ခြစ်မယ် ၊  ညှစ်မယ် 

ခြစ်မယ်၊ ညှစ်မယ် ရဲ့ ဇာတ်လမ်းအစကတော့ ကျွန်တော်ပဲပေါ့။ ဖေ့စ်ဘွတ်ပေါ်က  ရန်ကုန်မြို့   စားသောက်ဆိုင် အညွှန်းတွေကို ဖတ်ရင်း  အုန်းထမင်းနဲ့ အမဲနှပ် စားချင်စိတ်ပေါက်လာတယ်။ အိမ်မှာ အဆိုတင်သွင်းလိုက်တော့ ကန့်ကွက်သူမရှိ အတည်ပြုကြတယ်။အဲဒီမှာ အုန်းထမင်းချက်ဖို့အတွက် အုန်းသီး ညှစ်ဖို့ တာဝန်က ကျွန်တော့် တာဝန်ဖြစ်လာတယ်။ 

ဒါနဲ့ မနက်စောစော လမ်းလျှောက်ထွက်ရင်း အုန်းသီး ခြစ်လို့ ညှစ် လို့ရမယ့် နေရာကို စုံစမ်းလိုက်တော့ အိမ် ကနေ   ဆယ့်ငါး မိနစ်လောက်လျှောက်ရတဲ့လမ်းသွယ်လေးထဲမှာရှိတယ်လို့ သိရတယ်။ ပြောတဲ့သူကလည်း နေရာတိတိကျကျ သိတာမဟုတ်ဘူး။ ဒီတော့ လမ်းလျှောက်ရင်း အဲဒီလမ်းထိပ်ကို အရင်သွားလိုက်တယ်။    အဲဒီ လမ်းထိပ်အနားမှာတွေ့တဲ့ ကွမ်းယာဆိုင်ကို မေးလိုက်တော့ “လမ်းထဲဝင်သွား၊ လမ်းအလယ်လောက်မှာ  “ငွေဖြည့် ကတ်မျိုးစုံရောင်း သည်”ဆိုတဲ့ ဆိုင်းဘုတ်နဲ့ စတိုးဆိုင်လေးရှိတယ်။ အဲဒီစတိုးဆိုင်နဲ့ မျက်နှာချင်းဆိုင် က အိမ်မှာ အုန်သီးညှစ်လို့ ရတယ်”လို့ ပြောတယ်။ ကဲ ဘာပြောမလဲ၊  ဂူဂဲလ်ထက်တောင် တိကျသေးတယ်။ 

သူညွှန်လိုက်တဲ့အတိုင်းပဲ အုန်းသီးခြစ်တဲ့၊ ညှစ်တဲ့ဆိုင်ကို ရှာတွေ့တယ်။ သစ်သားတစ်ထပ်အိမ်လေး။ တိုက် နှစ်ခုကြားမှာ မျက်နှာစာ ၁၀ ပေလောက်ပဲရှိမယ်။ ဒီဘက်မြို့နယ်တွေမှာ တွေ့ရလေ့ရှိတဲ့ သစ်သားအိမ်ဟောင်း လေးပါပဲ။ အိမ်က ယိုင်နဲ့နဲ့၊ ဘေးကတိုက်တွေသာမရှိရင် လဲကျသွားတော့မယ့်ပုံပဲ။ အိမ်ကြမ်းခင်းက မြေကြီး ကနေ သုံးပေလောက်မြင့်တယ်။ အိမ်ရှေ့မှာ အုတ်လှေကားရှိတယ်။ အိမ် မျက်နှာစာက သံဆန်ခါကွက်နဲ့။ အိမ်ရှေ့ မြေပြင်ပေါ်မှာ သစ်သားစားပွဲအဟောင်းတစ်လုံးရှိတယ်။ စားပွဲပေါ်မှာ အင်ဂျင်ဝိုင်ပုံးခွံ အဟောင်း နှစ်ခု၊ စားပွဲ နားမှာ ပလတ်စတစ်ထိုင်ခုံအဟောင်းနှစ်လုံး၊ အကျိုးအပဲ့တစ်လုံး။   ဘေးက တိုက်နံရံနဲ့ ကပ်လျက် မှာ ရေတိုင် ငုတ် တစ်ခု၊ အပြာရောင်ပလတ်စတစ်ရေတိုင်ကီနှစ်လုံး။ လှေကားထစ်တွေ ဘေးမှာ အမှိုက်ပုံး လုပ်ထား တဲ့ ဝါးခြင်းတောင်းနှစ်လုံးနဲ့ သံတိုင်ကီတစ်လုံးရှိတယ်။ ၀ါးခြင်းတောင်း တစ်လုံးထဲမှာ အုန်းဆံဖတ်တွေ၊ နောက် တစ်လုံးမှာအုန်းသီးအခွံတွေ။ ဒီဆိုင် က ကွမ်းယာ ဆိုင်လမ်းညွှန်သာမရှိရင် ရှာ ဖို့ ခက်မယ်။ ဆိုင်ရှေ့မှာ ဆိုင်းဘုတ် မရှိဘူး။ အဖြူရောင်စာရွက်ပေါ်မှာ အုန်းသီး ခြစ် သည်၊ အုန်းသီးညှစ် သည် လို့ရေး ပြီး ပလတ်စတစ်လောင်း ထား တဲ့ ထားတဲ့ ဆိုင်းဘုတ်ကို အတွင်း ဘက် ဖိနပ်ချွတ်နေရာမှာ ကပ်ထားတာ။ ခြစ်တဲ့ ညှစ်တဲ့ စက်တွေ ကလည်း အိမ်အတွင်းဘက် ကပြင်မှာဆင်ထားတာ။ အပြင်ကနေ မမြင်ရဘူး။ 

အိမ်ရှေ့မှာ ရပ်လိုက်တော့ အိမ်အတွင်းဘက်က လူတစ်ယောက်ထွက်လာတယ်။ လူကောင်သေးသေး၊ အရပ် ပုပု။ တီရှပ် အဟောင်းတစ်ထည်နဲ့ အရောင်လွင့် နေတဲ့ အညိုရောင် ကွက်စိပ်ပုဆိုး၀တ်ထားတယ်။ ကျွန်တော့်ကို အုန်းသီးညှစ်မှာလားလို့ လှမ်းမေးတယ်။ ဟုတ်တယ်လို့  ‌ပြောလိုက်တော့ ထိုင်ခုံထိုးပေးပြီး  ခဏစောင့်လို့ ပြောရင်း အိမ်နောက်ဘက်ထဲ ၀င်သွားတယ်။ ခဏနေတော့  ဓားမတစ်ချောင်းနဲ့ ပြန်ထွက်လာတယ်။ကျွန်တော် က “မနက်အစောကြီး ဖွင့်ပါ့မလား လို့ စိုးရိမ်နေတာ” လို့ ‌ပြောလိုက်တဲ့အခါ “ ဒီနေ့ ငါးလာ ကိုးပျက်နေ့ လေ၊ ဒါ့‌‌ကြောင့် အစောကြီးထ အလုပ်လုပ် နေရတာ”လို့ ပြောတယ်။ ခြစ်သည် ညှစ်သည် ဆရာက ပုံမှန် ဖောက် သည် တွေ ဖြစ်တဲ့ အုန်းနို့ခေါက်ဆွဲသည်၊ မုန့်သည်တွေအတွက် မီးလာတဲ့ အချိန် ခြစ်တာ ညှစ်တာ ပြီးအောင် လုပ် ထား ရတယ်၊ မနက်တစ်နာရီ နှစ်နာရီလည်း ထလုပ်ရတာပဲလို့ ရှင်းပြတယ်။ 

ရှေးယခင် ကျောက်ခေတ် လူသား တွေကတော့ နေရောင်ကို မူတည်ပြီး အလုပ်လုပ်ကြရတယ်တဲ့၊ ခေတ်သစ် ‌ကြောက်ခေတ်လူသား တွေကတော့ မီးလာချိန်ကို မူတည်ပြီး ရေတင်၊ထမင်းချက်၊ဟင်းချက်၊ ဖုန်းအားသွင်း စသည်ဖြင့် လျှပ်စစ်နဲ့ လုပ်ရမယ့်အလုပ် တွေကို လုပ်နေရတယ်။ တချို့ကတော့ မီးပျက်တဲ့ အကြောင်း‌ပြောရင် အရင်ကလည်း ပျက်တာပဲ လို့ ပြောကြတယ်။ ဒါပေမယ့် ဒီလူတွေဟာ မီးမကြာခဏ ပျက်ရာကနေ ၂၀၁၉ ၊ ၂၀၂၀ မှာ ရန်ကုန်မြို့  ၂၄ နာရီ နီးပါး မီးမှန်တဲ့ ကာလ ရှိခဲ့ဖူး တယ် ဆိုတာကို မေ့ထားကြတယ်။ လူ့ဘောင်လူ့လောကရဲ့  အဆင့်ဆင့်တိုးတက်ပြောင်းလဲခြင်း သဘော တရားအရ ဆိုရင်တော့ ခေတ်တစ်ခေတ်နဲ့ တစ်ခေတ် ပိုကောင်း လာရမှာပေါ့။ များများ ပျက်ရာကနေ နည်းနည်း ပျက်၊ နည်းနည်းပျက်ရာကနေ လုံး၀မပျက်တဲ့အခြေအနေကို တိုးတက်သွားဖို့ပဲရှိတယ်။ အဲဒီလို မဖြစ်ပဲ  နည်းနည်း ပျက်ရာ ကနေ များများ ပြန်ပျက်ပြီဆိုရင်တော့ တစ်ခုခု မှားနေပြီပေါ့။ 

 ခြစ်သည် ညှစ်သည် ဆရာက ကျွန်တော့်ကို “ဘာလုပ်စားမှာလဲ” လို့ မေးတယ်၊ ကျွန်တော်က “ဘာဖြစ်လို့လဲ” လို့ ပြန်မေးတော့ “အုန်းထမင်းဆိုရင် အုန်းသီး အရင့်ကို ညှစ်ရမယ်၊ ရွှေရင်အေးတို့ ကျောက်ကျောတို့ ဆိုရင် အုန်းသီး မနုမရင့်ကို သုံးရတယ်” လို့ ရှင်းပြတယ်။ အုန်းထမင်းချက်မှာပါ လို့ ဖြေလိုက်တော့ လှေကားထစ်ဘေးမှာ ရှိတဲ့ သံ တိုင်ကီထဲကို နှိုက်ပြီး အုန်းသီးရွေးတယ်။ စိတ်ကြိုက်တွေ့တော့ အခွံခွာပြီးသား အုန်းသီးကို လက်နဲ့ ဆ ရင်း အုန်း သီး အရင့်ဆိုရင် အခွံက အညိုရောင် ရင့်ရင့် ၊ မနုအရင့်ဆိုရင် အညိုရောင်ဖျော့ဖျော့ အခွံပေါ်မှာ အဖြူရောင် လိုင်း လေးတွေရှိတယ်လို့ ရှင်းပြတယ်။  ကျွန်တော်က နှစ်လုံးညှစ်မယ်လို့ပြောလိုက်တော့ နောက်တစ်လုံးထပ်ရွေး တယ်။

ပြီးတော့အုန်းသီးလက်ပေါ်တင်ပြီး ဓားနဲ့ ဆတ်ကနဲ ရိုက်ခွဲလိုက်တယ်၊ အုန်းရည်ကို ပလတ်စတစ်ရေချိုးခွက် နဲ့ ခံ ထားရင်း ကျွန်တော့်ကို သောက်မလားလို့ မေးတယ်၊ ခပ်မြန်မြန်ပဲ မသောက်တော့ဘူး လို့ ဖြေလိုက်တယ်။ အုန်း သီးခွဲပြီးတော့  အုန်းသီးခြစ်တဲ့ မော်တာနဲ့ ခြစ်တယ်၊ ထွက်လာတဲ့ အုန်းသီးဖတ်တွေကို ပလတ်စတစ် ဇလုံ အမည်း နဲ့ခံတယ်။ခြစ်ခြင်းအပိုင်းပြီးတော့ ညှစ်ခြင်းအပိုင်းပေါ့။ ညှစ်တဲ့အပိုင်းကတော့နည်းနည်းအဆင့်များတယ်၊ ညှစ်တဲ့ စက်အပေါ်မှာ ရေသန့်ဘူးကြီးတစ်လုံးရှိတယ်၊ ရေသန့်ဘူးကြီးအောက်တည့်တည့်မှာ အုန်းသီးဖတ်တွေထည့် ရမယ့် ကတော့ ကြီးရှိတယ်။ 

ခြစ်သည် ညှစ်သည် ဆရာက ရေသန့်ဘူးကြီးထဲကို ပလတ်စတစ်ပုံးထဲက ရေခပ်ထည့်တယ်။ ရေသန့်တော့ ဟုတ်ပုံမရဘူး၊ စည်ပင်ရေပဲ ဖြစ်မှာ၊ ကိစ္စမရှိဘူး ထမင်းချက်လို့ ရေပွက်ပွက်ဆူတဲ့အခါ ပိုးတွေ သေသွားမှာပါ လို့ပဲ တွေးလိုက်တယ်။ တံဆိပ်မျိုးစုံနဲ့ ရေသန့်ဘူးတွေထဲက ရေတွေတောင် တကယ်သန့်ရဲ့လားလို့ မတွေးတာ ကြာခဲ့ပြီပဲ။ ခြစ်သည် ညှစ်သည်ဆရာက စက်ရဲ့ ကတော့ထဲကို အုန်းသီးဖတ် တစ်၀က်လောက်ထည့်တယ်၊ ပြီးတဲ့ အခါ ရေသန့်ဘူး ကြီးထဲက ရေနည်းနည်းဖွင့်ချတယ်၊ စက်ကို ဖွင့်လိုက်တယ်၊ အုန်းနို့တွေက သတ်သတ်၊ အရည် ညှစ်ပြီး အုန်းဆံ ဖတ်တွေက သတ်သတ်ထွက်လာတယ်။  လက်ကျန်အုန်းသီးဖတ်တွေကိုလည်း အဲဒီအတိုင်းဆက် လုပ်တယ်။ အား လုံးပြီးသွားတော့ စက်ထဲက ထွက်လာတဲ့ အုန်းသီးဖတ်တွေကို အ၀တ်ဖြူထဲမှာ ထည့်ပြီး လက်နဲ့ ထပ်ညှစ်တယ်။ အဲဒါကို နှစ်ကျော့ထပ်လုပ်တယ်၊ ဒုတိယအကြိမ် လုပ်တော့ ရေနည်းနည်းထပ်ဆွတ်တယ်။ 

ခြစ်သည်ညှစ်သည်ဆရာကို“အလုပ်လုပ်တာအကွက်စေ့နေတာပဲ”လို့မှတ်ချက်ပေးလိုက်တော့ ဒီအလုပ်လုပ်လာ တာ   ဆယ်နှစ် လောက် ရှိပြီလေတဲ့၊ စားလောက်ရဲ့လားလို့ ထပ်မေးတော့ ညနေဘက်ဆိုရင် (  ) စျေး နား က လမ်းထောင့်မှာ အာပုံရောင်းတယ်၊ ပွဲတွေလည်းလိုက်ရောင်း တယ် တဲ့။ သူ့စကားကြားတော့ အစ္စလမ်ဘာသာ ၀င် တွေ ရဲ့ ဥပုသ်လ ဗလီ တစ်ခုနား က  ညနေစျေးတန်းမှာ တွေ့ခဲ့ တဲ့ အာပုံသည် အမကြီးကလည်း ကျန် တဲ့ အချိန် ဆိုရင်  (  ) စျေးနားက လမ်းထောင့်မှာ ရောင်းတယ်လို့ ‌ပြောဖူးတာ သတိရလိုက်တယ်။ 

အဲဒီအကြောင်း သူ့ကို ပြောပြရင်း ခင်ဗျားဇနီးများလားလို့ မေးလိုက်တော့ အဲဒါက ခယ်မ ပါ၊ ကျွန်တော့ မိန်းမက ကိုဗစ် တတိယလှိုင်းမှာ ဆုံးသွားပြီ၊ သူမရှိတော့ ကျွန်တော်လည်း ဆိုင် မထွက်တော့ဘူး၊ ကလေး လည်း မရှိ ဘူး လေ၊ တစ်‌‌ယောက်တည်းဆိုတော့ ဒီအလုပ်နဲ့ပဲ ရသလောက်ပေါ့ လို့ ဖြေတယ်။ ကြားရတာ စိတ်မ ကောင်းပါဘူး ဗျာ လို့ ပြောလိုက်တော့ “ ဖြစ်ချင်းဖြစ် ဒုတိယလှိုင်းမှာ ဖြစ်ရင် ကောင်းမှာ၊ အဲဒီအချိန်က ဆို အားလုံး ၀ိုင်း ကြ ၊ ကူကြနဲ့၊  တတိယလှိုင်းကတော့ ဘယ်သူ့ အားကိုးရမှန်းမသိဘူး” လို့ ပြောတယ်။ ခဏစကားရပ်သွားပြီးတော့ “ရေ‌‌‌‌ ‌ေ၀းမှာ တော့ စက်တွေ တိုးတပ်တယ် ဆိုလား ကြားလိုက်သေးတယ်။” လို့ ထပ်ပြောတယ်။ စကားဆုံးတော့ “ အဟတ်ဟတ်”ဆို  ပြီးရယ် (ရီ) တယ်၊ ဒါပေမဲ့ သူ့ရယ်သံက ခြောက်ကပ်ကပ်နဲ့။ သူ့စကားနားထောင်ပြီးတော့ နောက်ထပ် မေးခွန်း တွေ မေးနိုင်စွမ်းမရှိတော့ဘူး။ 

ခြစ်မယ်  ညှစ်မယ် ကိစ္စအားလုံးပြီးတော့ အုန်းနို့ရည်တွေကို ကြွပ်ကြွပ်အိတ်နှစ်ထပ်နဲ့ထည့်ပေးတယ်။ သူ့ကို  ကျသင့် ငွေရှင်း၊ နှုတ်ဆက်ပြီး ပြန်ခဲ့တယ်။ အပြန်လမ်းမှာ အုန်းထမင်း အကြောင်းစိတ်ကူးမယဥ်နိုင်ဘူး၊ “ဖြစ်ချင်းဖြစ် ဒုတိယလှိုင်းမှာ ဖြစ်ရင် ကောင်းမှာ” ဆိုတဲ့ စကားကိုပဲ အကြိမ်ကြိမ် ကြားနေမိတယ်။ ယုံကြည် အား ကိုးမှုဆိုတာ ငွေနဲ့ ၀ယ်လို့မရဘူး၊ အတင်းတောင်းယူလို့လည်းမရဘူး။ 

One thought on “ခြစ်မယ် ၊  ညှစ်မယ် 

  1. There’s no comparison between a government led by a person of altruism and a government led by a selfish and narcissistic person . A Saint and a Monster.

    Like

Leave a comment