ရွှေအင်းတိန် ဘုရား (၁)

ခရီးစဉ်တတိယနေ့မှာ ပတ္တူပေါက်ရွာကနေ အင်းတိန်ရွာကို ကားနဲ့ သွားပါတယ်။ ပက္တူပေါက် ရွာကနေ အောင်ပန်း – အင်းတိန် ကားလမ်းအထိ မြေသားလမ်းဖြစ်ပြီး ဆယ်မိနစ်လောက် မောင်း ရတယ်။ အောင်ပန်း – အင်းတိန်ကားလမ်းက တစ်ချို့နေရာတွေမှာ ကျောက်ချောလမ်း၊တစ်ချို့ နေရာတွေမှာ ကတ္တရာလမ်းဖြစ်ပြီး လမ်းအခြေအနေကောင်းပါတယ်။ တစ်နေရာမှာတော့ ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်း ၅.၆၉ ကီလိုမီတာကို ကတ္တရာလမ်းအဆင့်မြှင့်တင် တည် ဆောက်မယ်ဆိုတဲ့ အကြောင်း ဆိုင်းဘုတ်ထောင်ထားတာတွေ့ခဲ့ရတယ်။

ပက္တူပေါက်လမ်းခွဲကနေ အင်းတိန်းဘက်ကို သွားရင် ထီသိန်ရွာ၊ ကျောက်စုရွာ၊ နန်းရုပ်ရွာတွေကို ဖြတ်ပြီး အင်းတိန်ကို ရောက်တယ်။ ထီသိန်၊ ကျောက်စု နဲ့နန်းရုပ်ရွာတွေက ပအိုဝ်း ရွာတွေ၊ အင်း တိန်က အင်းသားရွာဖြစ်ပါတယ်။ ထီသိန်မှာ ရှေးဟောင်းဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းရှိပြီး စိတ်ဝင်စားသူများလေ့လာနိုင်ပါ တယ်။ ကလော-အင်းလေး ခြေလျင်ခရီးစဉ် စတဲ့အချိန်က နိုင်ငံခြားသားခရီးသွားတွေဟာ ထီသိန် ဘုန်းကြီးကျောင်းတွေမှာ ညအိပ်ရတယ်။ နောက်ပိုင်းမှ အုပ်ချုပ်မှုကိစ္စ ပိုအဆင်ပြေတဲ့ ပတ္တူ ပေါက် ရွာမှာ ညအိပ်တာဖြစ်ပါတယ်။

အင်းတိန်ရွာ အဝင် မှာ လမ်းခွဲတစ်ခုရှိတယ်။ ဘယ်ဘက်ကို ချိုးလိုက်ရင် အင်းအနောက်ဘက်ပတ် လမ်းအတိုင်း ညောင်ရွှေ နဲ့ တောင်လေးလုံး ( ကလော- တောင်ကြီးလမ်းပေါ်) ကို သွားတဲ့လမ်း ရှိတယ်။ အင်းတိန်ကို လာမယ်ဆိုရင် ကျွန်တော်တို့လာသလို အောင်ပန်း- အင်းတိန် လမ်း (၂၄ မိုင်) အတိုင်းလာလို့ရသလို ကလော-တောင်ကြီးကားလမ်း တောင်လေးလုံးလမ်းခွဲ ကနေ အင်း အနောက်ဘက် ပတ်လမ်း (၂၂ မိုင်) အတိုင်းလည်း လာလို့ရတယ်။ အဲဒီလမ်းကတော့ အစ အဆုံး ကတ္တရာလမ်းဖြစ်ပါတယ်။ စက်လှေနဲ့လာမယ်ဆိုရင်တော့ ညောင်ရွှေကနေ လာလို့ရ တယ်။ ဒါပေမယ့် ညောင်ရွှေမှာ အင်းထဲလည်ပတ်ဖို့ စက်လှေငှားတဲ့အခါ ရွှေအင်းတိန် ဘုရား ပါ/မပါ အသေအချာမေးပြီးမှ ငှားပါ။ ရွှေအင်းတိန်ဘုရားနဲ့ အင်းတိန်ရွာကို ရောက်ဖို့အတွက် အင်း တိန်ချောင်းအတိုင်း နာရီဝက်လောက်ဝင်ရတာကြောင့် တစ်ချို့စက်လှေတွေက သူတို့ လိုက်ပို့ မယ့် နေရာတွေစာရင်းမှာ ရွှေအင်းတိန်ဘုရားကို ချန်ထားတတ်တယ်။

ရွှေအင်းတိန် ဘုရားက အင်းတိန်ရွာအဝင် အင်းတိန်ချောင်းတံတားအကျော် ညာဘက် မှာ ရှိတယ်။ စောင်းတန်းရှိပေမယ့် အခု ကုန်းတော်ပေါ်အထိ ကားလမ်းပေါက်နေပြီ။ ကုန်းတော်ပေါ်ရောက် တော့ ဘုရားမဖူးသေးပဲ ရွှေအင်းတိန် ဘုရားတွေ အားလုံးကို ဓာတ်ပုံရိုက်နိုင်မယ့် တောင်ကုန်း ပေါ် ကိုတက်ခဲ့တယ်။

