အကျီ ၤလက်ရှည်အဖြူ၊ ပိုးတွဲလုံချည်နီညိုရောင်ကွက်စိပ်၊ လေးထောင့်ဆန်ဆန် ကိုင်းအနက် မျက်မှန် နဲ့၊ လူကလည်း လေးဆယ်ကျော် ဆိုတော့ သူ့ပုံက ပါမောက္ခ ပုံပေါက်နေတယ်။ တကယ် တော့လည်း သူ့ဘဝရည်မှန်းချက်က တက္ကသိုလ်မှာ ဆရာလုပ်ဖို့ပဲ။ ဒါပေမယ့် ဘ၀ ဇာတ်လမ်း အလှည့် အပြောင်းကြောင့်သာ ဟိုတယ်လောကထဲရောက်လာတာ။
သူ့မိဘတွေက အညာဒေသမြို့ကြီးတစ်မြို့က။ သူဆယ်တန်းအောင်တော့ ၁၉၈၇ ခုနှစ်။ တက္ကသိုလ်တက်မယ်၊ ပြီးရင် တက္ကသိုလ်ပညာရေးလောကထဲဝင်မယ် ဆို တာ သူ့အိပ်မက်။ ဒါပေမယ့် ၈၈ အရေးအခင်းဖြစ်ပြီးတော့ ကျောင်းတွေ ပိတ်လိုက်၊ ဖွင့်လိုက်နဲ့ ကျောင်းတက် ရတာအဆင်မပြေတော့ဘူး။ ဒီလိုနဲ့ အလုပ်လုပ်ဖို့ဖြစ်လာတယ်။
အဲဒီအချိန်က ပုဂ္ဂလိက လုပ်ငန်းတွေက စလုံးရေစပဲရှိသေးတော့ အလုပ်ရဖို့ခက်တယ်။ ဒီလိုနဲ့ အလုပ်သမားရုံးမှာ မှတ်ပုံတင်ပြီး အစိုးရအလုပ်ရှာရတယ်။ အစိုးရအလုပ်ကလည်း နေရာတစ် နေရာပေါ်ရင် လေ ျှာက်တဲ့သူက ရာချီရှိတော့ မလွယ်ဘူး။ ဒါပေမယ့် ဦးလေးတစ်ယောက်က ဌာန တစ်ခု မှာ ရာထူးကြီးကြီးရထားတော့ သူ့ကူညီစောင်မမှုနဲ့ ဦးလေးရုံးမှာပဲ အငယ်တန်း စာရေးအလုပ်ရတယ်။ ဦးလေးက သူ့အနားမှာပဲ ခေါ်ထားတော့ အလုပ်လုပ်ရတာလည်း အခက် အခဲမရှိဘူး။ အဆက်အသွယ်ကောင်းရင် ဝင်လမ်းထွက်လမ်း လွယ်တယ်ဆိုတဲ့ သင်ခန်းစာ ကို ပထမဆုံးနားလည်ခဲ့တဲ့ အချိန်ပေါ့။
ဦးလေးရုံးမှာလုပ်နေရင်းနဲ့ အဝေးသင်တက်တယ်။ ဘွဲ့ရတယ်။ ဖြစ်ချင်တဲ့ကျောင်းဆရာတော့ မဖြစ်နိုင်တော့ဘူး။ ဒီတော့ အစိုးရဝန်ထမ်းဆက်လုပ်မလား၊ ဘာ ဆက်လုပ်မလဲ၊ စဉ်းစားရပြီ။ အစိုးရ ဝန်ထမ်းမလုပ်ရင် ဘာဆက်လုပ်မလဲ ဆိုတာလည်း ရေရေရာရာ မရှိပြန်ဘူး။ နောက် ဆုံးတော့ အပြင်မှာ ရရာအလုပ်လုပ်ရင်း အခွင့်အရေးရှာမယ်ဆိုပြီး အစိုးရအလုပ်က ထွက်လိုက် တယ်။
ဒီလိုနဲ့ ရန်ကုန်ရောက်လာပြီး အလုပ်ရှာတယ်။ သူငယ်ချင်းတစ်ယောက်အဆက်အသွယ်နဲ့ အစား အသောက်တွေ၊ ဟိုတယ်သုံးပစ္စည်းတွေ ဖြန့်တဲ့ ကုမ္ဗဏီမှာ အလုပ်ရတယ်။ ပစ္စည်းတွေလိုက်ပို့ ရင်းနဲ့ ဟိုတယ်ဝန်ထမ်းတွေနဲ့ မိတ်ဆွေဖြစ်ပြီး သူတို့ဆီကနေ ဟိုတယ် လုပ်ငန်း သဘောသဘာ ဝတွေကို သိလာတယ်။ မှတ်မှတ်ရရ အဲဒီအချိန်က Visit Myanmar Year 1996 အတွက် ပြင်ဆင် နေတဲ့အချိန်ပေါ့။
ဒါ့ကြောင့် ဟိုတယ်ဝန်ထမ်းဘဝကို ကူးပြောင်းဖို့ ဆုံးဖြတ်ပြီး ဟိုတယ်/ခရီးဝန်ထမ်းဟောင်းတွေ ဖွင့် ထားတဲ့သင်တန်းကျောင်းမှာ သင်တန်းတက်တယ်။ သင်တန်းဆင်းတော့ ရွှေတောင်ကြားထဲက ဟိုတယ်အသေးလေးရဲ့ ဧည့်ကြိုဌာနမှာ အလုပ်ရတယ်။ နောက် ပြည်လမ်းပေါ်က ဟိုတယ် အလတ်တစ်ခုကို ရောက်တယ်။ အဲဒီကနေ ပြည်တွင်းလုပ်ငန်းရှင်ကြီးတစ်ယောက်ရဲ့ ဟိုတယ် မှာ အလုပ်ရတယ်။ ဧည့်သည်တွေနဲ့ ဆက်ဆံရတာ၊ အကူအညီပေးရတာ ကို ကြိုက်တဲ့အတွက် ဘယ်ဟိုတယ်ဖြစ်ဖြစ် ဧည့်ကြိုဌာနမှာပဲလုပ်တယ်။ တစ်နေ့ ဧည့်ကြိုဌာန အကြီးအကဲဖြစ်ရမယ် ဆိုတာ သူ့အိပ်မက်ဖြစ်လာတယ်။
အဲဒီဟိုတယ်က အိပ်ခန်းနှစ်ရာလောက်ရှိတာဆိုတော့ အဲဒီအချိန်က ဟိုတယ်ကြီးစာရင်းဝင်ပေါ့။ ပိုင်ရှင်ကလည်း မင်းပေါက်စိုးပေါက် ဆိုတော့ တကယ့်နေရာကောင်းကို ရထားတာ။ ပြည်တွင်းရော၊ နိုင်ငံခြားသားဧည့်သည်ပါများတယ်။ ဒါပေမယ့် ပိုင်ရှင်အတွက် က ဟိုတယ်က သူ့လုပ်ငန်းအများကြီးထဲက ငါးပွက်ရာ ငါးစာချထားတဲ့ လုပ်ငန်းတစ်ခုပဲ။ အမြတ် များ တဲ့လုပ်ငန်းတွေဘက်ကို အာရုံစိုက်နေတော့ ဟိုတယ်ကို အဆင့်မြှင့်ဖို့ စိတ်မဝင်စားဘူး။ တိုးချဲ့ ဖို့ မကြိုးစားဘူး။ ခရိုနီတွေရဲ့ သဘောထားကို သိလာတဲ့နောက် ဒီဟိုတယ်မှာ ဆက်နေရင် ဘ၀ တိုးတက်ဖို့မရှိဘူးဆိုတာမြင်တဲ့အတွက် ဒူဘိုင်း က ဟိုတယ်တစ်ခုမှာ အလုပ် သွား လုပ်လိုက် တယ်။
ဒူဘိုင်းမှာ နှစ်နှစ်လောက်လုပ်ပြီးတော့ ပြန်လာတယ်။ နိုင်ငံတကာဟိုတယ်အတွေ့အကြုံရလာ တဲ့ အတွက် ရန်ကုန်က နိုင်ငံတကာဟိုတယ်တစ်ခုမှာ အလုပ်ရတယ်။ လူရောစိတ်ပါ လုပ်ငန်းထဲမှာ နှစ်မြှုပ်ထားတဲ့အတွက် အခုအချိန်ထိ တစ်ကိုယ်တည်း လူပျိုကြီးပဲ။ မစွံလို့တော့ ဟုတ်ပုံမရဘူး။ “အချစ်ကို တွေ့တော့ နောက်ကျနေပြီ၊ ဒါပေမယ့် အရင်းနှီးဆုံး မိတ်ဆွေ၊ နားလည်မှုအရှိဆုံး သူငယ်ချင်း အဖြစ်ရှိနေတုန်းပဲ” တဲ့။ နိုင်ငံတကာ အစည်းအဝေးတစ်ခု ကို အကြောင်းပြုပြီး သူတို့ နှစ်ယောက်စတွေ့ပုံက ရိုးရိုးလေးနဲ့ ထူးဆန်းနေပါတယ်။
၂၀၁၁- ၂၀၁၉ကြား ခရီးသွား တွေလည်း ပိုများ၊ နိုင်ငံတကာစီးပွားရေးသမားတွေလည်း ခြေချင်းလိမ်နေ၊ နိုင်ငံတကာဟိုတယ် ကြီးတွေလည်းလာဖွင့်လို့ ဟိုတယ်လုပ်ငန်း ရွှေခေတ် ဖြစ်နေချိန်မှာ သူနောက်ထပ် နိုင်ငံတကာ ဟိုတယ်နှစ်ခုမှာပြောင်းပြီးအလုပ်လုပ်တယ်။ တတိယမြောက်ဟိုတယ်ကိုရောက်တော့ ဧည့်ကြို ဌာနမှာ သူ့အထက်အရာရှိဆိုလို့ တာဝန်ခံ နိုင်ငံ ခြားသားတစ်ယောက်ပဲရှိတော့တယ်။ သူ့ အတွက် အခွင့်အလမ်းတွေ လက်တစ်ကမ်း ရောက်နေချိန်ပေါ့။
ဒါပေမယ့် ကျွန်တော်နဲ့သူ တွေ့တဲ့အချိန်မှာတော့ ဟိုတယ် ရွှေခေတ် က အငွေ့ပျံသွားပြီး သူဟာ ဟိုတယ် ကျောက်ခေတ်လူသားဖြစ်နေပြီ။ သူတို့ ဟိုတယ်ရဲ့ရှေ့ရေးက မသေချာတော့ဘူး။ ဟိုတယ်လုပ်ငန်းခွင်ထဲမှာ နှစ်နှစ်ဆယ်ကျော်နေလာ ခဲ့ပြီ ဆိုတော့ နိုင်ငံရဲ့ ပုံရိပ်က နိုင်ငံတကာ ခရီးသွားလုပ်ငန်းအတွက် ဘယ်လောက်အရေးကြီးတယ်ဆို တာ သူသိတယ်။ ဒါ့ကြောင့် “ ပုံပျက် ပန်းပျက် ဖြစ်သွားပြီ” လို့ စိတ်ပျက်လက်ပျက်ပြောတယ်။
သူ့အနေနဲ့ အခု အသက်အရွယ်ရောက်မှ နောက်ထပ် လုပ်ငန်းတစ်ခုပြောင်းဖို့လည်း မလွယ် တော့ဘူး။ ဒါပေမယ့် ဟိုတယ်လုပ်ငန်းကိုရွေးချယ်မိတဲ့အတွက် နောင်တမရဘူး၊ သူနောင်တ ရတာကတော့ “ နိုင်ငံရေး” ပဲလို့ပြောတယ်။ ဆယ်တန်းအောင်ပြီးထဲက နိုင်ငံရေးဖြစ်စဉ်မျိုးစုံ နဲ့ ကြုံခဲ့ပေမယ့် မဆိုင်သလို နေခဲ့တယ်၊ မဲပေးချိန်ရောက်လို့ မဲပေးရင် ပြီးပြီလို့ထင်ခဲ့တယ်တဲ့။ “ကျွန်တော်တို့က အဆဲခံရတဲ့ Generation” တွေပေါ့လို့ မချိပြုံးနဲ့ပြောတယ်။
“ခင်ဗျား ဟိုတယ်လုပ်ငန်းထဲမှာပဲ ဆက်နေမှာလား၊ ဘာဆက်လုပ်မှာလဲ”လို့မေးလိုက်တော့ တစ်ခုခုတော့ ရွေးရတော့မယ်လို့ ပြော တယ်။ သူဘာကို ဆိုလိုတာလဲ ဆိုတာ တိတိကျကျ မပြောဘူး။ သူ့မျက်လုံး တွေ ထဲမှာတော့ အရိပ်တစ်ခု ဖြတ်သွားတာ မြင်မိသလိုပဲ။
သူက နိုင်ငံရေးအကြောင်းနဲ့ပတ်သက်ပြီး ဆက်မပြောတော့ပေမယ့် ကျွန်တော်ကတော့ ထုံးစံ အတိုင်း “တကယ်လို့ ရွေးကောက်ပွဲဖြစ်လာရင်မဲပေးဦးမှာလား” လို့ မေးလိုက်တယ်။ သူ တွေသွားပြီး စဉ်းစားနေတယ်။ ပြီးတော့မှ “ မဲရုံတော့သွားမှာပေါ့၊ ဒါပေမယ့် ဘောင်အပြင်မှာ တုံးထုခဲ့မယ်၊ ဘယ် ပါတီမှ မပေးချင်တော့ဘူး၊ ပယ်မဲလုပ်လိုက်မယ်” လို့ ဆိုတယ်။ ကျွန်တော်က ဥပဒေအရဆိုရင် မဲပေးချင် လည်းရတယ်၊ မပေးချင်လည်းရတယ်၊ မပေးချင်ရင် မဲရုံမသွားနဲ့ပေါ့ လို့ ပြန်ပြောတော့ သူက “ ဒါ လေးတောင်မသိဘူးလား” ဆိုတဲ့ အပြုံးနဲ့ ပြန်ကြည့်တယ်။ ဟိုးဝေးဝေး တစ်နေရာက ဟေမာနေဝင်းရဲ့ “ ယုံလား” သီချင်းဖွင့်ထားတာ ကြားမိသလိုပဲ။
ကျွန်တော်တို့ နှစ်ယောက် ပြောဖို့ စကားကုန်သွားပြီး အတွေးတွေနဲ့ ငြိမ်နေကြတယ်။ ခဏ နေ တော့ နှုတ်ဆက်ပြီး ပြန်သွားတယ်။ ကော်ဖီဆိုင်ထဲကနေ ကိုယ်ဟန်မတ်မတ်၊ ခြေလှမ်းမြန်မြန် နဲ့ ထွက်သွားတယ်။ ဆိုင်တံခါးဖွင့်ပြီး ပလက်ဖောင်းပေါ်ရောက်တော့ ဘယ်ဘက်သွားရင် ကောင်း မလဲလို့ ရပ်ပြီး စဉ်းစားမနေဘူး။ သူသွားမယ့် လမ်းကို သူဆုံးဖြတ်ထားပြီးတဲ့ ပုံစံနဲ့ ညာဘက် ကို ချက်ခြင်းလှည့်ထွက်သွားတယ်။