ပုဂံမြင်ကွင်းကျယ် (၃)

စက်စက်ယို 

မြန်မာနိုင်ငံမှာ ‘စက်စက်ယို’ နာမည်နဲ့ ရွာအတော်များတာပဲ။  ဂူဂဲလ်မှာ ရှာကြည့်တဲ့အခါ ဧရာ၀တီတိုင်း၊ မကွေး တိုင်း၊ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ ‘စက်စက်ယို’နာမည်နဲ့ ရွာတွေရှိတာတွေ့တယ်။ ကျွန်တော်ပြောမယ့် ‘စက်စက်ယို’ကတော့ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲက ‘စက်စက်ယို’ ရွာဖြစ်ပါတယ်။

ညောင်ဦးစက်စက်ယိုရွာ ဆိုတာက အဲဒီရွာက ကလေးတွေကို အခုအချိန်ထိ  သျှောင်ပေစူး/ဆံရစ်ဝိုင်း၊  ဆံတောက် တွေနဲ့ တွေ့ နိုင် သေးလို့  လူတွေစိတ်ဝင်စားတဲ့ရွာဖြစ်ပါတယ်။ ၂၀၂၀ ပုဂံခရီးစဥ်မှာ စက်စက်ယို ကျေးရွာကို သွား ကြည့်ဖို့ စီစဥ် ခဲ့ ပေမယ့် ကိုဗစ် ကန့်သက်ချက်တွေကြောင့် ရွာထဲ ဝင်လို့ရတယ်၊ မရဘူး သတင်းအမျိုးမျိုး ဖြစ်နေ တဲ့အတွက် မသွားနိုင်ခဲ့ဘူး။ ဒ့ါကြောင့် ဒီတစ်ခေါက်တော့ အရောက်သွားခဲ့တယ်။ 

စက်စက်ယို ရွာကို သွားမယ်ဆိုရင် ပုဂံကနေ  ကျောက်ပန်းတောင်းဘက်ကို ပြန်သွား၊ တောင်ဇင်းရွာ အ၀င် မီးသတ်စခန်း အနား လမ်းဘယ်ဘက်မှာ ကန်ကျဲရွာ သို့ ဆိုတဲ့ လမ်းခွဲ အတိုင်းသွားလို့ ရတယ်၊ နောက်တစ်လမ်းက တောင်ဇင်း ကို ကျော်၊ တောင်ဇင်းရွာအထွက်မှာ ဗျတ္တပန်းဆက်လမ်းအတိုင်းဆက်သွား၊ ဂျမ်းလှီးရွာလမ်းခွဲကို ရောက်ရင် အဲဒီ လမ်းခွဲအတိုင်းဆက်လိုက်သွားရတယ်။ ဂျမ်းလှီးရွာလမ်းခွဲထိပ်မှာ “ စက်စက်ယို ဘုန်းတော်ကြီး ကျောင်းသို့” ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်ရှိတယ်။  တကယ်တော့ အဲဒီလမ်းက ပိုဝေးတယ်၊ ဟိုတယ်ကနေ ရွာအထိ  ၂၇ မိုင်ရှိတယ်။ ကန်ကျဲလမ်းက နီးတယ်။ ၅/၆ မိုင်လောက် ပိုသက်သာမယ်ထင်တယ်။  ကျွန်တော်တို့ရဲ့ တုတ်တုတ် ဆရာက ကန်ကျဲလမ်း အခြေအနေ မသိတဲ့အတွက် အသွားမှာ ဗျတ္တပန်း ဆက်လမ်း ဘက် က သွား ခဲ့တယ်၊ ရွာရောက်မှ လမ်းကောင်းတယ်ဆိုတာသိရလို့ အပြန်မှာ ကန်ကျဲလမ်း ဘက်က ပြန်ခဲ့ရတယ်။ ( လမ်းခွဲ ဆိုင်းဘုတ်တွေကို ပုံ ၁၁ နဲ့ ၁၂ မှာကြည့်ပါ။) 

ဗျတ္တပန်းဆက်လမ်းမှာတော့ ထုံးစံအတိုင်း ဖြတ်သွားတဲ့ ကားတွေကို လက်ပြပြီး အလှူခံနေတဲ့ သူတွေက ဓာတ် တိုင်တွေလိုပဲ တန်းစီနေတယ်။ ဒါတောင်အဘအောင်မင်းခေါင်ထွက်ပွဲ ချိန်မရောက်သေးလို့၊ အဲဒီပွဲတော်ချိန်ဆို ရင် လူကြီး၊ကလေးအုပ်လိုက်ကြီးတွေ့ရမှာ။ ဟိုးတစ်ချိန်ကတော့ ပွဲ‌တော်လာတဲ့သူတွေက ပျော်လို့ ပိုက်ဆံတွေ ကြဲ၊ လမ်းဘေးရွာကလူတွေကလည်း အပျော်ထွက်ကောက်ရာကနေ အခုတော့ တောင်းရမ်းတဲ့အဆင့်ကို ရောက် လာတာပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပိုက်ဆံမကြဲဖို့ အသိပညာပေးရေးသားတဲ့သူတွေရှိပေမယ့်လည်း ထူးမခြားနား ပါပဲ။ ဒေသအာဏာပိုင် အစဥ်အဆက်ကလည်း ထိထိရောက်ရောက် မကိုင်နိုင်ဘူး။ 

 ညောင်ဦးကနေ ဂျမ်းလှီးရွာရောက်တဲ့အထိ ကတ္တရာလမ်းပဲ၊ ဂျမ်းလှီးရွာကနေ စက်စက်ယိုရွာအထိကတော့ ကျောက်ခင်းလမ်းပါ၊ ကျင်းချိုင့်နည်းတယ်၊ ကားလေးတွေကောင်းကောင်းသွားလို့ရတယ်။ လမ်းဘယ်ညာမှာ တော့ စိုက်ခင်းတွေ၊ တချို့အခင်းတွေက မိုခါ မုန်တိုင်းမိုးနဲ့ သုံးလမြေပဲ၊ ‌‌ခြောက်လမြေပဲတွေ စိုက်ထားပြီးပြီ၊ တချို့ အခင်းတွေက လေးလမြေပဲစိုက်ဖို့ ထွန်ယက်ထားပြီး မိုးကို စောင့်နေကြတယ်၊ ရန်ကုန်မှာ မိုးမပြတ်ပေမယ့် ဒီဒေသဘက်မှာတော့ မိုခါမုန်တိုင်းပြီးထဲက လောက်လောက်လားလား မရွာသေးဘူး။( အခုတော့မိုး ရွာသွားပါြပီ)။

စက်စက်ယို ရွာရောက်တော့ ဆရာတော်ကျောင်းကို သွားတယ်၊ ဆရာတော်ဆီမှာ သိချင်တာတွေမေးမြန်း လျှောက်ထားပါတယ်။ ပြီးတော့ ကလေးတွေရှိတဲ့နေရာတွေကို သွားပြီး ဓာတ်ပုံရိုက်တယ်။ ကြိုတင် စီစဥ် ထားတ မဟုတ်တော့ ကလေးတွေအားလုံးက တစ်စုတစ်စည်းထဲရှိမနေဘူး။ ဆရာတော်က ကိုဗစ်မဖြစ်ခင်က ရွာမှာ သျှောင်ပေစူး/ဆံရစ်ဝိုင်း၊  ဆံတောက်ထားတဲ့ ကလေး  ကျား၊မ ၅၃ ဦး ရှိခဲ့ပြီး  အခုတော့ ၄၃ ယောက်ပဲရှိ တော့ တယ်လို့ ပြောပြတယ်။ ကျွန်တော်တွေ့ခဲ့တဲ့ ကလေးတွေထဲမှာတော့ ဆရစ်ဝိုင်းနဲ့ မိန်းကလေးက ပိုများတယ်။ ဆံ တောက်နဲ့ တစ်ယောက်ပဲတွေ့တယ်။ သျှောင်ပေစူးနဲ့ ယောက်ျားလေးတွေက ဓာတ်ပုံအရိုက်ခံရမှာ ရှက် နေကြ တယ်။ 

ဆရာတော်က ရွာကျောင်းရဲ့ သုံးဆက်‌မြောက်ဆရာတော်ဖြစ်ပြီး ပထမဆရာတော်ကြီးလက်ထက်မှာ မူလတန်း ကျောင်းက ဘုန်းကြီးကျောင်းထဲမှာ ရှိတော့ ကျောင်းလာအပ်တဲ့ကလေးတွေကို သျှောင်ပေစူး/ဆံရစ်ဝိုင်းထားခိုင်း ရာကနေ ဒီအစဥ်အလာြဖစ်လာခဲ့တာလို့ ရှင်းပြပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ကလေးတိုင်း ထားတာမျိုးမရှိ တော့ပါဘူး။ မိဘတွေကမထားတာရှိသလိုကလေးတွေကရှက်လို့ဆိုပြီး မထားတာလည်း ရှိတယ်။ နည်းနည်း အရွယ်ရောက်လာတဲ့အခါ သူတို့ဝတ်စားချင်တဲ့ အဝတ်အစား ဒီဇိုင်းနဲ့  မလိုက်တော့လို့  ဆက်မထားတော့တာ လည်း ရှိတယ်။ 

စက်စက်ယိုရွာမှာတော့ ငါးနှစ်သားကျောင်းအပ်ရမယ့်အရွယ်ရောက်ရင် ဆံပင်ကို အပေါ်ပိုင်းပဲ ထားပြီး အောက် ဘက်ကို အပြောင်ရိပ်ထားလိုက်တယ်။ ခေါင်းပေါ်မှာ ခွက်မှောက်ပြီး အောက်ဖက်ကို အပြောင်ရိပ်ထားတာ ဖြစ် လို့ ခွက်မှောက်လို့ခေါ်တယ်။ စာထဲမှာတော့ အဲဒါကို ကြာကွက်လို့ရေးတယ်။ တကယ်တော့ ခွက်မှောက် အဆင့် မရောက်ခင် လသားအရွယ်ကနေ လေးငါး နှစ် သားအထိ ရှေ့မှာ ဆံစုလေးပဲထားပြီး နောက်ကို အပြောင် ရိပ်ထား တဲ့ ဦးစွန်းဖုတ်နဲ့ ချိုစောင်းတစ်ဖက်တစ်ချက်မှာ ဆံပင်ကွက်ပြီး အရှည်ထားတဲ့ နားပန်းဆံ ( သူငယ်တော် အရုပ် တွေမှာ ပါတဲ့ဆံပင်ပုံစံ) ဆိုတာ ရှိသေးတယ်၊ အဲဒီ လို ထားတာတော့ အတော်နည်းသွားပြီ။

ခွက်မှောက်အဆင့်ကနေ အပေါ်ဆံပင်နည်းနည်းရှည်လာတော့ ကြက်တောင်စည်း၊ နောက်တော့ ယောက်ျားလေး ဆိုရင် သျှောင်ပေစူး၊ မိန်းကလေးဆိုရင် ဆံရစ်ဝိုင်းအဆင့်ကိုရောက်တယ်။ အဲဒီအချိန်မှာ ခေါင်းပေါ်က ဆံထုံး လေးကို ဖြည်ကြည့်ရင်ကျောအထိရောက်နေပြီ၊ ခေါင်းလျှော်တာ၊ အုန်းဆီထည့်တာ မှန်မှန်လုပ်ရတယ်၊ နည်းနည်း အလုပ်ရှုပ်တယ်၊ ရှေးတုန်းကတော့ ယောက်ျားလေးတွေက ရှင်ပြုပြီးရင် သျှောင်ပေစူးပြန်ထား။ အရွယ်ရောက် တဲ့အခါ  သျှောင်ထုံးထားရတာပေါ့။ ဒါပေမဲ့ သျှောင်ထုံးထားတဲ့ ခေတ်က ကုန်သွားပြီ၊ ရှင်ပြုပြီးရင် ဘိုကေပဲ ထားတော့တယ်။

မိန်းကလေးတွေကတော့ ဆံတောက်ဆက်ပြီး ထားတယ်၊ ဒါပေမဲ့ ကျောင်းထွက်ပြီး အပြင် ထွက်လုပ်လုပ်တဲ့ အချိန်ရောက်တော့ ဆံပင် ထိန်းသိမ်းရတဲ့ အလုပ်ကို မလုပ်နိုင်တဲ့အတွက် ခေတ်ပုံစံ ဆံပင် တွေဖြစ်ကုန်တာပါပဲ။ တကယ်လို့ ပုဂံဟိုတယ်တွေမှာသာ ဆံတောက်နဲ့ အမျိုးသမီးလေးတွေကို ဧည့်ကြို ဌာန လိုမျိုး သင့်တော်တဲ့ နေရာမှာ ခန့်ထားပေးရင်တော့ ဆံတောက်ယဥ်ကျေးမှုကို ပိုထိန်းသိမ်း ထားနိုင်မလားလို့ တွေးမိတယ်။ 

စာပေတွေထဲမှာတော့ ရှေးယခင်က ယောက်ျားလေးဆိုရင် ဦးစွန်းဖုတ်၊ နားပန်းဆံ၊ သျှောင်ပေစူး၊ သျှောင်ထုံး။ မိန်းကလေး ဆိုရင် အပျိုအရွယ်ထိ  ဦးစွန်းဖုတ်၊ ဆံရစ်ဝိုင်း၊ ဆံတောက်၊  နောက်ကောက်/နားကောက် ဆိုပြီး အဆင့်ဆင့် ထားရတယ်၊ အိမ်ထောင်ကျသွားရင်တော့ အုပ်လုံးသိမ်း ထားရတယ်၊ ဒါ့ကြောင့် ရှေးတုန်းက မိန်းကလေး တစ်ယောက်ကို ဆံပင် ထုံး ဖွဲ့ပုံကြည့်လိုက်တာနဲ့ အပျိုနဲ့ အိမ်ထောင်သည် ခွဲခြားသိနိုင်တယ်လို့ ဖော်ပြထားတယ်။ (နောက်ကောက်/နားကောက်ဆို တာ ဘယ်လို ဆံပင် ပုံ လဲဆိုတာ သိသူများဆွေး‌နွေးပေးပါ၊ စက်စက်ယိုရွာမှာတော့ နောက်ကောက် ဆိုတဲ့ ဆံပင်ပုံ မတွေ့ခဲ့ဘူး။ ဆရာမကြီးစောမုံညင်းရဲ့ မြန်မာ အမျိုးသမီး ဆင်ယင်ထုံးဖွဲ့မှု စာအုပ် မှာတော့ နောက်တွဲ ဆိုတာပဲတွေ့ပါတယ်။ )

အညာဒေသက သျှောင်ပေစူး၊ဆံရစ်ဝိုင်း၊ဆံတောက်ထားတဲ့ရွာတွေအ‌ကြောင်း လေ့လာကြည့်တော့ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ခံစပ်ကုန်းကျေးရွာနဲ့ မကွေးတိုင်း ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတို့မှာလည်း ရှိတယ် လို့ သိရတယ်။ ခံစပ်ကုန်းမှာတော့ ကျား၊မ ၂၀ ဦးလောက်ပဲ ရှိပြီး ရေပုတ်ကြီးကတော့  ၂၀၁၈ ခုနှစ် စာရင်း အရ အိမ်ခြေ ခြောက်ရာကျော်၊ လူဦးရေ သုံးထောင်ကျော်ရှိပြီး သျှောင်ပေစူး၊ ဆံရစ်ဝိုင်း နဲ့ ဆံတောက်ထားသူ ၆၀၀ လောက်ရှိတယ်လို့ဆိုတယ်။

ဒါ့‌ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန်ယူချိန်က ရေပုတ်ကြီးရွာကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၇ ရက်နေ့မှာ သွားရောက်ခဲ့ပြီး ဆံရစ်ဝိုင်း ယဥ်ကျေး မှုကို ဆက်ထိန်းဖို့တိုက်တွန်းခဲ့တယ်။  ဟိုတယ်/ခရီး ဝန်ကြီးဌာနကလည်း ရေပုတ်ကြီးရွာ ကို ခရီးသွားလုပ်ငန်း နေရာ သစ် အဖြစ်ဖော်ထုတ်မယ်ဆိုပြီးသတင်းတွေမှာပါခဲ့ဖူးတယ်။အခုတော့အညာဒေသမှာ ဗြောင်းဆန်နေ တဲ့ အတွက် ရေပုတ်ကြီးလည်း ဘယ်အခြေအနေရောက်နေပြီလဲ မသိနိုင်တော့ဘူး။ 

လက်ရှိ လူမှုပတ်ဝန်းကျင်အခြေအနေအရ ကျေးလက်ဒေသမှာမိန်းကလေးတိုင်း  ဆံရစ်ဝိုင်း၊ ဆံတောက်ထား ဖို့မဖြစ်နိုင်ပေမယ့် ကျန်ကောင်းကျန်ရာရှိနေသေးတဲ့နေရာတွေမှာ ရိုးရာဝတ်စားဆင်ယင်မှုကို ထိန်းသိမ်း ဖို့လည်း ဖြစ်၊ ဒေသခံများအတွက်လည်းအလုပ်အကိုင်အခွင့်အလမ်းတိုးတက်ဖို့အတွက်လည်းဖြစ်မယ့် ခရီးသွားလုပ်ငန်း အစီ အစဥ်တွေကို အကောင် အထည်‌ဖော်ပေးနိုင်ရင်ကောင်းမှာပဲလို့တွေးမိတယ်။ ဒါပေမဲ့ “အိမ်သာ မှာ ဧည့်လာ ၊  အိုင်သာလို့ ကြာပေါက်”  ဆိုတော့ လက်ရှိအခြေအနေမှာ အဲဒီအတွေးက စိတ်ကူးယဥ်မှုသက်သက်ပါပဲ။

မှတ်ချက်။ ဓာတ်ပုံတွေက ဆရာတော်ရဲ့ ခွင့်ပြုချက်နဲ့ ရိုက်ကူးမျှဝေတာဖြစ်ပါတယ်။ 

Leave a comment