ကားထဲကို ဝင်ထိုင်လိုက်တာနဲ့ ကားဆရာက နောက်ကြည့်မှန်ကနေ လှမ်းကြည့်ရင်း “ဦးရဲထွဋ် ပါလား” လို့ လှမ်းပြောတယ်။ ဟုတ်ပါ့ဗျာ လို့ ပြန်ဖြေရင်း စကားပြောဖော်ကောင်းတော့ ရပြီပေါ့လို့ တွေးလိုက်တယ်။
ကားဆရာက လူကိုယ် ခပ်ဖိုင့်ဖိုင့်၊ မျက်မှန်နဲ့၊ ဘိုကေ ကို သပ်သပ်ရပ်ရပ်ညှပ်ထားတယ်။ ကားက Grab ကားဆိုတော့ အတွင်းပိုင်းလည်း သန့်ရှင်း၊ လေအေး ပေးစက်လည်း ဖွင့်ထားတာပေါ့။ အခုလို ဝေးဝေးစီးရတဲ့နေရာကို သွားရင် Grab တို့၊ ကီလို တက္ကစီ တို့က ဈေးဆစ်ဖို့လည်းမလို၊ လေအေးပေးစက်လည်း ဖွင့်ပေးတဲ့အတွက် အတော်အဆင်ပြေ တယ်။ မြို့တွင်း ခရီးနီးရင်တော့ လက်တား စီးတာက ပိုအဆင်ပြေတယ်။ ဈေးပိုသက်သာတယ်။
ကားဆရာက ရန်ကုန်သားမဟုတ်ဘူး။ ရန်ကုန်- ပြည်ကားလမ်းပေါ် မြို့လေးတစ်မြို့က နေ အကြောင်းကြောင်းကို အကြောင်းပြုပြီး ရန်ကုန်ကိုလွင့်ပါးလာတာ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကတော့ သူမြို့လေးမှာ အလယ်အလတ်အဆင့် ကုန်သည်လေးပေါ့။ ကားဆရာအိမ်ထောင် ကျ တော့နှစ်ဘက်မိဘပေးတဲ့မင်္ဂလာလက်ဖွဲ့နဲ့ထွေလာဂျီအကြီးတစ်စီးဝယ်တယ်၊ ၁၂ ကောင် အင်ဂျင် နဲ့ ဆန်အိတ်ငါးဆယ်လောက်နိုင်တယ်။
အဲဒီကောင်နဲ့ စပါးပွဲစားလုပ်တယ်။ သူများစက်မှာ စပါးကြိတ်ပြီး ဆန်ပွဲရုံတွေကို သွင်းတာပေါ့။ ဆွေ မျိုးအုပ်တောင့်ပြီး နယ်ဘက်မှာ အသိအကျွမ်းပေါတော့ အဆင်ပြေတယ်။ ဒီလိုနဲ့ သူများစက်ကို ပုတ်ပြတ်ငှားပြီး ကိုယ်တိုင်ကြိတ်တယ်။ စက်ကတော့ စက်လတ်ပါ။ တစ်နာရီကို အိတ်သုံးဆယ် လောက်ကျတယ်။ ပြည်မြို့က ပွဲရုံကြီးတွေကို တိုက်ရိုက်ပို့တယ်။ သူတို့ အဝယ်တော် သဘော ပေါ့။ အလုပ် ကောင်းတော့ ဝိုင်းနဲ့ အိမ်နဲ့ ကိုယ်ပိုင်ဖြစ်လာတယ်။ ကိုယ်လုပ်နေတဲ့ ဆန်စက် ကို တောင် ဝယ်မယ်ဆိုရင် ဝယ်လို့ရနေပြီ။
ဒါပေမဲ့လောဘဆိုတာခက်သားပဲ။ဆန် လုပ် နေရာကနေ ပဲကိုပါ တွဲလုပ်နိုင်ရင် ပိုပြီး အဆင်ပြေမှာပဲ လို့ တွေးလာတယ်။ ဒီလို နဲ့ ဆန်စက်ဝယ်မယ့် ပိုက်ဆံကို ရင်းပြီး မတ်ပဲကို ကိုင်တယ်။ တကယ် တော့ မတ်ပဲက ကြောက်ဖို့ကောင်းတယ်။ အိတ်စ်ပို့ပေါ်မူတည်ပြီး ဈေးအတက်အကျ များ တယ်။ ပဲဝယ်ရင်လည်း သေသေချာချာ စစ်နိုင်မှ။ မိုးမိပဲတွေပါလာရင် သေရော။
ကားဆရာက ဒါတွေကလည်း “အခုမှ သင်ခန်းစာရတာပါဗျာ။ အဲဒီအချိန်ကတော့ ငါလုပ်ရင် ဖြစ် တယ်ဆိုတဲ့ မာနနဲ့ မြောက်ကြွ မြောက်ကြွပေါ့။ အသုံးကြိုပေးတာလည်း လက်လွယ်၊ ပဲကိုလည်း သေသေချာချာ မစစ် ၊ ဈေးကွက်သဘောလည်း နားမလည်တော့ ကွဲတာပဲ။ ပဲရှုံးတဲ့အပြင် ဆန် လုပ်ငန်းပါ အရင်းပြုတ်ရော” လို့ မချိတင်ကဲပြောရင်း “ကိုယ့်ကိုကိုယ်ထင်တစ်လုံး ဖြစ်ရင် ဒုက္ခ ရောက်တာပဲ” လို့ သင်ခန်းစာဖော်ထုတ်လိုက်တယ်။ ကျွန်တော်ကလည်း “မှန်တာပေါ့ဗျာ၊ ခင်ဗျား ထင် တစ်လုံးနဲ့ အမှားလုပ်မိတာ ခင်ဗျားမိသားစုပဲ ထိတာ၊ လူတစ်ယောက်ထင်တစ်လုံးကြောင့် အသိုင်း အဝန်းကြီးတစ်ခုလုံး ဒုက္ခရောက်တာလည်း ရှိတယ်ဗျ” လို့ တရားထောက်လိုက်တယ်။ ကားဆရာ ကတော့ ဘယ်လို သဘောပေါက်သလဲမသိဘူး။ ခေါင်းတငြိမ့်ငြိမ့်နဲ့။
နောက်ဆုံးတော့ ကားဆရာဟာ ဝိုင်းနဲ့ခြံကိုရောင်းပြီး ရန်ကုန်ရောက်လာတယ်။ ဗင်ကားတစ်စီး ဝယ်ပြီး အငှားယာဉ်မောင်းဘဝထဲကို ခြေစုံပစ်ဝင်လိုက်တယ်။ ဒါပေမဲ့ ချက်ခြင်း အငှားယာဉ်မောင်း ဖြစ်တာမဟုတ်ဘူး။ မိတ်ဆွေတစ်ယောက် အကူအညီနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ လူရော ကားပါဝင်လုပ်ရတယ်။ အဲဒီမှာလမ်းကြောင်းတွေ သိအောင်လုပ်ရတယ်။ ရုံးပိတ်ရက်ဆိုရင် ဘတ် စ် ကားစီးပြီး လမ်းကြောင်းတွေ လိုက်ကြည့်ရတယ်။ ကျောက်မြောင်း၊ တာမွေ ဆိုရင် ခြေလျင် လျှောက် ပြီး ကြည့်ရတယ်။ အဲဒီအချိန်က ဂူဂဲလ်တွေဘာတွေ မရှိတော့ အတော်လေ့လာရတယ်။
