“ခရီးနိုင်ငံရေး” ( နေဝင်းမြင့်၊ ဥဒယကျေးရွာစာပေ၊ ၂၀၁၃ နိုဝင်ဘာ)စာအုပ် မှာ ဆရာနေဝင်းမြင့် က ဆရာမြသန်းတင့်ရဲ့ ခရီးသွားခြင်း နဲ့ ပတ်သက်တဲ့ အယူအဆကို အခုလို ရေးပြခဲ့တယ်-
“ နိုင်ငံရေးအစစ်ဟာ ခရီးတွေသွားမှ မြင်ရတယ်၊ ကြားရတယ်၊ ခရီးသွားရင်း တွေ့ရ ကြုံရသူတွေ ကို ကြည့်ရင် သူတို့မှာ ဘယ်လို ဖုံးကွယ်ထားမှုမှ မပါဘူး။ ဘယ်လို ပယောဂမှမပါဘူး။ သည်လို မပါတဲ့ အတွက် သူတို့ဆီက အမှန်တရားကို ရှင်းရှင်းလင်းလင်းရနိုင်တယ်။ xxx ခရီးတွေ သွား ရမယ်၊ ခရီးတွေသွားမှ ဖြစ်ပျက်နေတာကို သိမှာပေါ့။ ဒါနိုင်ငံရေးပဲ။”
ဝန်ထမ်းဘဝနဲ့ နိုင်ငံရေးရာထူးတာဝန်ထမ်းဆောင်စဉ်ကာလမှာ ဘယ်လောက်ပဲ အောက်ခြေ အထိ ဆင်းတယ်ပြောပြော၊ လွတ်လွတ်လပ်လပ်သွားတယ်ဆိုဆို လက်ရှိ ရာထူး တာဝန်ထမ်း ဆောင်နေသူ ဖြစ်တဲ့အတွက် ကျွန်တော့်ကို ပြောလိုက်ရင် စကားကျွံသွားမလား ဆိုတဲ့ စိုး ရိမ်မှု တွေရှိတယ်။ ဒီတော့ ကြားသင့်သလောက်မကြားရဘူး။ ကျွန်တော့်ဘက်ကလည်း ကိုယ့် ပုဂ္ဂလိ ကအမြင် ပြောလိုက်တာကို အစိုးရသဘောထားအဖြစ် နားလည်မှုလွဲမှာ စိုးရိမ်ရတဲ့ အတွက် ပြောချင်သလောက် မပြောနိုင်ဘူး။
၂၀၁၆ နောက်ပိုင်းမှာတော့ ခရီးတွေ ပိုသွားဖြစ်တယ်။ သွားရတာလည်း လွတ်လပ်တယ်၊ စကား ပြောလို့လည်းကောင်းတယ်။ ကျွန်တော်ဘယ်သူမှန်းသိသွားရင်တောင် အားမနာတမ်း ပြောတဲ့သူ တွေနဲ့လည်း ကြုံခဲ့ရတယ်။ ကျွန်တော့် ဘက်ကလည်း ပြောသမ ျှစကားက ကိုယ့်အမြင်ကိုပဲ ကိုယ်စားပြုတဲ့အတွက် ပွင့်ပွင့် လင်းလင်းပြောနိုင်တယ်။ ဒီလိုနဲ့ ကိုယ်တိုင်မြင်ရ၊ ကြားရတာနဲ့ ခရီးသွားအတွေ့အကြုံကို အခြေခံပြီး ဖြစ်လာတဲ့ အတွေးတွေကို ခရီးသွားဆောင်းပါးအဖြစ် ရေးနိုင်ခဲ့တယ်။
အခုလည်း ကိုယ့်ခံနိုင်ရည်ကို ဆန်းစစ်နိုင်ဖို့ နဲ့ ဒေသန္တရ ဗဟုသုတ ရှာဖွေနိုင်ဖို့ ခရီး တစ်ခေါက် ထွက်ခဲ့ပြန်ပြီ။


