပေမယ့် နောက်မှတ်တမ်း တစ်ခုမှာတော့ ၁၂၆၆ ခုနှစ်မှာ ထီးတင်တယ်လို့ဖော်ပြထားပြီး ထီးဒါယိကာမ ဒေါ်ကျော့ တစ်ယောက် အမည်ကိုပဲဖော်ပြထားတယ်။ ဘုရားဝတ္တကမြေကိုတော့ ၁၉၂၈ ခုနှစ်မှာ ပဲခူး တိုင်းမင်း ကြီးက သတ်မှတ်ပေးပြီး အကျယ် ၂၁ ဧက ရှိပါတယ်။
၁၂၉ ၀ ပြည့်နှစ်မှာ ရန်ကုန်မြို့ ရွှေတောင်တန်းအောက်လမ်းနေ ဘုရားဒါယိကာမ ဒေါ်ခ နဲ့ ဒေါ်ရင် တို့က ဘုရားကြီးရဲ့ လုံးပတ်တော်နဲ့ ပန်းတင်ခုံကို အသစ်ပြုပြင်တယ်။ ဘုရားကြီး လုံးပတ်တော်က ၁၁၀.၇ ပေရှိပြီး ဉာဏ်တော် အမြင့် ၉ ၆ ပေ ရှိတယ်။ ဘုရားကြီး ပြုပြင် ရာမှာ ကိုးထပ်ကြီး ဘုရားဒါယကာ မောင်ကျော်နဲ့ ဒါယိကာမ မလှကြီးတို့လည်း ကုသိုလ်ပါဝင်ခဲ့ပြီး အရံ စေတီ ၁၃ ဆူတည်ထားခဲ့တယ်လို့မှတ်တမ်းမှာတွေ့ရပါတယ်။ လက်ရှိ ကျိုက္ကလဲ့ စေတီတော်ဟာ ၁၂၉ ၀ ပြည့်နှစ်က ပြုပြင်ခဲ့တဲ့ ပုံစံအတိုင်းပဲ ရှိတယ်လို့ ယူဆရ ပါတယ်။
ကျိုက္ကလဲ့ စေတီရင်ပြင်ကတော့ နှောင်းခေတ်အလှုရှင်တွေရဲ့ တန်ဆောင်းတွေ၊ စေတီငယ်တွေနဲ့ ပြည့်လုနီးပါးဖြစ်နေပါပြီ။ အလှုရှင်တွေရဲ့ သဒ္ဓါထက်သန်မှုနဲ့ ရှေးဟောင်းလက်ရာများကို ထိန်းသိမ်းထားနိုင်ရန်လိုအပ်မှု၊ စေတီတော်ကို မြင်ကွင်းရှင်းရှင်း၊ ကြည်ကြည်လင်လင်၊အေး အေးချမ်းချမ်း ဖူးမြော်ကြည်ညိုနိုင်ရန် လိုအပ်မှု တွေ ကြားလွန်ဆွဲမှုကတော့ ဘုရားစေတီ အတော်များများမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုပါပဲ။
ဘုရားအာရုံခံတန်ဆောင်းထဲက မှန်စီရွှေချ အလှုရှင်အမည်တွေထဲမှာ “ သထုံ ပြည် ဆိုင်တောင် မှ ဘတော်ဘုရားကြီး နှင့် ရှမ်းပြည်မြောက်ပိုင်း ဟော်နန်းက နောင်တော်ဘုရား ၊ အမတော် ဘုရား များနှင့် ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတို့ ကောင်းမှု၊ နတ်လူ သာဓု ခေါ်စေသော် ။ ရွှေ – ကျော့ – ဖော့ ” ဆိုတဲ့ စာသားကိုလည်း စိတ်ဝင်စားဖွယ်တွေ့ခဲ့ရတယ်။ ဘုရားရင်ပြင်မှာ နှစ်ပေါင်း ၁၃၅ နှစ်ကျော်ပြီ ဆိုတဲ့ ခရေပင် ကြီးလည်း တွေ့ခဲ့တယ်။
ကျိုက္ကလဲ့ ဘုရားတောင်ကုန်းအခြေမှာ ရွှေကျင်တိုက် နဲ့မင်းကျောင်း ဆိုတဲ့ ဘုန်းတော်ကြီး ကျောင်း နှစ်ကျောင်းရှိတယ်။ ဘုရားပတ်ဝန်းကျင်နဲ့ ဘုန်းကြီးကျောင်းတွေထဲမှာ သစ်ကြီး ဝါးကြီး တွေအတော်ကျန်သေးတယ်။ ဘုရားအဝင်လမ်းဝဲယာမှာသာ ကားဝပ်ရှော့တွေ၊ ဈေးဆိုင်တွေ ရှိပေမယ့် ဘုရားပတ်ဝန်းကျင်မှာတော့ တောရိပ်တောင်ရိပ်တွေနဲ့ အေးချမ်းပါတယ်။
ကျိုက္ကလဲ့ ဘုရားဟာ တောင်ကုန်းအမြင့်လေးပေါ်မှာ တည်ရှိပြီး တောရိပ်တောင်ရိပ်နဲ့ ဆိုတော့ ရွာဦးစေတီ နဲ့ပိုပြီးတူတယ်။ စေတီတော်ရင်ပြင်မှာသာ သာသနိက အဆောက်အဦတွေနဲ့ ပြည့်ကျပ်မနေဘူးဆိုရင် ဘုရားဖူးရတာ ပိုကောင်းမလားလို့လည်း တွေးမိတယ်။






> ❤️
>
LikeLike