ကားဆရာဟာ သူကျင်လည်ခဲ့တဲ့ ဆန်လောက၊ ပဲလောက ထဲ ပြန်ဝင်နိုင်ဖို့လည်း မမျှော်လင့် တော့ဘူး။ အခုကတော့ငွေရှိဖို့လည်း ပြန်ဝင်ဖို့ မလွယ်တော့ဘူး။ လုပ်ငန်းအခြေအနေကလည်း အများကြီး ပြောင်းလဲသွားပြီ။ လောလောဆယ် သူ့မျှော်လင့်ချက်ကတော့ သမီးလေးပဲ။ ရန်ကုန် ရောက်စက တော့ သမီးပညာရေးအတွက်ပဲ ငွေရှာရ၊ သုံးရတယ်။ အခုတော့ သမီးက ဘွဲ့ရ ပြီး ကုမ္ပဏီတစ်ခု မှာ မားကက်တင်းလုပ်နေတယ်။ ဂျပန်စာသင်နေတယ်၊ လယ်ဗယ် တူး/ သရီး လောက်ဆိုရင် အလုပ်ရှာရလွယ်ပြီဆိုတဲ့ မျှော်လင့်ချက်နဲ့ပဲ သမီးကို အားပေးနေရတယ်။
နေတာကတော့ လှိုင်မြို့နယ်ထဲမှာ တိုက်ခန်းငှားနေတယ်။ အင်းစိန်လမ်းမပေါ်မဟုတ်ပါဘူး။ လမ်း သွယ်ထဲမှာ ၊ သူ့အတွက်ကတော့ လှိုင်ဘက်က ထွက်တာနဲ့ လူရဖို့ လွယ်တယ်။ သူက အမြဲတမ်း Grab ဖွင့်ထားတာမဟုတ်ဘူး။ အခြေအနေကို ကြည့်ပြီး လုပ်ရတာ၊ ဥပမာ ရုံးဆင်း၊ရုံးတက်ချိန် ဆို အငှားများတဲ့နေရာတွေမှာ Grab ဖွင့်ပြီးထောက်ထားရတာပေါ့။ ကျန်တဲ့အချိန်ဆို Grab ပိတ်ပြီး လက်တား ရှာရတာပဲ။
ကားဆရာရဲ့ တက္ကစီ မောင်းတဲ့အတွေ့အကြုံကတော့ အငှားယာဉ်မောင်းတိုင်းဆီက ကြားနေ ကြ အတိုင်းပါပဲ။ ဆီဈေးတက်၊ ကားပစ္စည်းဈေးတက်၊ ကားခတိုးတောင်းရတာခက်၊ ဂတ်စ်ကား ဆိုရင် တန်းစီချိန်ကြာ၊ ဂတ်စ်ပေါင်မပြည့်တာ ထပ်ဆောင်းမယ်။ ဒါပါပဲ။ ကားဆရာရဲ့ အားသာချက် ကတော့ ကိုယ်ပိုင်ကားဖြစ်နေတဲ့အတွက် အုံနာခ စိတ်ပူဖို့မလိုတာပဲ။
ဆီဈေးအကြောင်းပြောတော့ ကျွန်တော်က အခုရေပန်းစားနေတဲ့ လျှပ်စစ်ကား အကြောင်းပြောရင်း လျှပ်စစ်ကားတက္ကစီ ဆိုရင်ဘယ်လိုနေမလဲလို့ မေးကြည့်မိတယ်။ ကားဆရာဟာ လျှပ်စစ်ကား နဲ့ ပတ်သက်ရင် ပြောချင်တာတွေ ရင်ထဲအပြည့်ရှိနေပဲပုံ။ စကားစလိုက်တာနဲ့ ခရားရေသွန်ပြော တော့တာပဲ။
ကားဆရာရဲ့ အမြင်ကတော့ ကုမ္ပဏီထောင်ပြီးလုပ်ရင်တော့ မသိဘူး ၊ ကိုယ့်ငွေနဲ့ ကိုယ် လျှပ်စစ်ကား နဲ့ တက္ကစီ ဆွဲဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲလို့ ဆိုတယ်။ သူတွက်ပြတာက ဒီလို။ ပထမဆုံးစဉ်းစားရမှာက တန်ဖိုးပေါ့။ တက္ကစီဆွဲတယ်ဆိုတာ ကားဘော်ဒီတောင့်မှ၊ အဆွဲအရုန်း ကောင်းမှ ဖြစ်မှာ။ မြန်မာပြည်မှာက တက္ကစီဆိုတာ အလှစီးမဟုတ်ဘူး။ ပစ္စည်းလဲတင်နိုင်မှ၊ လိုအပ် ရင်ဈေးကုန်တွေပါ တင်နိုင်မှ အလုပ်ဖြစ်မှာ၊ ဒ့ါကြောင့် တက္ကစီလောကမှာ ဗင်ကားတွေ ဆရာကျ နေတာဖြစ်တယ်။ အဲဒီလိုတောင့်တဲ့ လျှပ်စစ်ကားဆိုရင် ( သူသိသလောက်) သိန်း ခုနစ်ရာလောက် အနည်းဆုံးပေးရမယ်၊ ဒီတော့ သိန်းခုနစ်ရာရှိရင် ဗင်ကား နှစ်စီးဝယ်ပြီး ဆွဲမလား၊ လျှပ်စစ်ကား တစ်စီး နဲ့ ဆွဲမလား။ ကားထောင်စားတဲ့သူက ဈေးကြီးပေးဝယ်ထားတဲ့ ကားကို တစ်နေ့ အုံနာခ နှစ်သောင်းနဲ့ ပေးနိုင်မလား။ ကားဆရာကတော့ “ဗင်ကားပဲ ဝယ်တော့မှာပေါ့ဗျာ”လို့ ကောက်ချက် ချတယ်။
နောက်တစ်ချက်က ဈေးကွက်ပေါ့။ ဆီကား အားသာချက်က မြန်မာတစ်နိုင်ငံလုံး ဘယ်နေရာ ဖြစ် ဖြစ် အော်ဒါလိုက်လို့ရတယ်။ ကားဆရာဆိုရင် Grab ကားဖြစ်တဲ့အတွက် ကားသန့်တယ်။ တိုးရစ် ခေတ်ကောင်းချိန်ကဆိုရင် ခရီးသည်နဲ့ အချိတ်အဆက်ရပြီး အဝေးအော်ဒါတွေ အများကြီးလိုက် ရတယ်။ တောင်ကြီး၊ အင်းလေးအထိ လိုက်ဖူးတယ်။ အခုအခြေအနေအရ လျှပ်စစ်ကားက အဲဒီလို မရ နိုင်ဘူး။
နောက်တစ်ချက်ကတော့အားသွင်းတဲ့ ကိစ္စ။ ကိုယ်ပိုင်ခြံဝင်းနဲ့ လူဆိုရင်တော့ အိမ်မှာ သွင်းလို့ အဆင်ပြေတာပေါ့။ တိုက်ခန်းသမားတွေက ဘယ်လိုလုပ်မလဲ။ ဒါတောင် အခုလို မီးပျက်ပုံမျိုးနဲ့ဆို ဒုက္ခ။တက္ကစီဆိုတာကညဘက်ဆီဖြည့်ထား၊ မနက်စထွက်တာနဲ့ ဆွဲနိုင်မှ ကောင်း မှာ၊ အခုရှိတာက ဆိုင်လေးငါး ဆိုင်၊ လျှပ်စစ်ကားများလာရင် အားသွင်းဖို့ တန်းစီရတာ၊ အားသွင်း ချိန်ကြာတာနဲ့ ရွာလည်သွားမယ်။ဆီ ကားကတော့ ဘယ်နေရာရောက်ရောက် ထည့်လို့ရတယ်။ အလွန်ဆုံး စောင့် ရ ဆယ့်ငါးမိနစ်ပဲ။
ကားဆရာရဲ့ ကောက်ချက်ကတော့ ဖက်စပ်ကား ( Hybrid ) ဆိုရင်တော့ အလုပ်ဖြစ်နိုင်တယ် ဆိုပဲ။ သူ့ပြောတာတွေနားထောင်ပြီးတဲ့အချိန်မှာ အေးဗျ၊ ခင်ဗျားတွက်ပြတာလည်း လက်တွေ့ကျသား၊ ဒါပေမဲ့ အဲဒီလိုမျိုးစဉ်းစားတာကို မြန်မာ့အလင်းတို့၊ကြေးမုံတို့မှာ မဖတ်ရဘူးလို့ ပြောလိုက်တော့ ဆရာသမား က ရယ်(ရီ)တယ်။ ပြီးတော့မှ ဦးရဲထွဋ်တို့ တုန်းကလည်း ဒီလိုပဲလေ။ အစိုးရလုပ်ချင် တာပဲ ရေး တာ ကိုး၊ ပြည်သူတွေပြောတာကို ရေးတာမှမဟုတ်တာလို့ ပြောတယ်။ ဟုတ်နေတော့ လည်း အောင့် သက်သက်နဲ့ခံလိုက်ရတာပဲ။ဒါပေမဲ့ကျွန်တော်တို့အချိန်တုန်းက အစိုးရသတင်းစာ မှာ မထည့် ပေ မယ့် လူတွေလွတ်လွတ် လပ်လပ်ပြောနိုင်အောင် တံခါးတော့ ဖွင့်ပေးခဲ့ပါတယ်ဗျာ လို့ တော့ စေဒကတက်လိုက်ရတယ်။
လျှပ်စစ်ကားအားသွင်းတဲ့အကြောင်းကနေ မီးလာတဲ့ အကြောင်းရောက်သွားတော့ ကားဆရာ က ဆရာတို့ မြို့ထဲဘက်မှာသာ လေးနာရီလာ လေးနာရီပျက် အချိန်မှန်တာ၊ ကျွန်တော်တို့ ဘက်မှာ မသေချာဘူး။ မီးလာလို့ ပေါင်းအိုးနဲ့ ထမင်းချက် ဒယ်နီလေးနဲ့ ဟင်းချက်နေတုန်း ပြန်ပျက် ချင် ပျက်သွားတာ၊ ဒါပေမဲ့ “ဝင်းအောင်၊ ဝင်းအောင်” လာရင်တော့ လာချိန်၊ ပျက်ချိန်မှန်သား၊ ပျက်ရ မယ့်အချိန်တောင် လာ သေးတယ် လို့ ပြောတယ်။ ကျွန်တော်က “ဝင်းအောင် ဝင်း အောင် ဆိုတာ ဘာလဲ” လို့မေးတော့ နောက်ကြည့်မှန်ကနေ ညံ့ရန်ကော ဆိုတဲ့ အကြည့်နဲ့ လှမ်းကြည့် တယ်။ ပြီးတော့ မှ “ပွိုင့်ကားသံ လေ”လို့ ပြောတယ်။ ကားဆရာဟာ နံမည် တွေကိုတောင် ပါးစပ်က ထုတ် ပြောချင်ပုံမရဘူး။ မြို့မေတ္တာခံယူတဲ့သားပေမို့ဆိုတာ ဒါမျိုးများလား။
ပြောရင်းဆိုရင်းနဲ့ပဲ ဆင်းရမယ့်နေရာရောက်တယ်။ ကားခပေးရင်း “ဘာပဲဖြစ်ဖြစ်ဗျာ၊ တစ်နေ့ အီးဗွီကားလေးမောင်းနိုင်ပါစေ” လို့ ပြောလိုက်တော့ “မီးမလာရင် အီး မလာဘူးဆရာရေ၊ စိတ်ကူး ယဉ် မနေနဲ့၊ လောလောဆယ်တော့ အိမ်က ဒယ်နီလေးအတွက် မီးမပျက်ဖို့ အရေးကြီးတယ်” လို့ ပြော ရင်း မောင်းထွက်သွားလေရဲ့။