ပေါ်တော်မူ ဘုရား ( ငါးထပ်ကြီး)

ငါးထပ်ကြီး ဆွေတော်မျိုးတော် သင်္ချိုင်းတော်ကို လေ့လာပြီး ရတနာဦးသွင် စောင်းတန်း အတိုင်း ဆက်တက်လာတော့ ငါးထပ်ကြီး ကုန်းတော်ပေါ်က ဝဲပျံစာသင်တိုက်ဝင်းကို ရောက်တယ်။ ဝဲပျံ စာသင်တိုက်ထဲမှာ ဆုတောင်းပြည့် ပေါ်တော်မူဘုရားရှိတယ်။

ပထမတစ်ခါ ငါးထပ်ကြီးဘုရားဖူးပြီး ဆွေတော်မျိုးတော် သင်္ချိုင်းတော်ကို သွားဖို့အတွက် လမ်းမေး တဲ့အခါ ဘုရားတာဝန်ကျဝန်ထမ်းတစ်ယောက်က လမ်းညွှန်ရင်းနဲ့ လမ်းမှာ ပေါ်တော်မူဘုရား ဆိုတာတွေ့လိမ့်မယ်၊ အဲဒါလည်း ဝင်ဖူးသွားပါဆိုပြီး တိုက်တွန်းခဲ့တယ်။

ဒီတစ်ခေါက် ဆွေတော်မျိုးတော် သင်္ချိုင်းတော်ရောက်တော့လည်း အဲဒီမှာ နေထိုင်သူ တစ်ယောက် က ပြာသာဒ်ကျောင်းကို လမ်းညွှန်ရင်း စောင်းတန်းအတိုင်းဆက်တက်သွားရင် ပေါ်တော်မူ ဘုရား ကိုတွေ့လိမ့်မယ်၊ ဖူးဖြစ်အောင် ဖူး ပါဆိုပြီး တိုက်တွန်းတယ်။

ဒါ့ကြောင့် ပြာသာဒ်ကျောင်းက အပြန် ပေါ်တော်မူဘုရားကို ဝင်ဖူးပါတယ်။ ပေါ်တော်မူ ဘုရားက တန်ဆောင်း ကြီးထဲမှာ ရှိတဲ့ စေတီငယ်တစ်ဆူထဲမှာ ကိန်းဝပ်ထားတယ်။

ရုပ်ပွားတော်ရဲ့ မျက်နှာတော်က အိန္ဒိယနွယ်ဖွားပုံသဏ္ဍန်ဖြစ်ပါတယ်။ ရုပ်ပွားတော် အောက်ခြေ မှာ မြင်မြင်သမ ျှ အများကောင်းမှု လို့စာတမ်းထိုးထားတယ်။ ပလ္လင်တံကဲမှာ “ ဣန္ဒြိယ ပေါ်တော်မူ ဘုရား” ၁၂၈၂ ၊ ၁၉ ၂၀ လို့ စာတမ်းထိုးထားတယ်။ ( မူရင်းသတ်ပုံအတိုင်း)။

ပေါ်တော်မူဘုရားက မြန်မာနိုင်ငံမှာတွေ့တာမဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံမြောက်ဘက် ဟိမဝန္တာ တောင်ခြေမှာရှိတဲ့ ဒရာဒွန်း ( Dehradun) မြို့မှာတွေ့တာပါ။ ဘုရားသမိုင်းကျောက်စာရှိပေမယ့် ဘုရားကျောင်းဆောင်တစ်ခုနဲ့ ကွယ်နေလို့ အပြည့်အစုံဖတ်လို့မရဘူး။

ဖတ်လို့ရသလောက်ပြောရရင် ပေါ်တော်မူဆင်းတုတော်ကို ဒရာဒွန်းမြို့မှာ တာဝန်ကျနေတဲ့ ဗြိတိသ ျှ စစ်တပ်မှာ အမှုထမ်းတဲ့ မြန်မာလူမျိုး ဂျမဒါ ဘမောင်နဲ့ သူ့ရဲဘော်တွေ ကတုတ်ကျင်း တူးရာကနေ တွေ့တာဖြစ်ပါတယ်။ တွေ့တဲ့ အချိန်က ၁၂၈၁ခုနှစ် တော်သလင်းလ ( — ) ရက် နံနက် ၁၁ နာရီ ( ၁၉ ၁၉ ခုနှစ် ) ဖြစ် ပါတယ်။

ဒီနေရာမှာ ဂျမဒါ ဆိုတာက ဗြိတိသ ျှ အိန္ဒိယတပ်ဖွဲ့ British Indian Army မှာရှိတဲ့ အိန္ဒိယ ၊ မြန်မာ စတဲ့ လက်အောက်ခံ ကိုလိုနီ နိုင်ငံသား အရာရှိတွေကိုပေးတဲ့ ရာထူးအဆင့်အတန်း ဖြစ် ပါတယ်။ ၁၉ ၄၇ ခုနှစ်အထိ British Indian Army မှာ ပြန်တမ်းဝင်အရာရှိနှစ်မျိုးရှိတယ်။ ပထမ အမျိုးအစားက King commissioned Indian officer (KCIO) လို့ခေါ်တဲ့ ဘုရင့် ပြန်တမ်းဝင် အရာရှိ ။ သူက ဗြိတိသ ျှ တော်ဝင်စစ်တက္ကသိုလ်က ဆင်းတဲ့ အင်္ဂလိပ်အရာရှိတွေ၊ ဒုတိယ အမျိုး အစားက viceroy’s commissioned officer (VCO) လို့ခေါ်တဲ့ အိန္ဒိယဘုရင်ခံက ခန့်အပ်တဲ့ ပြန်တမ်းဝင်အရာရှိ။ ဒါပေမယ့် ရာထူးချင်းတူရင် ဘုရင့်ပြန်တမ်းဝင်အရာရှိရဲ့ အမိန့်ကို နာခံရ တယ်။ ဂျမဒါ (Jemadar) ဆိုတာက ဒုတိယအမျိုးအစားပြန်တမ်းဝင်အရာရှိတွေရဲ့ အဆင့် တစ်ခုပေါ့။ ဗိုလ် အဆင့်နဲ့ ညီတယ်။

ဒရာဒွန်းက ဗြိတိသ ျှကိုလိုနီခေတ်ကနေ အခု လွတ်လပ်တဲ့ အိန္ဒိယနိုင်ငံဖြစ်တဲ့ အထိ စစ်သင်တန်းကျောင်းတွေ၊တပ်ရင်းတပ်ဖွဲ့တွေ အခြေပြုတဲ့နေရာဖြစ်တော့ ဂျမဒါ ဘမောင်က အဲဒီ တပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာအရာရှိတစ်ယောက်ဖြစ်မှာပါ။ ကျောက်စာမှာ ဂျမဒါ ဘမောင်ရဲ့ တပ်ဖွဲ့ကို “ နံပါတ် ၁၃ သောင်းလုံးကျော်သား” ဆိုပြီးရေးထားပေမယ့် ဘာ တပ်ဖွဲ့ လဲ ဆိုတာ ဖတ်လို့မရဘူး။

ဂျမဒါ ဘမောင်က ပေါ်တော်မူဆင်းတုတော်ကို အိန္ဒိယနိုင်ငံအလယ်ပိုင်းမှာ ရှိတဲ့ လပ်နောင်း ( Lucknow ) မြို့ကတဆင့် ကာလက္ကတ္တား ( အခု ကိုလ်ကတ္တား Kolkata) သဘောၤဆိပ် ကနေ ရန်ကုန်ကို ပင့်ဆောင်လာခဲ့တာဖြစ်ပါတယ်။ တန်ဆောင်းထဲမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားမှာ တော့ ဂျမဒါ ဘမောင်က ကာလက္ကတ္တားသဘောၤဆိပ်ကို အခမ်းအနားနဲ့ ပင့်ဆောင်ပုံ ရေးဆွဲ ထားတယ်။

ရန်ကုန်ရောက်တဲ့အခါမှာတော့ ဝဲပျံကျောင်းတိုက်ဆရာတော် ဦးဣန္ဒက လက်ရှိနေရာမှာ တည်ထားကိုးကွယ်ဖို့ နေရာသတ်မှတ်ပေးတယ်၊ အများပြည်သူကောင်းမှုနဲ့ ဂန္ဓကုဋိစေတီ နဲ့ သံတန်ဆောင်းကို ဆောက်လုပ်ခဲ့တယ်။ ပေါ်တော်မူရုပ်ပွားတော်ပလ္လင်မှာ ရေးထိုးထားတဲ့ စာ အရဆိုရင် အဲဒီလုပ်ငန်းအားလုံး ၁၂၈၂ ခုနှစ် ( ၁၉ ၂၀ ပြည့်နှစ်) မှာ ပြီးစီးတယ်။ တန်ဆောင်း ကို ပြုပြင်မွမ်းမံခဲ့တဲ့ နောက်ဆုံးအလှူရှင်က အငြိမ်းစားသံအမတ်ကြီး ဦးမောင်မောင်စိုးတင့် ၊ ဇနီး ဒေါ်ခင်ကြည်မိသားစုဖြစ်ပါတယ်။

ပေါ်တော်မူဘုရားကို ဖူးချင်ရင်တော့ ငါးထပ်ကြီးဘုရားဘက်က လာရင် ဝေးတယ်။ ကားသွား လို့မရဘူး။ ခြေလျင်သွားရမယ်။ အကောင်းဆုံးကတော့ ငါးထပ်ကြီးဘုရားလမ်းအတိုင်း လာ၊ ဝဲပျံ စာသင်တိုက်ဆိုတဲ့ မုခ်ဦးကနေ ဝင်လာရင် ဘုရားအထိ ကားသွားလို့ရပါတယ်။ ဝဲပျံစာသင်တိုက် က သစ်ကြီးဝါးကြီးတွေနဲ့၊လူသံကားသံဝေးပြီး တိတ်ဆိတ် အေးချမ်းတဲ့အတွက် ပေါ်တော်မူဘုရား တန်ဆောင်း ဟာ တရားဘဝနာပွားများလိုသူများ အတွက် သင့်တော်တဲ့နေရာတစ်ခုပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: