တုရင်တောင်
ပုဂံကိုရောက်တဲ့ဧည့်သည်တိုင်း နေဝင်ဆည်းဆာရှုခင်းကို ကြည့်ကြပါတယ်။ အရင်ကတော့ စေတီ၊ ပုထိုး တွေ ပေါ်ကနေ တက်ကြည့်ကြတယ်။ ခရီးသွားဧည့်သည်တွေများလာတဲ့အခါ စေတီ၊ ပုထိုးတွေရဲ့ ကြံ့ခိုင်မှုကို ကာ ကွယ် နိုင်ဖို့အတွက် အပေါ်တက်ခွင့်မပေးတော့ဘဲ ရှုခင်းကြည့်တောင်ကုန်းတွေကနေပဲ ကြည့်လို့ရတော့တယ်။ ဒါပေ မဲ့ စေတီ၊ ပုထိုးတွေပေါ်ကတက်ကြည့်ရသလောက်တော့ မြင်ကွင်းမကောင်းဘူးပေါ့။
ကျွန်တော်ကတော့ ရှုခင်းကြည့်တောင်ကုန်းတွေပေါ်ကနေ ကြည့်ရတာ အားမရလို့ တုရင်တောင်ပေါ် ကနေ ပုဂံလွင်ပြင်နေဝင်ဆည်းဆာ ရှုခင်းကို ကြည့်ဖို့သွားခဲ့တယ်။ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက် ဟိုတယ် ကနေ ညနေ သုံးနာရီခွဲမှာ တုတ်တုတ်နဲ့ ထွက်တယ်။ တုရင်တောင်ကို မသွားခင် နတ်ရေကန်လို့ ခေါ်ကြတဲ့ ကျောက်ရေကန်ရှိတဲ့ သက်စိုးတောင်ကို အရင်သွားတယ်။ သက်စိုးတောင်ပေါ်တက်တဲ့လမ်းက တုရင်တောင် လမ်းကို ကျော်သွားရတယ်၊ နတ်ရေကန် နဲ့ မိနစ်နှစ်ဆယ်လောက်ကွာတဲ့ တောင်ကြောအထိ တုတ်တုတ် တက်လို့ ရပါတယ်။ နတ်ရေကန်ရဲ့ အကြောင်းကို ၂၀၂၀ ဇူလိုင်က ခရီး စဥ်မှာ ရေးခဲ့တာကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။
နတ်ရေကန်က ပြန်လာတော့ တုရင်တောင်ကို ဆက်သွားတယ်။ တုရင်တောင်အတက်လမ်းက မတ်တော့ ကားနဲ့ တက်လို့ရပေမယ့် တုတ်တုတ်နဲ့ တက်လို့မရဘူး။ ဒ့ါကြောင့်တောင်ခြေမှာ ဆိုင်ကယ် ကယ်ရီ ငှားရတယ်။ ဆိုင် ကယ်ကယ်ရီ ငှားတဲ့နေရာက ရှာဖို့မလိုဘူး၊ တောင်ခြေစျေးတန်းမရောက်ခင် သစ်ပင်ရိပ်မှာ ဆိုင်ကယ် ကယ်ရီ သမားတွေအသင့်စောင့်နေတယ်။တုတ်တုတ်လာတာမြင်တာနဲ့ထွက်ပြီးလက်ပြလိမ့်မယ်။အဲဒီအခါကျရင်စျေးမေး ပြီး ကြိုက်ရင်ငှားပေါ့။ ဧည့်သည်များတဲ့အချိန်ဆိုရင်တော့ အသွား တစ်ကြောင်းငှား၊ အပြန်ကတော့ နောက် ဧည့်သည်လာပို့တဲ့ ဆိုင်ကယ်ကိုစောင့်ပြီး ပြန်ငှားပေါ့။ ကျွန်တော်တို့ ကတော့ ညနေပိုင်းလည်းဖြစ်၊ ဧည့်သည် ပါးတဲ့အချိန်လည်းဖြစ်တော့ တောင်ပေါ်မှာ ဆိုင်ကယ်ကို စောင့်ခိုင်း ရတဲ့ အတွက် နည်းနည်းပိုပေးရတယ်။
ဆိုင်ကယ်ကယ်ရီသမားအများစုက တုရင်တောင်ခြေ ညောင်တိုရွာသားတွေပါ။ အိမ်မှာ ၊ ယာထဲမှာ အလုပ်ပါးတဲ့ အချိန် ဆိုင်ကယ်ကယ်ရီဆွဲကြတာပေါ့။ အသင်းအဖွဲ့ရယ်လို့မရှိဘူး။ တစ်ရွာတည်းသားတွေဆိုတော့ ရောက်တဲ့ အချိန်စီနီယာချိတ်ပြီး ဧည့်သည်စောင့်ပေါ့။ ဧည့်သည်ပါးတဲ့အချိန်ဆိုရင် ဂိတ်မှာ လေးငါးစီးပဲ ရှိပေမယ့် အခါကြီး ရက်ကြီးဆိုရင်တော့ ဆိုင်ကယ်များတယ်။ ကျွန်တော်တို့သွားတဲ့နေ့ကတော့ ဧည့်ပါးလွန်းလို့ ကျန်တဲ့ သူ တွေက နေ့လယ်ထဲက ပြန်ကုန်ပြီ၊ သုံးစီးပဲကျန်တော့တယ်တဲ့။
ကျွန်တော်က သင်္ကြန်တုန်းကတော့ အဆင်ပြေတယ်မဟုတ်လားလို့မေးတော့ မြို့ထဲမှာ ဧည့်သည်များပေမယ့် ဒီမှာ တော့ မဟုတ်လှပါဘူး၊ ကိုဗစ်မဖြစ်ခင်တုန်းက ဆရာမြင်စေ့ချင်တယ်။ ကျွန်တော်တို့မှာ ထမင်းတောင် အချိန် လု စားရတာ၊ မနက်လင်းအားကြီးကနေ ညမိုးချုပ်အထိ ဆွဲချက်၊ ဆိုင်ကယ်ကိုတောင် သနားတယ် လို့ ပြောတယ်။
ဆိုင်ကယ်ဆရာရဲ့ စကားက ကိုယ့်အတွက်အကောင်းဆုံးဖြစ်ခဲ့တဲ့ အရာတစ်ခုကို ပေတံအဖြစ်ထားပြီး အရာ ရာကို တိုင်းတာတတ်တဲ့ လူ့သဘာဝကို ထင်ဟပ်နေတယ်။ အခြေခံလူတန်းစားတွေက ပိုဆိုးတာပေါ့။ ကမ္ဘာ့စီးပွားရေး၊ ရေနံစျေး၊ ယူကရိန်း၊ ပထဝီနိုင်ငံရေး၊ အာဆီယံ၊ အမေရိကန်၊ အကြီးဆုံး၊ အမြင့်ဆုံး၊ အဝေးဆုံး ဆိုတာတွေက သူတို့နဲ့ အဝေးကြီး။ သူတို့ပေတံက သူတို့ နေ့စဥ်ဘဝပဲ။
တောင်ပေါ်ရောက်တော့ စောင်းတန်းအခြေမှာဈေးတန်းကိုတွေ့တယ်၊ ဒါပေမဲ့ ညနေစောင်းလာလို့ တစ်ဆိုင်ပဲ ဖွင့်တော့တယ်။ ဈေးတန်းတွေရှေ့ ဝါးလုံးတန်းထားတဲ့နောက်မှာ အမျိုးသမီးကြီး ငါးယောက် ပန်းစည်းတွေနဲ့ ၊ ဘုရားဖူးတွေ စိတ်အနှောင့်အယှက်မဖြစ်အောင် ဝါးလုံးတန်း နောက် ကနေပဲ ရောင်း ဖို့ ဂေါပကအဖွဲ့ က သတ်မှတ် ပေးထားတယ်တဲ့။ အတော်ကောင်းတဲ့အစီအစဥ်ပဲ။ဒီအမကြီး တွေ ကလည်း ညောင် တိုရွာကပဲ။ ပန်းရောင်းတဲ့ သူ က တစ်ရာကျော်လောက်ရှိတော့ ငါးယောက်တစ်ဖွဲ့ နဲ့ အဖွဲ့တွေ ဖွဲ့ထားပေးပြီး တစ်ဖွဲ့ တစ်ရက် အလှည့်ကျ ရောင်း ရသတဲ့၊ဧည့်သည်များတာနဲ့ ကြုံလည်းကိုယ့်ကံပဲ၊မလာရင် လည်း ကိုယ့်ကံပဲတဲ့။ သင်္ကြန်လို ရက်ရှည် ရုံး ပိတ်ရက် ဆိုရင်တော့ တစ်ရက် လေးငါးဖွဲ့ ရောင်းခွင့်ပေးသတဲ့။
ကျွန်တော်တို့ရောက်တဲ့နေ့ကတော့ ဧည့်သည်ပါးတဲ့နေ့၊ ဒီအမကြီးတွေ ကံဆိုးတဲ့နေ့ပေါ့။ ကျွန်တော်တို့ကိုလည်း ပန်းဝယ်ပါဦးလို့ တိုက်တွန်းတယ်။ ပြဿနာက ဒီလို ဧည့်သည်ပါးတဲ့နေ့မှာ တစ်ယောက်ဆီက ဝယ်လိုက်ရင် ကျန် တဲ့သူတွေကို အားနာရပြန်တယ်။ ဒါနဲ့ပဲ တစ်ယောက်ကို နှစ်ထောင်ဖိုးနဲ့ ငါးယောက်လုံးဆီက ဝယ်လိုက်တယ်၊ ပြီး တော့ ကျွန်တော်တို့ကတော့ ဖွယ်ဖွယ်ရာရာ ဆုမတောင်းတတ်ဘူး၊ အမကြီးတို့ပဲ ကျွန်တော်တို့ ကိုယ်စား ဘုရားမှာ လှူပေး၊ ဆုတောင်းပေးဆိုပြီး အကူအညီတောင်းတော့ ငါးယောက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဘုရားပေါ် တက်သွားကြတယ်။ တစ်ယောက်တစ်မျိုးဆုတောင်းပေးတော့ ဆုငါးမျိုးရတာပေါ့လေ။
တုရင်တောင်စေတီရင်ပြင်က သံပန်းရော, သံဆူးကြိုးပါ လူတစ်ရပ်ကျော်ကာထားတဲ့အတွက် ပတ်ဝန်းကျင် ရှုခင်း ကြည့်လို့မကောင်းဘူး၊ ဓာတ်ပုံရိုက်လို့လည်းမကောင်းဘူး၊ ဒါ့ကြောင့် ရင်ပြင်တော်ပေါ်မတက်ခင် ညာဘက် အခြမ်းမှာ ရှိတဲ့ ဂေါပကရုံးနဲ့ အလှူခံဌာနအဆောက်အအုံရဲ့နောက်ဘက် လျှောက်လမ်းရှိတဲ့နေရာကနေ နေဝင် ဆည်းဆာကို စောင့်ကြည့်ရတယ်၊ အဲဒီနေရာကနေ တောင်ဘက် တုရင်တောင်ကြောတလျှောက်၊ အနောက်ဘက် နဲ့ မြောက်ဘက် ပုဂံလွင်ပြင်ရှုခင်းတွေကိုကောင်းကောင်းမြင်ရတယ်။
ကျွန်တော်တို့ကပုဂံဆိုရင်ရှေးဟောင်းဘုရားပုထိုးစေတီတွေကပဲခရီးသွားဧည့်သည်တွေကို ဆွဲ ဆောင်နိုင်တယ်လို့ ယူဆ ခဲ့ကြတာပါ။ တကယ်တော့ တုရင်တောင်ကြောအတိုင်း ခြေလျင်တောင်တက်ခရီးသွားတာ၊ ပုဂံလွင်ပြင်ထဲ မှာ ခရီးကြမ်းစက်ဘီးစီးတာ၊ ရွာတွေမှာ Home Stay ခရီးစဥ် စီစဥ်တာ စသည်ဖြင့် နောက်ထပ်ခရီးစဥ်တွေအများ ကြီး ဖော်ထုတ်လို့ရပါသေးတယ်။ ဒါပေမဲ့ အိမ်သာမှ ဧည့်လာဆိုတဲ့အတိုင်း လောလောဆယ်ဆယ်တော့ မလွယ် လှပါဘူး။
ကျွန်တော်တို့ နေဝင်ချိန်ကိုစောင့်နေချိန်မှာ အဘကြီးတစ်ယောက်စကားလာပြောတယ်။ တုရင်တောင်ခြေ နား ရွာတစ်ရွာက ၊တောင်ပေါ်မှာ ပုတီးစိတ်၊ ပဋ္ဌာန်းရွတ်နေတာ နှစ်လကျော်ပြီတဲ့။ တောင်ပေါ်မှာပဲ ချက်ပြုတ်စား သောက် ညအိပ်တယ်တဲ့။ အသက် ခုနစ်ဆယ်ကျော်ပြီဆိုတော့ ရှေ့မီ နောက်မီ ပေါ့။ အဘကြီးက တောင်အောက် ပြန့် ထဲက ရွာတွေ၊ ဘုရားတွေကို လက်ညှိုးထိုးပြီး ရှင်းပြတယ်။ ကျွန်တော်တို့ နေရာအောက်တည့်တည့်မှာ မြကန် ရေလှောင်တမံ ကို မြင်နေရတယ်။ အရင်ကတော့ မြကန်ပေါ့။ “ မြကန်သာ တောင်ကျချောင်းတေး၊ ရေဝင်ပြေးလှည့်၊ ရေအေးကြည်စွာ၊ ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ၊ငှက်မျိုးစုံသည် … ဝတိံသာက– နန္ဒာလော” ဆိုတဲ့ မြကန် ပေါ့။ မြကန်ကို ကျန်စစ်သားမင်းကြီးတည်ဆောက်ခဲ့ပြီး ကျန်စစ်သားမင်းရေး ထိုးခဲ့တဲ့ မွန်ဘာသာနဲ့ မြကန် ကျောက်စာမှာတော့ ကန်အမည်ကို မဟာနိဗ္ဗာန် လက်ဆွဲချီကန် (မဟာနိဗ္ဗာန် လက်ဆုယ်ခိရိယ်) လို့ နာမည် ပေး ထားတယ်လို့ မှတ်တမ်းတွေမှာတွေ့ရတယ်။
တစ်ချိန်က ငှက်ပေါင်းစုံစုံ၊ ကြာပေါင်းထုံ၊ ရေအပြည့်ရှိခဲ့ပေမယ့်အခုတော့ မြကန်တမံထဲမှာ ရေနည်းနည်း ပဲရှိ တယ်၊ ဒါတောင် မိုခါမိုးကြောင့်ရေဝင်ထားတာလို့ဆိုတယ်။ အဘကြီးက ကျန်စစ်သားမင်းကြီးက တုရင် တောင် က လှမ်းမြင်နေရတဲ့ တောင်ကြော ( စာထဲမှာတော့ ပိုက်လှမ်းတောင်လို့ဆိုတယ်) နဲ့ တုရင် တောင်ဆွယ်ကို ပိတ်ပြီး မြကန်ကို ဖော်ခဲ့တာ၊လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်အထိ အဲဒီအတိုင်းပဲ။ အဲဒီအချိန်က နွေအထိကန်ထဲမှာ ရေစပ်စပ်ရှိသေးတယ်၊ ရေကျသွားတဲ့ နေရာတွေမှာ ဘူး၊ ဖရုံ၊ ပဲတောင့်ရှည်တို့စိုက်တယ်၊ နောက်တော့ မူလ ကန်ဘောင် ကို ဖျက်ပြီး တမံဆောက်လိုက်တယ်၊ ဒါပေမဲ့ ရေမနေတော့ဘူး၊ အခု ထန်းပင်ပေါက် တွေရှိတဲ့ နေရာ က အရင်က မိုးတွင်းရေမြုပ်တဲ့နေရာတွေ ပေါ့လို့ ရှင်းပြရင်း “ကျန်စစ်မင်းကြီးဖော်ခဲ့တဲ့ ကန်လေ၊ သူလိုမင်းမှ ပြင်လို့ရမှာပေါ့”လို့ ဆိုတယ်။
အဘကြီးစကားကို ကြားတော့ ရွှေစည်းခုံစေတီမှာတွေ့ခဲ့ရတဲ့ကျန်စစ်သားမင်းကြီးရဲ့ ကတိစကား “ ပြည်သူ တွေဟာ အမိရင်ခွင်မှာ ရှိတဲ့ သားငယ်လို နေထိုင်ခွင့်ရမယ်။” ဆိုတဲ့စကားကို သတိရမိတယ်။ အဘကြီးကတော့ မြကန် အကြောင်းအားပါးတရပြောနေရင်းက သူဟာ ဧည့်သည်လူစိမ်းတွေနဲ့ စကားပြောနေတယ်ဆိုတာ သတိရ သွား ပုံရတယ်။ “အခုနောက်ပိုင်း ရာသီဥတုပူ၊ မိုးလည်းခေါင်တော့ ရေမနေတော့တာလည်း ဖြစ်နိုင် တာပေါ့လေ” လို့ ပြောရင်းစကားကို အဆုံးသတ်လိုက်တယ်။
အဘကြီးနဲ့စကားပြတ်သွားတော့ နေဝင်ဆည်းဆာရှုခင်းကို ဓာတ်ပုံရိုက်တယ်။ တောင်ပေါ်ကနေမြင်ရတဲ့ ပုဂံ လွင် ပြင်ရှုခင်းက လွင်ပြင်ထဲက ဒေသခံတွေ ရင်ဆိုင်ရုန်းကန်နေရတဲ့အခြေအနေတွေကို ခဏမေ့သွားစေတဲ့အထိ လှပ လွန်းလှတယ်။ နေလုံးကွယ်၊ အမှောင်သန်းလာတော့ တောင်ပေါ်ကနေ ဆင်းဖို့ပြင်တယ်၊ မဆင်းခင် ရင်ပြင်တော် ပေါ်ြပန်တက်ပြီး ဘုရားရှိခိုးတယ်၊ ဟိုအမကြီးတွေက ဘာဆုတောင်းသွားလဲတော့မသိဘူး၊ ကျွန်တော်ကတော့ မသေခင် မြကန်ရေပြည့်တာမြင်ပါရစေလို့ပဲ ဆုတောင်းခဲ့တယ်။








Thanks for sharing. Absolutely beautiful.
LikeLike