ဝဲပျံစာသင်တိုက် ဝင်းထဲကို ရောက်ရင် ထူးထူးခြားခြား မြင်ရတာက ကုန်းထိပ်က သာသနာ့ ဝေပုလ္လကျောင်း နဲ့ ရတနာသိင်္ဃကျောင်း ကြားမှာရှိတဲ့ တုံးမောင်းကြီးပဲ။ ပေါ်တော်မူ ဘုရား တန် ဆောင်းနဲ့ မျက်စောင်းထိုးမှာရှိတယ်။
မြန်မာအဘိဓာန်မှာတော့ တုံးမောင်း၊ အုန်းမောင်း၊ ကလတက် လို့ သုံးမျိုး ဖော်ပြထားတယ်။ တုံးမောင်း ဆိုတာ တစ်ချိန်ကတော့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေမှာ မရှိမဖြစ် ပစ္စည်း ပေါ့။ နာရီ ဆိုတာ ရှားပါးပစ္စည်းဖြစ်တဲ့အချိန်က ကျေးလက်ဒေသတွေမှာ တုံးမောင်းခေါက်သံ နဲ့ပဲ အလုပ် လုပ်ရတာကိုး။ ၁၉ ၈၀၊ ၁၉ ၉ ၀ ကာလ ကျွန်တော်တို့ ကျေးလက်ဒေသတွေမှာ တာဝန်ကျတဲ့အချိန်မှာလည်း တုံးမောင်းခေါက်သံ နဲ့ပဲ အိပ်ယာထခဲ့ရတာပါ။
ဒါပေမယ့် ရန်ကုန်မြို့တော်ကြီးမှာ တုံးမောင်းသံကြားရမယ်လို့ ထင်မထားတဲ့အတွက် ဝဲပျံကျောင်း တိုက်ထဲမှာ တုံးမောင်းကြီးတွေ့လိုက်ရတော့ အတော်အံ့သြသွားတယ်။ တုံးမောင်းမှာ “ တုံးမောင်း အလှူရှင် မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ် အလယ်ဘန်းရွာ ဆရာတော် ဘဒ္ဒန္တ ဝိဇ္ဇော ဘာသ” လို့ ကြေးပြားစာတမ်းကပ်ထားတယ်။ တုံးမောင်း ထားတဲ့အဆောက်အဦ မှာတော့ “တုံးမောင်းဆောင်အလှူရှင် ၁၃၇၇ ခုနှစ် ဝဲပျံစာသင်တိုက် ဝါဆိုသံဃာတော်များ ကောင်းမှု” လို့ စာတမ်းထိုးထားတယ်။
ပေါ်တော်မူဘုရားဖူးပြီးတော့ ငါးထပ်ကြီးဘုရားကုန်းတော်နဲ့ပတ်သက်ပြီး သိချင်တာလေး တွေ မေးနိုင်ဖို့ ပေါ်တော်မူဘုရားရှေ့က ရတနာသိင်္ဃကျောင်း ဆရာတော် ကို ဝင်ကန်တော့ပါတယ်။ ရတနာသိင်္ဃကျောင်းက နှစ်ထပ်သစ်သားကျောင်း ၊ သစ်ပင်ကြီးတွေ ကြားမှရှိပြီး တောရကျောင်း လေးနဲ့တူတယ်။ ဆရာတော်က ကျွန်တော့်ကို မြင်တာနဲ့ ဦးရဲထွဋ်လားလို့မေးတယ်။ ။ ဆရာတော်ဆီက ဝဲပျံစာသင်တိုက်အကြောင်း ၊ ငါးထပ် ကြီး ကုန်းတော်ပေါ်က သာသနိက အဆောက်အအုံတွေ အကြောင်း နာခံမှတ်သားရတယ်။ စကား ပြောရင်း တုံးမောင်းကြီးအကြောင်း ရောက်သွားတော့ ဆရာတော်က အရင်ကတော့ အရုဏ်တက် တစ်ကြိမ်၊ မနက်ဆယ်နာရီခွဲ ဆွမ်းစားချိန် တစ်ကြိမ် တုံးခေါက်တယ်။ ကိုဗစ်ဖြစ်ပြီးနောက်ပိုင်း မှာတော့ ဆယ်နာရီခွဲ တစ်ကြိမ်ပဲ တုံးခေါက်တော့ တယ်လို့ရှင်းပြတယ်။
ဆရာတော်က တုံးမောင်းအကြောင်းပြောရင်းနဲ့ ရှေးအခါက ကျေးရွာတွေမှာ တုံးမောင်းခေါက်သံ ကို နား ထောင် ပြီး ဒီနေ့ ဘာနေ့လဲ ဆိုတာ မှတ်သားရတယ်ဆိုတဲ့ အကြောင်း အခုလို ရှင်းပြတယ်။
တုံးမောင်းခေါက်တဲ့အခါ ပထမ တုံ တုံ တုံ တုံ နဲ့ တစ်ချက်ချင်း ထုရတယ်။ နောက်တဖြေးဖြေး နဲ့ မြန်လာ နောက် ပြန်နှေးသွားပြီး ခဏ ရပ်သွားတယ်။ အဲဒီလို ရပ်တာကို “ တော့” တယ်လို့ခေါ် တယ်။ ပြီးရင် (၇) ချက်တစ်ချက်ခြင်း မှန်မှန်ထုပြီးမှ ပထမအကြိမ်ကလိုပဲ မြန်ရာကနေ ပြန် နှေး ပြီး ရပ်သွား ( တော့) တယ်။ အဲဒီလို နှစ်ခါ“တော့” ပြီးနောက်မှာ တစ်ချက် သို့မဟုတ် နှစ်ချက် စသည် ဖြင့် ထုတယ်။ အဲဒါက ဒီနေ့ဘာနေ့လဲဆိုတာ အသိပေးတာပဲ။ တစ်ချက် ထုရင် တနင်္ဂနွေ၊ နှစ်ချက် ဆိုရင် တနင်္လာပေါ့။ ကျေးရွာသားတွေက တုံးမောင်း နှစ်ခါ တော့ပြီးတဲ့ အခါ ဘယ်နှစ်ချက် ထု သလဲဆိုတာ နားထောင်ပြီး ဒီနေ့ဘာနေ့လဲဆိုတာမှတ်သားအလုပ်လုပ်ရတယ်။
ဆရာတော်က အရုဏ်တက်ချိန်ဟာ သံဃာတော်တွေအတွက် အလွန်အရေးကြီးတယ် လို့ ပြောပြီး အရုဏ် ဆွမ်းနဲ့ပတ်သက်ပြီး ဝိနည်းတော်အရ လိုက်နာရတဲ့အချက်တွေကိုလည်း ဆက်ရှင်းပြပါတယ်။
ဆရာတော် စကားကို ကြားတော့ မြန်မာ့ရိုးရာအစဉ်အလာအရ အရုဏ်တက်ချိန်တွက်ချက်ပုံ ကို ကျွန်တော်မှတ်စုထုတ်ကူးယူထားခဲ့ဖူးတာကို သတိရတယ်။ ပြန်ရှာကြည့်တော့ အခုလို တွေ့ပါ တယ်။
အရုဏ်တက်ချိန်တွက်နည်း ( ဓမ္မံရံသီ မဂ္ဂဇင်း နိုဝင်ဘာ ၂၀၀၀ ပြည့်နှစ် မှာ ဖော်ပြခဲ့တဲ့ “မင်းကြော့ရှိန် ရဲ့ မြန်မာ့ရိုးရာ အချိန်နာရီတွက်နည်း” ဆောင်းပါးမှ )
မြန်မာ့ရိုးရာအစဉ်အလာအရ လ အလိုက် အရုဏ်တက်တဲ့အချိန်ကို အခုလို လင်္ကာနဲ့ မှတ်သား ပါတယ်။
ကူး – ပြန် နှင်း ထွေး
ဆုန် – လေး ပေါ် နေ
ယုန် – ေ၀ ေ၀ ထပ်
ဆို – လတ် စာ တော်
ခေါင် – လှော် လူ ထု
လင်း – လု မ တွေး
ကျွတ် – မေး နင် တို့
မုန်း – ဖို့ အော် နေ
တော် – မြေ ကျော် ဌေး
ပြာ – ပေး ဆန် တောင်း
တွဲ – ပေါင်း ခေါ် နော်
ပေါင်း – ပျော် အ တွက်
အဲဒီလင်္ကာမှာ နေ့နံအလိုက် ဂဏန်းကို ယူပြီး အရုဏ်တက်ချိန်ကို တွက်တာဖြစ်ပါတယ်။ တနင်္ဂနွေ တစ် ကစပြီး စနေ ကိုတော့ သုည လို့ ယူရပါတယ်။ ဥပမာ တန်ခူးလ ဆိုရင် “ ပြန် နှင်း ထွေး” ဖြစ်တဲ့အတွက် ၅ ၀ ၀ ၊ မနက် ငါးနာရီ အရုဏ်တက် ပေါ့။ ကဆုန်လ ဆိုရင် “ လေး ပေါ် နေ ” ဖြစ်တဲ့အတွက် ၄ ၅ ၀ ၊ မနက် လေးနာရီ ငါးဆယ်မိနစ် အရုဏ်တက်ပေါ့။
၂၁ ရာစုမှာ နာရီတွေလည်းပေါ၊ နေဝင် နေထွက်ချိန်ကို အတိအကျသိနိုင်တဲ့ နည်းပညာတွေ ရှိနေပြီ ဖြစ်တဲ့ အတွက် တုံးမောင်းတွေ၊ အရုဏ်တက်ခိျန် တွက်ချက်နည်းတွေ မလိုတော့ဘူးလို့ ပြောလို့ ရ ပါတယ်။ ဒါပေမယ့် ဒီလိုအစဉ်အလာ ဓလေ့ထုံးစံတွေ ဟာ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် ( Intangible Cultural Heritage) တွေ ဖြစ်တဲ့အတွက် အသုံးမပြုဘူးဆိုရင်တောင် မှတ်တမ်း မှတ်ရာအနေနဲ့ထိန်းသိမ်းထားသင့်တယ်လို့ ယူဆတဲ့အတွက် မ ျှဝေပေးတာပါ




My favourite dawn chorus. Thank you.
LikeLike