ဆွေတော်မျိုးတော် သင်္ချိုင်းတော်

သင်္ကြန်တွင်း ငါးထပ်ကြီး ဘုရားဖူးခဲ့စဉ်က မရောက်ခဲ့တဲ့ ကုန်းဘောင်မင်းဆက် ဆွေတော်မျိုးတော် များရဲ့ သင်္ချိုင်းနေရာကို မေလ ၁ ရက်နေ့က ပြန်သွားခဲ့ပါတယ်။ အဲဒီနေရာကို အလွယ်ဆုံး သွားနိုင်တဲ့လမ်းကြောင်း ကတော့ ကန်တော်ကြီးစောင်း နတ်မောက်လမ်း မှာရှိတဲ့ ဂျပန် သံရုံးဘေးက ဝင်္ကာပါ လမ်း အတိုင်း ဝင်သွားရင် ညာဘက်မှာ ငါးထပ်ကြီးဘုရားလမ်းဆိုတာာ တွေ့ပါလိမ့်မယ်။ ငါးထပ်ကြီး ဘုရား လမ်း အတိုင်းမောင်းသွားရင် မြန်အောင်ကျောင်းတိုက် ဆွမ်းစားကျောင်းဆိုတဲ့ လမ်းညွှန် ဆိုင်းဘုတ်နဲ့ မုခ်ဦး တစ် ခုတွေ့မယ်။ စောင်းတန်းမုခ်ဦး ပြာသာဒ်လက်ရာကတော့ အတော် ကောင်းတယ်။ မုခ်ဦးဘေးမှာ “ ဘုရင့်ဆွေတော်မျိုးတော် သင်္ချိုင်းတော်” ဆိုတဲ့ ကြေးဆိုင်းဘုတ် ရှိ တယ်။ အဲဒီစောင်းတန်းအတိုင်း တက်သွားရင် ညာဘက်က ကျိုက်ထီးရိုးပုံတူ စေတီကို ကျော်လိုက် တာနဲ့ ဘယ်ဘက်အခြမ်းမှာ တဲအိမ်လေးတွေကြားမှာ ရောက်နေတဲ့ သင်္ချိုင်းဂူတွေကို တွေ့ပါပြီ။

အုတ်ဂူတွေနဲ့ စောင်းတန်းက ကပ်လျက်ရှိနေတာပါ။ အုတ်ဂူတွေ ရှိတဲ့နေရာ စောင်းတန်းတိုင် နှစ်ခုမှာ နန်းဝတ်နန်းစားနဲ့ အမျိုးသမီးပုံတူပန်းချီကားနှစ်ချပ်ရှိပါတယ်။ ပုံတစ်ပုံမှာ “ ကုမ္မာ ဒေဝီ ဘွဲ့ခံ ခုနှစ်ရွာတိုက်စား မိဘုရားကြီး၊ ထိုင်းအယုဒ္ဓယဘုရင်၏ မြေးတော်” ( မူရင်း သတ်ပုံအတိုင်း) လို့ ရေးထားပါတယ်။ နောက်ပုံတစ်ပုံမှာ “ ဘုရင့်ဆွေတော်မျိုးတော်များ အသင်း ဥက္ကဋ္ဌ မင်းတုန်း မင်းတြားကြီး၏ သမီးတော် သုသီရိစန္ဒာဒေဝီ မင်းတပ်ထိပ်ခေါင်တင်” ( မူရင်းသတ်ပုံအတိုင်း) လို့ ရေးထားပါတယ်။ သမီးတော် မင်းတပ်ထိပ်ခေါင်တင်ရဲ့ သင်္ချိုင်းစာ အရတော့ ခုနှစ်ရွာတိုက်စား မိဘုရားကြီးဟာ မင်းတပ်ထိပ်ခေါင်တင်ရဲ့ မယ်တော်ဖြစ်ပါတယ်။

အဲဒီနေရာမှာ သင်္ချိုင်းဂူ ၁၆ လုံး တွေ့တယ်။ အဲဒီ ၁၆ လုံးထဲမှာ ကျွန် တော် တွေ့ခဲ့တာတော့ ဆွေတော်မျိုးတော်များရဲ့ သင်္ချိုင်းဂူ ရှစ်လုံးရှိပြီး ဂူတစ်လုံးချင်းရဲ့ သင်္ချိုင်းစာ တွေ ကို လေ့လာနိုင်အောင် ကူးယူဖော်ပြပေးလိုက်ပါတယ်။ ဓာတ်ပုံတွေလည်း တင်ပေးထားပါ တယ်။

ကျွန်တော်ရေးထားတဲ့စာတွေမှာ ( ) နဲ့ ပြထားတဲ့ ခရစ်နှစ်တွေက ကွယ်လွန်ချိန်ကို စာဖတ်သူ တွေ မှန်းဆနိုင် အောင် ကျွန်တော်က ဖော်ပြပေးထားတာဖြစ်ပါတယ်။ မူရင်းသင်္ချိုင်းစာတွေမှာ မပါပါဘူး။ စာလုံးပေါင်းတွေက မူရင်းသတ်ပုံအတိုင်းဖြစ်ပြီး ဖော်ပြချက်တွေက ဆွေတော်မျိုး တော် များရဲ့ဝါစဉ် မဟုတ်ပါဘူး။ ဓာတ်ပုံရိုက်ခဲ့တဲ့ အစီအစဉ်အတိုင်း ရေးသားဖော်ပြထားတာဖြစ် ပါတယ်-

၁။ ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုံးမင်းတရားကြီး၏ မြေးတော် သက်တော် ၈၃ နှစ်ရှိ သုသီရိ နန္ဒဝတီ ( ခေါ် ) ပင်လယ်ထိပ်ခေါင်တင်ကလေး ၁၃၂၂ ခု ဝါဆိုလ္ဆန်း ၅ ရက်နေ့ နတ်ရွာစံတော် မူသည်။ ( ၁၉ ၆၀ ပြည့်နှစ် )

၂။ မင်းတုန်းမင်းကြားကြီး၏ သ္မီးတော်မင်းတပ်- ထိပ်ခေါင်တင် သက်တော် ၁၀၃ နှစ် ၅-၆-၆၆ ။ ( ဒီ သင်္ချ ိုင်းစာမှာ ကျောက်ပြားနှစ်ချပ်တွေ့ပါတယ်။ အပေါ်က စာက မူရင်းစာဖြစ်ပါ တယ်။ “ သုသီရိ စန္ဒာဒေဝီမင်းတပ်ထိပ်ခေါင်တင်ဖုရား” အစချီတဲ့ စာကတော့ စာအရေးအသား၊ စာလုံး ပုံသဏ္ဍန်များအရ နောက်မှရေးထိုးထားတာ ဖြစ်တဲ့အတွက်ဖော်ပြခြင်းမပြုတော့ပါဘူး။ အသေးစိတ်ဖတ်ချင်ရင် ဓာတ်ပုံမှာကြည့်ပါ။ )

၃။ လင်းပင်မင်းသားကြီး ( သတိုးမင်းရဲဒိဗ္ဗ)၊ အိမ်ရှေ့စံ ကနောင်မင်း နှင့် ဆောင်ရ သခင်ကြီး ခင်ဖော့တို့၏ ခရစ်နှစ် ၁၈၅၆ ခုနှစ်ဖွား သားတော် လင်းပင်မင်းသားကြီး ( သတိုးမင်းရဲဒိဗ္ဗ) သည် ၁၉ ၃၃ ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့ သက်တော် (၇၇) နှစ်တွင် အမှတ် ၁၂ ၊ ကုက္ကိုင်းလမ်း၊ ရတနာသိင်္ဃစံအိမ်တော်တွင် ကံကုန်တော်မူသည်ကို ငါးထပ်ကြီး ဘုရင့်ဆွေတော်မျိုးတော်များ သင်္ချိုင်းတော်တွင် မြှုပ်နှံ သင်္ဂြိုလ်ပါသည်။ ( ဒါလည်း နောက်မှ ရေးထိုးတဲ့စာဖြစ်ပါတယ်။ မူရင်း ကျောက်ပြားကို မတွေ့ပါဘူး။ )