ရွှေအင်းတိန် ဘုရားလို့ ခေါ်ပေမယ့် ဘုရားဝင်းထဲမှာ ရှေးဟောင်းစေတီငယ်ပေါင်း ၁၀၅၄ ဆူ ရှိတဲ့ အတွက် ဒရုန်းမသုံးနိုင်ဘူးဆိုရင် စေတီအားလုံးပါတဲ့ ရှုခင်းကို တောင်ကုန်းပေါ်က ရိုက်မှ ရတယ်။ အဲဒီလို မြင်ရတဲ့ တောင်ကုန်းက ကားရပ်တဲ့နေရာ အနောက်ဘက် နားမှာ ရှိပြီး ကားရပ်တဲ့ နေရာက ကြည့်ရင် တောင်စောင်းမှာ ရေကန်တစ်ခုနဲ့ တောင်ထိပ်မှာ စေတီငယ်လေးရှိတဲ့ တောင်ကုန်းပါပဲ။ တောင်ပေါ်တက်တဲ့လမ်းက ရေကန်ဘေးမှာ ရှိတယ်။ လူသွားလူလာ နည်းတော့ ချုံနည်းနည်းပိတ်နေပေမယ့် လမ်းကြောင်းကို မြင်ရပါသေးတယ်။ လမ်းမှာ လမ်းခွဲ တစ်ခု တွေ့ရင် ဘယ်ဘက်ကို လိုက်ပါ။ တောင်ထိပ်ကို ဆယ်မိနစ်လောက်ပဲတက်ရပါတယ်။ တောင်ပေါ်ကနေ ဘုရားဝင်းထဲမှာ ရှိတဲ့ စေတီအားလုံးအပြင် အင်းတိန်ရွာပတ်ဝန်းကျင် မြေပြန့် လွင်ပြင်ကိုပါ မြင်ရတဲ့အတွက် ရှုခင်းမြင်ကွင်းကောင်းပါတယ်။ ဂေါပကအဖွဲ့အနေနဲ့ တောင်တက်လမ်း ကို စနစ်တကျရှင်းလင်း၊ တောင်ထိပ်မှာ ရှုခင်းကြည့်နိုင်ဖို့ နေရာလေးလုပ်ပေးထားဖို့ အကြံပြုချင် ပါတယ်။

ရွှေအင်းတိန်ဘုရားသမိုင်းမှာ ဘုရားရဲ့ မူလဒါယကာက သီရိဓမ္မာသောက ( အာသောက)မင်း ( ဘီစီ ၃၀၄ – ၂၃၂) ဖြစ်ပြီး အနော်ရထာ မင်း က ပထမဆုံးပြန်လည်ပြုပြင်တယ်၊ နောက်ထပ် ပြုပြင်တဲ့မင်းတွေက နရ ပတိစည်သူမင်း၊ မိုညှင်းမင်း၊ မင်းရဲကျော်စွာ၊ မင်းခေါင် နဲ့ဆင်ဖြူရှင်မင်းတို့ ဖြစ်တယ်လို့ ဖော်ပြ ထားတယ်။ ဘယ်ကျောက်စာအထောက်အထားနဲ့ ပြောတယ်ဆိုတာတော့ မပါဘူး။သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကတော့ အာသောကမင်းကျောက်စာ ရဲ့ သာသနာ ပြု တိုင်းနိုင်ငံစာရင်းမှာ မြန်မာနဲ့သီရိလင်္ကာမပါဘူး၊ အေဒီ လေးရာစုမှာ ပြု စုတဲ့ သီရိလင်္ကာ ရာဇဝင် ကျမ်း “ဒီပဝံသ” ပေါ်လာမှ သုဝဏ္ဏဘူမိနဲ့ သီရိလင်္ကာကို လွှတ်တဲ့ အကြောင်း စပြီး ဖော်ပြတယ်၊ အေဒီ ၆ ရာစုနှစ်မှ ပြုစုတဲ့ သီရိလင်္ကာရာဇဝင်ကျမ်း “မဟာဝံသ” မှာ ထပ်မံ ဖြည့်စွက်မှု တွေ လုပ်တယ်လို့ ရေးခဲ့ဖူးတယ်။ ( ထွေထွေရာရာမြန်မာ့သမိုင်း ၊ ဒေါက်တာ သန်းထွန်း ၊ ၂၀၀၇၊ စာ၄၀)။ ဘုရားဝင်းထဲမှာရှိတဲ့စေတီငယ်တွေကတော့ ၁၄ ရာစုကနေ ၁၈ ရာစု ကြားလက်ရာ တွေ ဖြစ်ပြီး မွေတော်ကက္ကူက စေတီတွေနဲ့ ပုံစံတူတယ်လို့ ဆိုပါတယ်။

ဒေါက်တာသန်းထွန်းကတော့ မွေတော်ကက္ကူစေတီတွေဟာ အာသောကမင်းတည်တယ်ပြော ပြော၊ အလောင်းစည်သူတည်တယ်ပြောပြော အမရပူရ ဗဒုံမင်း (၁၇၉ ၅-၁၈၁၈ ) ခေတ်လက်ရာ တွေနဲ့ နီးစပ်တဲ့အတွက် ၁၈၀၀ ပတ်ဝန်းကျင်လက်ရာတွေလို့ သတ်မှတ် ချင် တယ်လို့ ရေးပါ တယ်။ ( ထွေထွေရာရာသမိုင်း၊ စာ ၁၀။)

ကျွန်တော့်အမြင်အရတော့ ရွှေအင်းတိန်ဘုရားနဲ့အရံစေတီငယ်တွေရဲ့ မူလဒါယကာတွေ ဘယ်သူ ဖြစ်သလဲဆိုတာထက်အင်းတိန်ကရှေးဟောင်းစေတီတွေကို ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲ ဆိုတဲ့ အချက် က ပိုအရေးကြီးနေပြီလို့ထင်ပါတယ်။

အလဲဗင်းဂျာနယ် ၂၆ ဖေဖော်ဝါရီ ၂၀၂၀ ပါသတင်းတစ်ပုဒ်မှာ စေတီငယ် ၁၀၅၄ ဆူအနက် ခုနစ်ရာကျော်ကို ပြုပြင်ပြီးပြီ၊ နောက်ထပ်သုံးရာကျော်ပြင်ဖို့ ရှိသေးတယ်။ စေတီတွေ ပြုပြင် တာကို ရှေးဟောင်းသုတေသနရဲ့ ခွင့်ပြုချက်နဲ့ဆောင်ရွက်တယ်၊ ဂေါပကအဖွဲ့က ကြီးကြပ် ရုံသာ ကြီးကြပ်တယ်၊ ပြုပြင်တာက ဌာန အင်ဂျင်နီယာတွေ၊ ပန်းရန်အဖွဲ့က ပုဂံက ဖြစ်တယ်ဆိုတဲ့ ဂေါပကအဖွဲ့အတွင်းရေးမှူးရဲ့ ပြောကြားချက်ကို ဖော်ပြ ထားတာတွေ့ရတယ်။

မြေပြင်မှာ မြင်ခဲ့တာကတော့ စေတီအတော်များများဟာ မူလအနေအထားနဲ့လက်ရာ မပျောက် ပျက် အောင် ထိန်းသိမ်းထားတာမျိုးမဟုတ်ဘူး။အသစ်ပြန်တည်သလို အကုန်ပြန်အချောကိုင်ထား တာ တွေ့ရတယ်။ “၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန မှ ပြုပြင်ထိန်းသိမ်းသည်” လို့ ကျောက်စာတိုင်ထူထားတဲ့ စေတီ ၁၃ ဆူ နဲ့ အဲဒီကျောက်စာပတ်ဝန်းကျင်က စေတီတစ်ချို့ကတော့ လက်ရှိအနေအထားထက် ပိုပြီး ပျက်မသွားအောင် ထိန်းသိမ်းထားတာတွေ့ပါတယ်။

ဒါ့အပြင် ပတ်ဝန်းကျင်ကစေတီတွေနဲ့ ပုံစံမတူတဲ့စေတီတစ်ဆူကိုလည်း ထုံးသုတ်ပြုပြင် ထား တာတွေ့ရတယ်။ မူလစေတီဟောင်းကို ပြုပြင်ပြီးထုံးသုတ်လိုက်တာဆိုရင်တော့ အတော်ဆိုး တဲ့ လုပ်ဆောင်ချက်ပဲ။ အဲဒီအနားမှာပဲ စေတီတစ်ဆူကို အသစ် ပြန်တည် တဲ့အနေအထားမျိုးနဲ့ အောက်ခြေကနေ စပြီး အုတ်စီနေတာမြင်ရပြန်တယ်။ ( ပုံ ၈ နဲ့ ၉ ကိုကြည့်ပါ။ )

ဒီလို လုပ်ရပ်တွေကို ယဉ်ကျေးမှု ဝန်ကြီးဌာန နဲ့ ရှေးဟောင်းသုတေသနက သိမှ သိရဲ့လား၊ ဂေါပကအဖွဲ့ ဘာမှ မပြောဘူး လား လို့ တွေးမိတယ်။ ဒီအတိုင်းဆက်လုပ်နေရင်တော့ ရွှေအင်းတိန် ဘုရားဝင်းထဲက အရံစေတီ တွေကို ရှေးဟောင်း စေတီတွေလို့ ပြောဖို့ အတော် ခက်တော့မယ်ထင်တယ်။ ဒါပေမဲ့ ပုဂံဘုရားတွေတောင် ဒီလိုပဲ ပြင်ခဲ့တာ၊ ရွှေအင်းတိန်လောက် တော့ စိတ်ပူမနေနဲ့လို့ ပြောရင်လည်း ခံရ မှာပဲ။

ဆက်လက်ဖော်ပြပါ့မယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: