ကျွန်တော်နဲ့ ဖက်ဒရယ်
ဖက်ဒရယ်နဲ့ပတ်သက်ပြီး ရှုထောင့်တစ်ဖက် တည်းကပဲ သင်ကြားခံခဲ့ ရသူတစ်ယောက် ၊ ရှေ့တန်းတစ်နေရာမှာ မမေ ျှာ်လင့်ဘဲ ရခဲ့တဲ့ စာအုပ် တစ်အုပ်ကြောင့် ဖက်ဒရယ်ကို အခြားရှုထောင့်တစ်ဖက်ကနေ ရှုမြင်နိုင်ခဲ့တဲ့ အကြောင်း လွန်ခဲ့တဲ့လေးနှစ် ၂၀၁၈ ခုနှစ်က ရေးထားတဲ့ ဆောင်းပါး တစ်ပုဒ်ပါ။
မဖတ်ရသေးသူများ ဖတ်ရှုဝေဖန်သုံးသပ်နိုင်ဖို့ မ ျှဝေလိုက်ပါတယ်။
ကျွန်တော်နဲ့ ဖက်ဒရယ်
ကျွန်တော့်ဘဝမှာ ကိုယ့်နိုင်ငံရေး အတွေးအမြင်ကိုပြောင်းစေတဲ့ စာအုပ်တွေအတော်များများရှိ တယ်။ အဲဒီအထဲက တစ်အုပ်ကတော့ ဖက်ဒရယ်စနစ်နဲ့ပတ်သက်တဲ့စာအုပ်ပါ။
၁၉ ၈၄ ခုနှစ်ထဲမှာ မြန်မာ-ထိုင်းနယ်စပ်က ကေအင်ယူတပ်ဖွဲ့ရဲ့ မဲသဝေါ စခန်းကို တပ်မ ၄၄ လက် အောက်ခံတပ်ဖွဲ့တွေကသိမ်းပိုက်ခဲ့တယ်။စခန်းကို သိမ်းပြီးတော့အဲဒီဒေသလုံခြုံရေး ကို ကျွန်တော် တာဝန်ထမ်းဆောင်နေတဲ့ တပ်ရင်းက တာဝန်ယူခဲ့ရတယ်။ ကျွန်တော်က မဲသဝေါစခန်း ရဲ့ မြောက်ဘက်အကျဆုံးတောင်ကုန်းတစ်ခုမှာ စခန်းဆောက်ပြီး ခံစစ်ပြင်ရတယ်။
အဲဒီအချိန်က မဲသဝေါစခန်းထဲမှာ ရုံးအဆောက်အဦတွေ၊ လူနေအဆောက်အဦတွေ၊ ဘာသာရေး အဆောက်အဦတွေအများကြီးပဲ။ အဲဒီအဆောက်အဦတွေထဲက မဒတ အဖွဲ့ရုံးလို့ ယူဆရတဲ့ ရုံး အဆောက်အဦထဲကနေ စိတ်ဝင်စားစရာကောင်းတဲ့စာအုပ်တွေကို ကျွန်တော့်စခန်းကို သယ်လာပြီး လေ့လာခဲ့တယ်။ အဲဒီထဲက တစ်အုပ်ကတော့ “ Fundamentals of Government” ဆိုတဲ့ စာအုပ် ပဲ။
ဒီစာ အုပ်ဟာ အစိုးရ၊ လွှတ်တော်၊ အခြေခံဥပဒေ၊ တစ်ပြည်ထောင်စနစ်၊ ပြည်ထောင်စုစနစ် စတာတွေ ကို တိုတို ရှင်းရှင်း ရေးသားထားတဲ့အတွက် နိုင်ငံရေးစတင်လေ့လာသူတွေအတွက် အင်မတန် အသုံးဝင်ပါတယ်။ ကျွန်တော်တို့လိုဖက်ဒရယ်ဆိုတဲ့စကားလုံးကို ကြောက်စရာနိုင်ငံရေး အယူ အဆအဖြစ် နဲ့ သင်ကြား တာခံခဲ့ရတဲ့ မျိုးဆက်တွေအတွက် ဖက်ဒရယ် စနစ်ရဲ့ အခြား တစ်ဖက် မျက်နှာစာကို မြင်ခွင့်ရခဲ့တဲ့ စာအုပ်ပေါ့။
အဲဒီစာအုပ်ကို သဘောကျလွန်းလို့ မဲသဝေါစခန်းကနေ စစ်ဆင်ရေးပြန်လာတဲ့အချိန်မှာ ကျောပိုး အိတ်ထဲမှာ ထည့်ပြီးသယ်ခဲ့တယ်။ အဲဒီအချိန်က မဲသဝေါ စခန်းကနေ လှိုင်းဘွဲ့မြို့ကို ခြေလျင် ချီတက်ရတာဖြစ်တဲ့အပြင် မိုင်းတွေ၊ တိုက်ပွဲတွေကြောင့် လမ်းမကြီးအတိုင်းမသွားနိုင်ဘဲ တောင် ကြောတွေပေါ်ကနေ တောတိုးချီတက်ရတဲ့အချိန်ပါ။ အဲဒီလိုအချိန်မှာ ဒီလိုစာအုပ်အထူကြီးကို ရိက္ခာတွေ၊ ခဲယမ်းတွေနဲ့အတူ ကြောပိုးအိတ်ထဲမှာ ထည့်ပြီးသယ်တယ်ဆိုတာ အတော်မလွယ်တဲ့ ကိစ္စဆိုတာ ကြုံဖူးသူတွေသိပါတယ်။
ဒီစာအုပ်ကို အခွင့်ရတိုင်း ပြန်ဖတ်ဖြစ်တယ်။ ဖတ်တိုင်းလည်း ဖက်ဒရယ်နဲ့ ပတ်သက်ပြီး အတွေး တွေပြောင်းပြောင်းလာတယ်။ အခြေအနေ၊ အချိန်အခါအရ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုခွင့် မရှိပေမယ့် အစဉ်အဆက်သင်ကြားခံထားရတဲ့ဖက်ဒရယ်ဟာ မကောင်းဘူးဆိုတဲ့ အချက်ဟာ မမှန် ဘူး ဆိုတာကိုတော့ လက်ခံလာတယ်။ နောင်ရာထူးအဆင့်ဆင့်တိုးမြှင့်တာဝန်ထမ်းဆောင်ရတဲ့ အခါဖက်ဒရယ် စနစ်နဲ့ပတ်သက်ပြီး ဖတ်ရှုလေ့လာဆွေးနွေးခွင့်တွေအများကြီးရခဲ့တယ်၊ ငြိမ်းချမ်း ရေးရနေတဲ့ဒေသတွေကို လေ့လာခွင့်ရခဲ့တယ်။ ဒါ ပေမယ့် ဒီစာအုပ် ကတော့ ကျွန်တော့်ရဲ့ လက်ဦး ဆရာပါပဲ။
စက်တင်ဘာ ၃ ရက်နေ့က မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က ပြုလုပ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု – မျှော်ရည်ပန်းတိုင်နှင့် ညှိနှိုင်း ယူရမည့် ဖြစ်တန်ခြေများ (A Federal Democratic Union: Visions and Negotiated Possibilities) ဆွေးနွေးပွဲမှာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုပုံစံနဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုး ကို ဆွေးနွေးသွားတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာလည်း ဖက်ဒရယ်ပြည်ထောင်စုပုံစံနဲ့ပတ်သက်ပြီး အမျိုးမျိုးဆွေးနွေးနေကြ တာရှိပါတယ်။ အခြားအဖွဲ့အစည်းအသီးသီးက ကျင်းပတဲ့ဆွေးနွေးပွဲတွေ၊ စကားဝိုင်းတွေမှာလည်း အမြင်အမျိုးမျိုးတွေဆွေးနွေးနေကြတယ်။
အဲဒီဆွေးနွေးပွဲတွေမှာ ထင်ထင်ရှားရှားမြင်ရတဲ့အချက်တစ်ခုကတော့ လူများစုဖြစ်တဲ့ ဗမာ တိုင်း ရင်းသား (အစိုးရ၊ လွှတ်တော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်း၊ အရပ်ဘက် ပညာရှင် များ) နဲ့ ကျန် လူနည်းစုတိုင်းရင်းသားတွေကြားမှာ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ရှုမြင်ပုံအတော်ကွဲပြား ခြားနားတယ် ဆိုတဲ့အချက်ပါပဲ။ ဒါကလည်း အစဉ်အလာအရ သင်ကြားခဲ့ရမှု၊ ဖြတ်သန်းခဲ့ရမှုတွေ ကွဲပြားခြားနားတာကြောင့်ဖြစ်ပါတယ်။
ကျွန်တော့်ကတော့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုပုံစံကို မဆွေးနွေးခင် အောက်ပါအချက်တွေ ကို အရင်လက်ခံဖို့လိုတယ်လို့မြင်မိပါတယ်-
၁။ ဖက်ဒရယ်ဆိုတာ ဒေသတစ်ခု၊ လူမျိုးတစ်မျိုးနဲ့ပတ်သက်တဲ့ နိုင်ငံရေး၊အုပ်ချုပ်ရေး၊ စီးပွား ရေး၊လူမှုရေးရာ ကိစ္စတွေကို အနီးဆုံးနေရာမှာ ရှိတဲ့ ၊ သက်ဆိုင်မှုအရှိဆုံးဖြစ်တဲ့ သူတွေကို စီမံ ခန့်ခွဲခွင့်ပေးတာဖြစ်တယ်။
၂။ လုပ်ပိုင်ခွင့်တွေဘယ်လောက်ပေးမလဲဆိုတာက သမိုင်းအစဉ်အလာ၊ လူမျိုးများရဲ့ ဓလေ့ထုံးစံ၊ လူမျိုးစုများအကြား တည်ရှိခဲ့၊ တည်ရှိနေတဲ့ဆက်ဆံမှုတွေအပေါ်မှာ မူတည်တယ်။
၃။ မြန်မာနိုင်ငံဟာ အင်အားကြီးမားတဲ့ နော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့ခေတ်မှာ တောင် တိုင်းရင်းသားဒေသတွေဟာ တစ်ပြည်ထောင်စနစ်ပုံစံနဲ့ရှိခဲ့တာမဟုတ်ဘူး။ ဖက်ဒရယ်ပုံစံ နဲ့ရှိနေခဲ့တာဖြစ်တယ်။ ဒ့ါကြောင့် သမိုင်းနဲ့ ချီပြီး ပြန်ပြောရင် တစ်ပြည်ထောင်စနစ်ကို ပြောနေ တာ မဟုတ်ဘူး။ ဖက်ဒရယ်ကိုပြောနေတာဖြစ်တယ်လို့ သတိပြုရပါမယ်။
၄။ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှသာ ဗမာတိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်များနဲ့ တိုင်းရင်း သားခေါင်းဆောင်တွေကြားမှာ သေသေချာချာစတင်ထိတွေ့ခွင့်ရတာဖြစ်တယ်။ ဒါ့ကြောင့် ဗိုလ် ချုပ်အောင်ဆန်းအပါအဝင် ခေါင်းဆောင်များဟာ တိုင်းရင်းသားများရဲ့ အစဉ်အလာ နိုင်ငံရေး၊ လူမှု ရေးဆိုင်ရာဆက်ဆံမှုတွေကို လေ့လာခွင့်မရဘူး။ နိုင်ငံတကာ အထူးသဖြင့် ဆိုဗီယက်၊ တရုတ် ကွန် မြူနစ်တွေရဲ့ အယူအဆတွေကို အခြေခံစဉ်းစားခဲ့ရတယ်။ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အခြေခံဥပဒေ ရေး ဆွဲရေးနဲ့ပတ်သက်ပြီး တိုင်းရင်းသား လူနည်းစုတွေရဲ့အခွင့်အရေး၊ လူမျိုးကြီး၊ လူ မျိုးငယ် စ သည်ဖြင့် ခွဲခြားသုံးသပ်ပြောဆို တာတွေဆိုရင် လီနင်ရဲ့ အယူအဆတွေကို အခြေခံပြီး ပြော သွားခဲ့ တာဖြစ်တယ်။ ဒီအခြေအနေဟာ အခုအချိန်အထိ အနည်းနဲ့ အများ ရှိနေဆဲပဲ။
၅။ ၁၉ ၄၇ ခုနှစ် ပင်လုံညီလာခံကျင်းပချိန်မှာရှိနေတဲ့ တိုင်းရင်းသားလူနည်းစုတွေရဲ့ နိုင်ငံရေး ရေချိန် တွေ၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေနဲ့ လက်ရှိအခြေအနေအများကြီး ကွာခြားသွား ပြီ။ ပါရာဒိုင်းတွေမတူတော့ဘူး။ ကျွန်တော်တို့ အစဉ်အလာလက်ခံခဲ့တဲ့ အယူအဆတွေ၊ အတွေး အမြင်အချို့ကို စွန့်ပစ်ရမယ့်အချိန်ရောက်လာပြီ။
၆။ တစ်နိုင်ငံလုံးမှာ လူမျိုးကြီးဝါဒ မထွန်းကားဖို့လိုသလို ပြည်နယ်တစ်ခု၊ ဒေသတစ်ခုအတွင်းမှာ လည်း လူမျိုးကြီးဝါဒ မထွန်းကားဖို့လိုတယ်။
လူကြိုက်နည်းမယ့် အတွေးတွေကို မ ျှဝေတာပါ။ လွတ်လပ်စွာသဘောကွဲလွဲနိုင်ပါတယ်။