၄။ လင်းပင်မင်းသားကြီး၏ မြောက်သားတော် ရေနံသာ ခင်ခင်ကြီး ၊ ရေနံ့သာမြို့စား ကသည်း မြို့ဝန် မင်းလှသမိန်ထောရာဇာ ဦးရွှေမောင်၏ သမီးဖြစ်သူ ရေနံ့သာခင်ခင်ကြီးသည် လင်းပင် မင်းသားကြီးနှင့် ၁၈၈၂ ခုနှစ်တွင် လက်ဆက်ခဲ့ပြီး အသက်(၆၈) နှစ်အရွယ်တွင် အမှတ် ၁၂ ၊ ကုက္ကိုင်းလမ်း၊ ရတနာသိင်္ဃစံအိမ်တော်တွင် ကံကုန်သည်ကို ငါးထပ်ကြီး ဘုရင့်ဆွေတော် မျိုးတော်များ သင်္ချိုင်းတော်တွင် မြှုပ်နှံ သင်္ဂြိုလ်ပါသည်။ ( ဒီသင်္ခိျိုင်းစာကလည်း နောက်မှ ရေးထိုး တဲ့ စာဖြစ်ပြီး ကွယ်လွန်တဲ့ ရက်စွဲ မပါ ပါဘူး။ မောင်သန်းဆွေ ( ထားဝယ်) ရဲ့ “ကုန်းဘောင် စာပန်းချီ” စာအုပ်မှာ “မြောက်သားတော်” ဝေါဟာရနဲ့ပတ်သက်ပြီး “ ဇနီး” ကို ဆိုလိုကြောင်း ရှင်းပြထားတာ ဖတ်ဖူးပါတယ်။ ) သူတို့နှစ်ဦးရဲ့ သင်္ချိုင်းဂူနှစ်ခုကလည်း ယှဉ်တွဲထားပါတယ်။

၅။ ပဉ္စမ သင်္ဂါယနာတင် မင်းတုံးမင်းတရားကြီး၏ မြေးတော် ပင်လယ်ထိပ်ခေါင်တင်ကြီး သက်တော် (၈၁) နှစ်ရှိသည်။ ၁၃၁၇ ခုနှစ် တန်ဆောင်မုန်းလ္ဆန်း (၁၄) ရက်နေ့ နတ်ရွာ စံလွန်တော်မူသည်။ ( ၁၉ ၅၅ ခုနှစ် ) ( ပင်လယ်ထိပ်ခေါင်တင်ကြီး သင်္ချိုင်းဂူဘေးမှာ အမှတ် အသားမဲ့ အုတ်ဂူတစ်ခု ရှိပါတယ်။ အုတ်ဂူအနေအထားအရ ပင်လယ်ထိပ်ခေါင်တင်ကြီး နဲ့ ပတ်သက်သူများဖြစ်လေမလားလို့တွေးမိပါတယ်။ )

၆။ အိမ်ရှေ့မင်းတြားကြီး၏ မြေးတော် မြင်းမူထိပ်ခေါင်တင်ဘုရား၏ သားတော် မောင်မောင် ထိပ်တင် သက်တော် ၆၀. ၁၃၁၃ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက် နတ်ရွာ စံလွန် တော်မူသည်။ ( ၁၉ ၅၁ ခုနှစ်)

၇။ ညောင်အုပ်-မင်းသ္မီး ထိပ်တင်ချို အသက် ၅၁-နှစ် နတ်တော်လ္ဆန်း ၄ ရက်နေ့ ၁၃၀၀ ပြည့်နှစ် နတ်ရွာစံသည် PRINCESS NYAUNG OK HTAIK TIN CHOE DIED ON 24TH NOVEMBER 1938 ။

၈။ မင်းတုန်းမင်းတြားကြီး၏ မြေးတော် ညောင်အုပ်မင်းသား၏ သ္မီးတော် ညောင်အုပ် ထိပ်တင်စိုး သက်တော်- ၄၇ – နှစ် ၁၃၀၁ ခုနှစ် နယုန်လ္ဆုပ်-၁၁- ရက်နေ့ နတ်ရွာစံတော်မူသည်။ ( ၁၉ ၃၉ ခုနှစ်)

အဲဒီနေရာမှာ အခြားပုဂ္ဂိုလ်များရဲ့ အုတ်ဂူ ရှစ်လုံးတွေ့ပါတယ်။ သင်္ချိုင်းစာ အပြည့်အစုံ မရေးတော့ပါဘူး။ ကွယ်လွန်တဲ့အသက် နဲ့ ခုနှစ် ကိုပဲ လေ့လာနိုင်အောင်ဖော်ပြထားပါတယ်။ ဒါပေမယ့် တချို့ ပုဂ္ဂိုလ်များရဲ့ ကိုယ်ရေး အချက်လက်တွေကိုတော့ စာဖတ်သူတွေ နားလည်နိုင်အောင် ရှင်းလင်းဖော်ပြထားပါတယ်-

၁။ ပြည်ထဲရေးဝန်ကြီးချုပ်ဟောင်း ဆာဦးဘ ( ဘီအေ၊ ကေအက်စ်အမ် BA၊ KSM) အသက် ၆၄ နှစ် ၊ ၁၉ ၃၇ ခုနှစ်။ အမျိုးသား အတ္ထုပ္ဗတ္တိ အဘိဓာန် ၊ စိုးမြင့်လတ် ( စိတ်ကူးချိုချို ၊ ၂၀၁၃ ) စာအုပ်မှာတော့ ဆာ ဦးဘ ကို ၂၅ ဖေဖော်ဝါရီ ၁၈၇၃ ခုနှစ်ရန်ကုန် မှာမွေးတယ်။ ဘုရင်ခံက တာဝန်ပေးတဲ့အတွက် ၁၉ ၃၂ ခုနှစ်ကနေ ၁၉ ၃၇ ခုနှစ် အထိ ပြည်ထဲရေးဝန်ကြီး တာဝန် ထမ်းဆောင်တယ်။ ၁၉ ၃၄ ခုနှစ်မှာ ဆာ ဘွဲ့ ချီးမြှင့်ခံရ တယ်၊ ၄ ဇွန် ၁၉ ၃၇ မေမြို့ မှာ ကွယ်လွန်ပြီး ရန်ကုန်မြို့ ငါးထပ်ကြီး ဘုရား ပရဝုဏ်မှာ ဂူသွင်း သင်္ဂြိုလ်တယ် လို့ဖော်ပြ ထားပါတယ်။ “ ပြည်ထဲရေးဝန်ကြီးချုပ်” လို့ခေါ်တာက မြန်မာနိုင်ငံမှာ ၁၉ ၂၂ ခုနှစ်က စပြီးကျင့်သုံးတဲ့ ဒိုင်အာခီ အုပ်ချုပ် ရေး စနစ်အရ အစိုးရအဖွဲ့ခေါင်းဆောင်က ဘုရင်ခံဖြစ်ပြီး ဝန်ကြီးတွေကို ဝန်ကြီးချုပ် လို့ ခေါ်တယ်။ ဒါ့ကြောင့် ပြည်ထဲရေး ဝန်ကြီးချုပ် ဆာ ဦးဘ လို့ သုံးစွဲထား တာဖြစ်ပါတယ်။ KSM ဆိုတာက “ကျက်သရေဆောင် ရွှေစလွယ်ရမင်း” ဆိုတဲ့ အင်္ဂလိပ်အစိုးရက ပေးတဲ့ဘွဲ့ကို အင်္ဂလိပ်လို အတိုကောက်ရေးထား တာပါ။

၂။ ဒေါ်မြပွင့် ( လေဒီဘ) ( ဆာဦးဘဇနီး) အသက် ( – ) ၊ ၁၃၁၃ ခုနှစ် ( ၁၉ ၅၁ ခုနှစ်) ။ သူတို့ နှစ်ဦးရဲ့ အုတ်ဂူနှစ်လုံးကလည်း ယှဉ်တွဲပြီးရှိနေပါတယ်။

၃။ ရတနာဦးသွင် အသက် ၈၃ နှစ်၊ ၁၉ ၆၅ ခုနှစ်။ ရတနာ ဦးသွင် နဲ့ ဇနီး ဒေါ်ဒေါ်မြိုင် တို့ ဟာ လက်ရှိ စောင်းတန်းအလှုရှင်များဖြစ်ပါတယ်။ စောင်းတန်းလှူတာ ၁၃၁၉ ခုနှစ်ဆိုတော့ ခရစ်နှစ် ၁၉ ၅၇ ခုနှစ် ဖြစ်ပါတယ်။ ဆွေတော်မျိုးတော် သင်္ချိုင်းတော် အကြောင်းရေးသူအချို့က ဒီစောင်းတန်း ကို “ဆာဦးသွင်” စောင်းတန်းဆိုပြီးမှားရေးနေတာတွေ့ပါတယ်။

၄။ ဒေါ်ဒေါ်မြိုင် ( ရတနာဦးသွင်ဇနီး) အသက် ၈၅ နှစ်၊ ၁၉ ၆၇ နှစ်။ သူတို့ နှစ်ဦးရဲ့
အုတ် ဂူနှစ်လုံးကလည်း ယှဉ်တွဲပြီး ရှိနေပါတယ်။

၅။ စည်သူ ဦးတင် ( အိုင်စီအက်စ် ) အသက် ၆၁ နှစ် ၊ ၁၉ ၆၄ခုနှစ်။

၆။ ဒေါ်ညွန့်ညွန့်။ ( စည်သူဦးတင်ဇနီး) အသက် ၇၉ နှစ်၊ ၁၉၈၂ ခုနှစ်။ သူတို့ နှစ်ဦးရဲ့ အုတ်ဂူ နှစ်လုံးကလည်း ယှဉ်တွဲပြီး ရှိနေပါတယ်။

၇။ ဆရာဆိုင် အသက် ၆၉ နှစ်၊ ၁၃၀၅ ခုနှစ် ( ၁၉ ၄၃ ခုနှစ်)။
၈။ လယ်ဝန်မင်း ဦးစံရွှေ အသက် ၇၆ နှစ်၊ ၁၉ ၄၅ ခုနှစ်။

ထူးထူးခြားခြားအုတ်ဂူ နှစ်ခုလည်း တွေ့တယ်။ အဲဒီအုတ်ဂူ နှစ်ခုက ဆွေတော်မျိုးတော် သင်္ချိုင်း ကို စောင်းတန်း အကန့်နှစ်ခု ကျော်သွားလိုက်ရင် စောင်းတန်းဘယ်ဘက်အခြမ်းမှာ ရှိပါတယ်။
ပထမတစ်ခုက “ဘိုးတော် ဦးကိုကြီး” ၏ ရုပ်ပြောင်း ဂူအောင်းရာဋ္ဌာန လှိုဏ်ဂူ” တဲ့။ နောက် တစ်ခုက “ ဘိုးတော်ဦးကိုကြီး၏ သားတော် ဘိုးတော်ဦးစံသိန်း၏ ရုပ်ပြောင်း ဂူအောင်းရာဋ္ဌာန လှိုဏ်ဂူ”။ နှစ်ယောက်လုံးကို “ကုန်းဘောင်မင်း၏ အဆက်အနွယ်တော်” လို့ ဖော်ပြထားတယ်။ သင်္ချုံင်းစာ အပြည့်အစုံ ကို ဓာတ်ပုံမှာ ကြည့်ပါ။

ဒီသင်္ချိုင်းတော်နေရာကို ဆွေတော်မျိုးတော် အသင်းဥက္ကဋ္ဌ မင်းတပ်ထိပ်ခေါင်တင် က အင်္ဂလိပ် အစိုးရ လက်ထက်မှာ ဝယ်ယူခဲ့တာဖြစ်ပြီး ၁.၅ ဧက ကျယ်ဝန်းတယ်လို့ သတင်းဖော်ပြချက် တွေ အရ သိရပါတယ်။ အခုတော့ တဲအိမ်တွေကြားက ပေ ၃၀ ၊ ပေ ၂၀ လောက်ကွက်လပ်လေးပဲ ရှိပါတော့ တယ်။ လက်ရှိမြင်နေရတဲ့ အုတ်ဂူတွေအနေအထားအရ မူလ အကျယ်အဝန်း ၁.၅ ဧက ရှိတယ်ဆိုရင်တောင် အုတ်ဂူတွေကို စနစ်တကျ အကွက်ချ မြှုပ်နှံခဲ့တာမဟုတ်ဘဲ လမ်းနဲ့ အနီးဆုံး နေရာမှာ စုစည်းမြှုပ်နှံခဲ့ပုံရပါတယ်။

ဒီသင်္ချိုင်းတော်နေရာဟာ မင်းတပ်ထိပ်ခေါင်တင် ၁၉ ၆၆ ခုနှစ်မှာ ကွယ်လွန်ပြီးတဲ့နောက် မေ့ မေ့ပျောက်ပျောက်ဖြစ်သွားခဲ့ပုံရပါတယ်။ ၁၉ ၆၆ ခုနှစ် နောက်ပိုင်း ဆွေတော်မျိုးတော်တွေကို မြှုပ်နှံထားတဲ့ အထောက်အထားမတွေ့ရဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် နီးပါးလောက်က ဒီနေရာကို အခု တဲထိုးနေထိုင်တဲ့သူတွေ ရောက်လာတော့ ဒီနေရာမှာ တောဖုံးနေပြီ။ စောင်းတန်း လှေကား ကလည်း ငါးထပ်ကြီး ဘုရားကုန်းထိပ် မရောက်ခင် နေရာမှာ ပြိုကျနေပြီ၊ အခုနောက်ပိုင်းမှာ လှေကားပြန်ပြင်ထားလို့ ငါးထပ်ကြီး ဘုရား အထိ သွား လို့ရ တာလို့ ပြောပြတယ်။ သူတို့ပြောတာဖြစ်နိုင်ပါတယ်။ ကုန်းထိပ်နားမှာလက်ရှိ လှေကားထစ် တွေရဲ့ ဘက်ဘက်မှာ ပြိုကျနေတဲ့ အုတ်ပုံတွေရှိသေးတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က ဒီသင်္ချိုင်းတော်နေရာမှာ ပုတီးစိတ်၊ ပရိတ်ရွတ် လုပ်ခဲ့ဖူးတဲ့ အသက် ရှစ်ဆယ်နီးပါး အဘကြီးတစ်ယောက်ကတော့ အဲဒီအချိန်က သင်္ချိုင်းဂူတွေရယ်၊ ကျိုက်ထီးရိုး ပုံတူစေတီ နဲ့သစ်သားဇရပ်တစ်ခုပဲရှိတယ်။ နောက်တော့ ကျိုက်ထီးရိုး စေတီကျောင်း ဆရာတော်ရောက်လာပြီး သီတင်းသုံးတယ်။ အဲဒီနောက်မှာ အခု နေထိုင်တဲ့သူတွေ ရောက်လာတာ လို့ ပြောပြတယ်။ ကျိုက်ထီးရိုးကျောင်းက တံခါးပိတ်ထားလို့ ဆရာတော်ကို ဖူးခွင့်၊မေးခွင့်မရခဲ့ဘူး။

ဒီနေရာကို ၂၀၁၈ ခုနှစ်ကုန်ပိုင်းမှ လူတွေပြန်စိတ်ဝင်စားလာတာပါ။ ကုန်းဘောင်ခေတ် ဆွေတော်မျိုးတော်တွေက သင်္ချိုင်းဂူတွေပြန်ပြင်တာကို ၁၁ စက်တင်ဘာ ၂၀၁၈ ရက်နေ့မှာ ပြန်လုပ်တယ်။ ၅ ဒီဇင်ဘာ ၂၀၁၈ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တောင်တွင်းကြီး မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းက သင်္ချိုင်းတော်ကို သက်ဆိုင် ရာ ဝန်ကြီး ဌာနတွေက ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ အစီအစဉ်ရှိ / မရှိမေးခွန်း မေးတယ်။ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ဌာနအနေနဲ့ အခြား သမိုင်းတန်ဖိုး၊ ယဉ်ကျေးမှုတန်ဖိုး၊ဗိသုကာတန်ဖိုးရှိတဲ့ အဆောက်အဦတွေကို ဦးစားပေး ထိန်းသိမ်းနေရတဲ့ အတွက် ဆွေတော်မျိုးတော် အသင်းကပဲ တာဝန်ယူလုပ်ဆောင်သင့်ပါ တယ်လို့ ဖြေကြားခဲ့တယ်။

သင်္ချိုင်းမြေနေရာမှာ နေထိုင်နေသူတွေအတွက်ကတော့ ဒီအုတ်ဂူတွေဟာ သာမန် သင်္ချိုင်း တစ်ခု ထက်ပိုထူးခြားပုံမရသလို ကွယ်လွန်သွားသူတွေကို စော်ကားတဲ့စိတ်နဲ့ ဆောင်ရွက်တာမျိုးလည်း ရှိပုံမရပါဘူး။ ကျောတစ်နေရာစာ ရဖို့ ခက်တဲ့ ရန်ကုန်မြို့မှာ ရှင်သန်နိုင်ဖို့အတွက် ကွယ်လွန်သွား သူတွေနဲ့ မ ျှဝေနေထိုင်တယ်ဆိုတဲ့ သဘောပါပဲ။ ကုန်းဘောင်မင်းဆက်ဆိုတာလည်း ကျောင်းစာ ထဲက စာတစ်ပိုဒ်ထက်ပိုပြီး ထူးခြားပုံမရဘူး။ ဒါပေမယ့် လူတွေလာကြည့်၊ အုတ်ဂူတွေကို ပြန်လည် ထိန်းသိမ်း မှတ်တမ်းတင်နေတဲ့အတွက် သူတို့အနာဂတ်အပေါ် စိုးရိမ်စိတ် ရှိနေပုံရတယ်။

ကျွန်တော်ကတော့ငါးထပ်ကြီးဘုရား ဆွေတော်မျိုးတော် သင်္ချိုင်းတော်ဟာ သမိုင်းတန်ဖိုးထက် သင်္ခါရ တရားကို နှလုံးသွင်းဖို့ ကောင်းတဲ့နေရာလို့ပဲ ခံစားမိပါတယ်။

One thought on “ဆွေတော်မျိုးတော် သင်္ချိုင်းတော်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: