ပေါက်ခေါင်း သင်ခန်းစာ

လွန်ခဲ့တဲ့ ရှစ်နှစ် ၂၀၁၄ ခုနှစ်မေလကုန်၊ ဇွန်လဆန်းမှာ ပေါက်ခေါင်းမြို့နယ်ထဲက ငါးမြွေဇင်း၊ ထန်းတပင်၊ ဓမ္မသော်ကျေးရွာတွေမှာ ကျေးရွာလူထုနဲ့တွေ့ခဲ့တယ်။ ခရီးစဉ်အဆုံးမှာ ကောင်းစီရွာလူထုနဲ့တွေ့ပြီး ပေါက်ခေါင်း – အုတ်တွင်း ကားလမ်းအတိုင်း နေပြည်တော်ကို ပြန်ခဲ့တယ်။

အခုခေတ် လူငယ်တွေအတွက် ပေါက်ခေါင်း ဆိုတဲ့ နာမည်က ဘာမှ ထူးခြားမှု ရှိမှာမဟုတ်ဘူး။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခသမိုင်းမှာ ပေါက်ခေါင်းကနေ သင်ခန်းစာ ယူ စရာ အဖြစ်အပျက်နှစ်ခုရှိတယ်။

ပထမတစ်ခုက သာယာဝတီထောင်နဲ့ပတ်သက်တယ်။ ၁၉ ၄၈ ခုနှစ် လွတ်လပ်ရေး ရပြီး တဲ့အခါ ဝန်ကြီးချုပ် ဦးနုရဲ့ ဖဆပလ အစိုးရက သာယာဝတီထောင်ကို ပုဒ်မ ၅ နိုင်ငံရေး အကျဉ်း သမား တွေထားတဲ့ထောင်အဖြစ်သတ်မှတ်တယ်။ အဲဒီထောင်ကို အများဆုံးရောက်တာက ကွန်မြူ နစ် ပါတီဝင်တွေဖြစ်ပါတယ်။ သာယာဝတီထောင်ကို ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကို ထောင်အာဏာပိုင်တွေက ဦးကျိုးအောင်ဆိုပြီး ရက်ရက် စက်စက် နှိပ်စက်ခဲ့တယ်။ သာယာဝတီ ထောင်မှာ နိုင်ငံရေးအကျဉ်းသမားတွေကို နှိပ်စက်ပုံအကြောင်းကို ကိုယ်တိုင် အကျဉ်းသား ဖြစ်ခဲ့ တဲ့ ဦးကျော်မြသန်းက “ သာယာဝတီထောင်မှ ငရဲခန်းများ” ဆိုပြီး ၁၉ ၇၄ ခုနှစ်မှာ ရေးသား ထုတ်ဝေခဲ့တယ်။

၁၉ ၄၉ ခုနှစ် ဧပြီလ ၇ ရက်နေ့မှာ သာယာဝတီမြို့ကို ဗကပခေါင်းဆောင်တဲ့ တပ်ပေါင်းစု တပ်ဖွဲ့ တွေက သိမ်းပိုက်လိုက်တယ်။ ဧပြီလ ၉ ရက်နေ့မှာ သာယာဝတီထောင်ထဲက နိုင်ငံရေးအကျဉ်း သားတွေကို ပြန်လွှတ်ပေးတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်ရာမှာ ပါဝင်ခဲ့တဲ့ သာယာ ဝတီထောင်ဝန်ထမ်းတွေကိုတော့ တပ်ပေါင်းစုတပ်ဖွဲ့တွေက ဖမ်းဆီး ခုံရုံးတင်စစ်ဆေး သေဒဏ် ပေးခဲ့ပြီး ပြည်-ပေါက်ခေါင်း ကားလမ်း အတိုင်းလာရင် ပေါက်ခေါင်းမြို့မရောက်ခင် တွေ့ရတဲ့ တောင်စင်းဝတောင်ကြားမှာ သေနတ်နဲ့ ပစ်ခတ် စီရင်ခဲ့တယ်။

ကျွန်တော်ပေါက်ခေါင်းကို ၂၀၁၄ ၊ ၂၀၁၉ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ သုံးကြိမ်ရောက်ခဲ့တယ်။ အဲဒီ ခရီးစဉ်တိုင်းမှာ တောင်စင်း၀ တောင်ကြားကို ဖြတ်တိုင်း “အစွယ်လိုသူက မိဖုရား၊ အသွားစေခိုင်း သူ မင်းဧကရာဇ် ၊ လေးပစ်သူ ဘုရားကျွန်တော် ၊ ကြံဖော် ကြံဘက် သုံးယောက်အနက်မှ ကံကွက် ကြား၍ ငမိုက်သားမုဆိုး နင်ချည့်သေပေရော့” ဆိုတဲ့ ဆန္ဒန်ဆင်မင်း ဝတ္ထုထဲက မုဆိုးရဲ့ စကားကို သတိရမိတယ်။

ဒုတိယတစ်ခုက ဗကပ နဲ့ ပတ်သက်တယ်။ ၁၉ ၄၈ ခုနှစ်က စပြီး ပေါက်ခေါင်းမြို့နယ်ဟာ ဗကပ အမာခံနယ်မြေ၊ ဗကပ စည်းရုံးရေးအင်အားကောင်းတဲ့ နယ်မြေအဖြစ် ထင်ရှားခဲ့တာပါ။ ၁၉၆၅ ခုနှစ်နောက်ပိုင်းရောက်တော့ ဗကပတွေက ပေါက်ခေါင်းမြို့နယ်မှာ တရုတ်ပြည် ယဉ်ကျေးမှု တော်လှန်ရေးပုံစံ လှုပ်ရှားမှုတွေလုပ်တယ်။ မြေရှင်တွေ၊ ချမ်းသာတဲ့ လယ်သမားလို့ သတ်မှတ်ခံရသူတွေ၊ အစိုးရဒေါက်တိုင်လို့ သံသယရှိသူတွေကို သုတ်သင်ရှင်းလင်းခဲ့ တယ်။ အဲဒီလှုပ်ရှားမှုတွေအကြောင်းကို အလင်းဝင် ဗကပဟောင်းတွေ ရေးသား ထုတ်ဝေခဲ့တဲ့ “ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ” ဆိုတဲ့ စာအုပ်မှာ အကျယ်တဝင့်ဖော်ပြထားတယ်။

ဗကပထဲကနေ လက်နက်ချ အလင်းဝင်လာသူတွေရေးသားတဲ့ စာအုပ်ဖြစ်တဲ့အတွက် လွန် လွန် ကျူးကျူးရေးသားမှုတွေပါဝင်နိုင်ပါတယ်။ ဒါပေမယ့် ပေါက်ခေါင်းဒေသမှာ အဲဒီလို ဖြစ်ရပ် တွေ ရှိခဲ့တယ်ဆိုတာတော့ အမှန်ပဲ။

ဗကပတွေရဲ့ အာဏနီတည်ဆောက်ရေးလှုပ်ရှားမှုရဲ့ အကျိုးဆက်က လွတ်လပ်ရေးမရခင်ထဲက ဗကပကို ထောက်ခံခဲ့သူတွေ၊ အမာခံအဖြစ်ကူညီခဲ့သူတွေပါ မြေရှင်၊ ချမ်းသာလယ်သမား၊ ဒေါက် တိုင် ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ သုတ်သင်ရှင်းလင်းခံလိုက်ရတာပါပဲ။ အဲဒီလို အလွန်အကျွံ လုပ်ဆောင် ချက်တွေကြောင့်ပဲ ဒေသခံတွေရဲ့ ဆန့်ကျင်မှုကို ခံရပြီး ဗကပတွေဟာ ပေါက်ခေါင်း မြို့နယ်ကို စွန့်လွှတ်ခဲ့ရတယ်။

၂၀၁၄ နဲ့ ၂၀၁၉ ခရီးစဉ်တွေမှာ ဆယ်ကျော်သက်အရွယ်ထဲက ဗကပတွေအတွက် စာပို့၊ ရိက္ခာ ပို့၊ သတင်းပို့ လုပ်ပေးခဲ့တဲ့ အဘကြီးတွေနဲ့ စကားပြောခဲ့ရတယ်။ သူတို့က “ဗကပ တွေ စည်းဖောက်ပြီး ထမင်းကျွေးတဲ့သူကို ရန်ရှာ လို့ ပေါက်ခေါင်းကနေ ပြေးရတာ” လို့ပြောတယ်။ အဘကြီးတွေ စကား ကြားတော့ မော်စီတုန်းက တရုတ်ပြည်သူတွေ နဲ့ တရုတ် ကွန်မြူနစ် တပ်ဖွဲ့ဝင်တွေ ဆက်ဆံရေးကို ရေ နဲ့ ငါး အဖြစ် ဥပမာပေးခဲ့တာကို သတိရမိတယ်။

တောင်စင်း၀ တောင်ကြား၊ ရေနဲ့ငါး ဆက်ဆံရေး။ ယူတတ်ရင် ဆေး၊ မယူတတ်ရင် ဘေး ပေါ့။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: